"ဟာ....မေမေ မရဘူးလေ....ကန့် ကွက်ပါတယ်"
သားငယ်လေးရဲ့ မကျေမနပ်နဲ့ ပြောလိုက်တဲ့ အသံကြောင့် ကျမလည်း ကိုယ့်စာလုံးကိုပြန်ကြည့်မိတယ်။ ကျောင်းပိတ်ရက်သားငယ်လေးနဲ့ ကျမနဲ့  သားမိနှစ်ယောက် အင်္ဂလိပ်စာလုံးဆက်နည်း (Scrabble) ကစားနေကြတာပါ။
"ဘာမှားလို့ လဲ သားလေးရဲ့ "
"မေမေပဲပြောတာလေ သူများဆက်ပြီးသားစကားလုံးနောက်မှာ (s) မပေါင်းကြေးဆို"
"သြော်..မေမေပြောတာက ဥပမာသားရယ် Cat လို့ တစ်ခါတည်းထည့်ရင်ထည့် သူများက Cat လို့ ရေးထားတာကို (s) လာပြီးမပေါင်းရဘူးလို့ ပြောတာပါ။ အနည်းနဲ့ အများကွာတာကလွဲပြီး ဘာအဓိပ္ပါယ်မှမပြောင်းဘူးလေ"
"ရပြီ..သားသိပြီ မေမေ"
အကင်းပါးပြီး ညဏ်ကောင်းတဲ့သားငယ်လေးက သဘောပေါက်လွယ်တယ်။ သူကNewထည့် ပြီးစီတာကို ကျမက နောက်ကနေ (s)ကပ်ပေးလိုက်တော့ (New=အသစ်) နဲ့ (News=သတင်း) ဆိုပြီး အဓိပ္ပါယ်လုံးဝကွဲလွဲသွားတာကို သူချက်ချင်းသဘောပေါက်သွားလေသည်။သားငယ်လေးက ညဏ်လဲကောင်းသည်၊ထက်လည်းထက်မြတ်သည်၊ငယ်ငယ်ကတည်းက ဖတဆိုး သားလေးမို့  ကျမတို့ မိသားစုက သားငယ်လေးအပေါ်မှာ ပိုပြီးချစ်ခဲ့ကြသလို မျှော်လင့်ချက်လည်း
အများကြီးထားကြသည်။သားငယ်လေးက ကျမတို့ မိသားစုရဲ့ အလင်းရောင်လေ။
"ညီလေးရေ..မုန့် ဝယ်လာတယ်ဟေ့"
အိမ်ရှေ့ တံခါးဝကို သူ့ အစ်ကိုသံကြားတော့ သားငယ် လှစ်ခနဲ့ ထပြေးပြီး အစ်ကို ကိုပြေးဖက်သည်။
"ဟဲ့ ..သားငယ် ဖြေးဖြေးလုပ်လေ ကိုလေးလဲကျသွားမယ်"
"ရပါတယ်မေမေရဲ့ "
ပြောမယ့်သာပြောလိုက်ရတယ် သူနည်းနည်းယိုင်မိသွားသည်။အစ်ကိုလုပ်သူ နဲနဲ ယိုင်နဲ့ နဲ့ ဖြစ်သွားတာမို့ 
သားငယ် ငိုမဲ့မဲ့ ဖြစ်သွားသည်။ သားငယ်လေးက နဂိုကတည်းကထိခိုက်လွယ်သည်။ ခံစားလွယ်သည်။ဒါပေမယ့် စိတ်ဓါတ်ပျော့ညံ့သူတစ်ယောက်တော့မဟုတ်ပေ/
သြော်ကြည့်...မျက်နှာကပျက်သွားပြီ..ကိုလေးဘာမှမဖြစ်ပါဘူးကွ..သွားမေမေနဲ့ ဆက်ကစားနေ..
