“နားကပ်ချွတ်နေတာ လက်တုန်နေတော့ အဘွားကြီး ကြောက်လို့ တုန်နေတာလား ဆိုပြီး မောင်မြင့်သန်းက ကိုယ်တိုင် ဖြုတ်ယူခဲ့တာ” ဟု တရားလိုအဘွားအို၏ တိုင်ကြားချက်ကို ကိုးကား၍ အဆိုပါရဲစခန်း မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြန်လည်ပြောကြားသည်။
ဓားထောက်၍ ပြစ်မှု ကျူးလွန်ခဲ့သူ ဟုဆိုသူ အသက် ၁၉ နှစ်အရွယ် မောင်မြင့်သန်း သည် သင်္ဘောကျင်းရပ်ကွက် မြို့ပတ်လမ်း (ကျူးကျော်) တွင် နေထိုင်သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် မောင်နိုင်လင်းထက် သည် ယမုံနာ (၁) ရပ်ကွက် သီတာ (၂ ) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ၄င်းတို့ နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက The Voice ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
ဓားထောက်လုယက်သည်ဟု သံသယ ရှိသူ လူငယ်နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ (၂) ၊ အရှေ့ပိုင်းခရိုင်မှ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ များနှင့် ပူးပေါင်းကာ ချက်ချင်း ဖော်ထုတ်ခဲ့သောကြောင့် မှုခင်းဖြစ်ပွားပြီး ငါးနာရီ အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါ လူငယ်နှစ်ဦးကို (ပ) ၁၆၇/ ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး စစ်ဆေး ပေါ်ပေါက်ချက်ပေါ် မူတည်၍ ပုဒ်မ ပြောင်းလဲ အမှုဖွင့်နိုင်ကြောင်း အဆိုပါရဲ စခန်းထံမှ စုံစမ်းသိရှိရသည်။
www.mmdailystar.com