ကိုလေးရေချိုးလိုက်အုံးမယ်နော်။ခဏနေတော့ရေချိုးခန်းထဲကနေ၀ုန်းကနည်း အသံကြားလိုက်ရသည်။ ကျမရော သားငယ်ပါရေချိုးခန်းရှိရာသို့ ပြေးသွားလိုက်ကြသည်။ရေချိုးခန်းထဲမှာ သားကိုကိုလေး
ခွေခွေလေးလဲနေတာကိုတွေ့ လိုက်ရသည်။ သားငယ်ကပြေးထူးတော့
"ရတယ်ညီလေး သွားသွား ကိုလေးဘာမှမဖြစ်ဘူး ဆပ်ပြာခဲဖမ်းရင်း ချိုင်းထောက်ချော်ကြတာ"
"မေမေ..သားဘာမှမဖြစ်ဘူး ညီလေးကိုသာ ခေါ်သွားပါ"
ပြောရင်းဆိုရင်း သားလတ်က သူ့ ညီဘက်သို့ မေးငေါ့ပြသည်။ သားငယ်ကိုကြည့်တော့ အံကိုတင်းတင်းကြိတ်လို့  နှုတ်ခမ်းကို တင်းတင်းစေ့ ထားလေသည်။ မျက်လုံးအိမ်တို့ တွင်လည်း
မျက်ရည်စတို့ နှင့်ပြည့်နေသည်။ကျမလည်း သားငယ်လက်ကိုဆွဲပြီး ရေချိုးခန်းကနေပြန်လှည့်
ထွက်ခဲ့ပါတယ်။ကိုကြီး၊ကိုလေး၊ကိုထွေးဆိုပြီး ကျမမှာသားသုံးယောက်ရှိပါတယ်။ ကျမကကလေးဝေး
တာမို့ သားသုံးယောက်က အသက်တော်တော်ကွာပါတယ်။ သားကြီးက စက်ရုံတစ်ရုံမှာ
ဦးစီးအရာရှိပါ။အမြဲတမ်း ရေဘင်မျက်မှန်ကိုတပ်ထားလေ့ရှိတဲ့သားကြီးက သားသုံးယောက်မှာရုပ်ရည်
အတင့်တယ်ဆုံးပါ။အဲဒီရေဘင်မျက်မှန်နောက်မှာတော့မျက်လုံးတစ်လုံးပဲရှိတော့တာပါ။ဆေးရုံတက်
ကုသပြီးတဲ့နောက်မှာသားကြီးကနယ်ဘက်သို့ ပြောင်းရွှေ့ ခဲ့တာပါ။သားကြီးနယ်ဘက်ကိုပြောင်းတဲ့ နှစ်မှာပဲ သားလတ်က အဝေးကိုလွင့်ခဲ့တာလေ။ သေသည်မသိ၊ရှင်သည်မသိ ဘာသတင်းအဆက်သွယ်မှ
မရခဲ့တာပါ။ယောက်ကျားကလည်းဆုံး သားကြီးကလဲ မျက်လုံးတစ်ဖက်လပ်၊သားငယ်လေးကလည်း
အရမ်းငယ်သေးခဲ့တာမို့  ကျမတော်တော်ကိုဒုက္ခရောက်ခဲ့ရတာပေါ့။ သားငယ်လေး သိတတ်စအရွယ်မှာ ကိုကိုလေး ပြန်ရောက်လာတယ်။ဒါပေမယ့်ခြေထောက်တစ်ဖက်တော့ပြန်ပါမလာတော့ဘူး၊စိတ်ဓါတ်ကတော့ သွားတုန်းကအတိုင်းဒေါင်ဒေါင်မြည်ပါပဲ။ သူ့ ညီအငယ်ဆုံးလေးကို တော့ တုန်နေအောင်ချစ်ရှာပါတယ်။ သူ့ လို စိတ်ဓါတ်မာအောင်အမြဲသွန်သင်တယ်။သူတစ်ခါပြောဘူးတယ်
"ကိုကိုကြီးကလည်း ဒုက္ခိတ ကိုကိုလေးကလည်း ဒုက္ခိတ သားငယ်လေးကတော့ ထက်မြတ်တဲ့ ယောက်ကျားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ် ဘယ်တော့မှမပျော့ညံ့နဲ့ တဲ့"
"သားငယ်ရေ ကိုကိုကြီးပြန်လာပြီဟေ့"
Scrabble ဆက်ကစားနေရင်း သားငယ်ခေါင်းထောင်ကြည့်လိုက်တယ်။နောက်တော့
"မေမေသားစစ်ကူတွေရောက်လာပြီနော်။"
လွှတ်ခနဲ ပြောပြီးမှ ကမန်းကတန်းသူ့ ပါးစပ်သူပိတ်လိုက်တယ်။
"သားအကြံပေးတွေရောက်လာပြီ" လို့ ပြန်ပြင်ပြောလိုက်ပါတယ်။
သားလေးကိုနားလည်ပါတယ် ကျမ မသိချင်ယောင်ဆောင်လိုက်တယ်။သားရဲ့ ခံစားချက်ကို ကျမနားအလည်ဆုံးပါ။သိပ်ပြီးခံစားလွယ်ရင်တော့ ပျော့ညံ့သွားမလားလို့ တစ်ခါတစ်လေစိုးရိန်မိသေးတယ်။
Family ဆိုတဲ့စကားလုံး ကျမထည့်လိုက်တုန်းက ကျမမျက်နှာကို ငေးငေးလေးကြည့်နေတာ ကျမသတိရတယ်။FAT ဆိုတဲ့စကားလုံး ကျမထည့်တုန်းက နောက်ကနေ her ဆိုတဲ့စကားလေးဆက်ပြီးသားငယ်တစ်ခါဂိမ်းသွားဘူးတယ်။
"ဖေဖေကြောင့်သားနိုင်တာပေါ့နော် မေမေ"
လို့ ပြောပြီးသားလေးငြိမ်သက်သွားတာမှအကြာကြီး။ကျမမျက်လုံးထဲလွန်ခဲ့တဲ့၁၀နှစ်ကျော်ကိုပြန်တမ်းတမိတယ်။ ပန်းကုန်းတစ်ကုန်းကိုင်ပြီး ရပ်နေခဲ့တဲ့ ပုံရိပ်ယောင်ပါ။စိတ်တွေကို ပြန်စုစည်းမိချိန်မှာ သားငယ်လေးဘေးမှာ သူ့ အစ်ကိုနှစ်ယောက်ခြံရံနေပါပြီ။ သားငယ်လေးစိတ်ဓါတ်တွေ တောင့်တင်း
သွားဟန်တူပါရဲ့ ။ အမူရာလည်းသွက်လာတယ် စကားလုံးတွေလည်းပြောင်မြောက်လာတယ်။
ကျမကလည်း သားငယ်လေးကိုငယ်ငယ်ကတည်းကလေ့ကျင့်ပျိုးထောင်ခဲ့တာပါ။ သားငယ်က အင်္ဂလိပ်စာလည်းကောင်းသလို ကြိုးလည်းကြိုးစားသည်။ ကျမ အားတဲ့အချိန်တိုင်းသားငယ်လေးနှင့် Scrabble ဆော့နေကြပါ။သူ့ အလှည့်ကို့ အလှည့် တက်လာတဲ့စကားလုံးတွေက
ကောင်းတာမို့ ကျမနဲ့ သားငယ်နဲ့ အမှတ်မကွာတော့ချေ။
"Fair Play နော်၊ကိုကြီးတို့ ကိုလေးတို့ ဝင်မပြောနဲ့ သားက သန့် သန့် လေးနိုင်ချင်တာဗျ"
"၀င်ပြောတဲ့လူမိန်းမမရပါစေနဲ့ ဗျာ"
"ပူမနေပါနဲ့ သားငယ်ရာ ..မင်းအစ်ကို ဒုက္ခိတနှစ်ယောက်ကို ဘယ်မိန်းမမှမယူပါဘူးကွာ..ဟဟဟ"
ကိုကိုလေးစကားအဆုံးမှာ သားငယ်တွေသွားသည်။ ကျမလည်းတော်တော်စိတ်မကောင်းဖြစ်သွားတယ်။ သူ့ အစ်ကိုတွေကို ဒုက္ခိတလို့ ပြောရင်သူကနည်းနည်းမှကြိုက်တာမဟုတ်။ အခုသူ့ အစ်ကိုတွေကိုယ်တိုင်ကပြောတော့ သားငယ်ရင်ထဲတော်တော်ထိခိုက်သွားတယ်ထင်တယ်။
စကားလုံးဆက် ကပ်ပြားကိုသားငယ်ဆက်ကြည့်ပြီး ဆက်လို့ ရမယ့်နေရာရှာကြည့်တယ်။ဟော..သူတွေ့ 
သွားပြီထင်ပါတယ်။ ကျမကြည့်လိုက်တော့ W ပွင့်နေတဲ့နေရာလေး။ ကျမလည်းအဲတစ်နေရာထဲ
ပဲဆက်လို့ ရတော့မှာပါ။ ကျမလက်ထဲမှာ ဂျိုကာ သုံးလို့ ရတဲ့ Blank ရှိနေတာသားငယ်သိလောက်တယ်။စီပြီးသားစကားလုံးတွေကို စိတ်ထဲကတွက်ကြည့်တော့ သားငယ်လက်ထဲမှာကျန်တဲ့စကားလုံးနှစ်လုံးကဘာဖြစ်မလဲ???သွားပြီ..ဒီပွဲကျမရှုံးမှန်းကျမသိလိုက်တယ်။ သားငယ်ကိုလည်း ကျမတော်တော်ချီးကျူးမိလိုက်တယ်။သားငယ်ကိုကြည့်တော့...လက်ထဲကစားလုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲပါ။ သားငယ်က သူ့ အစ်ကိုနှစ်ယောက်ကို
တွေတွေလေးကြည့်တယ်..နောက်ပြီးနံရံထက်က သူ့ အဖေဓါတ်ပုံ။"သားငယ်ဆက်လေ..
."ကိုကိုလေးဆီက တိုက်တွန်းသံထွက်လာတယ်။ သားငယ်တုတ်တုတ်မှမလှုပ်ပါ။
"ဆက်လို့ မရလို့ လားကွသားငယ်ရ"
ကိုကိုကြီးမေးတာကိုလည်းသားငယ်မဖြေပါဘူး။
"ဘာလုပ်နေတာလဲသားငယ်"
"ကိုကိုလေး လေသံကမာလာပါပြီ...သားငယ်ဘာဖြေမလဲကျမရင်မောစွာစောင့်နေမိတယ်။"
"ဆက်လို့ ရပါတယ်"
တုန်ရင်လှိုက်ခါနေတဲ့ သားငယ်အဖြေကြောင့်ကျမ ရင်ထဲစို့ သွားပေမယ့်ကျမသားငယ်ကိုဂုဏ်ယူပါတယ်။ သူမညာဘူး ဟန်မဆောင်ဘူး လိမ်ညာခြင်းကိုမုန်းတတ်အောင် ကျမ သားတွေကို ပြုစုပျိုးထောင်ခဲ့တာပါ။
"သားမဆက်ချင်ဘူး..မေမေ။ မေမေပဲဆက်လိုက်တော့။ သားဒီစားလုံးနဲ့ မဂိမ်းချင်ဘူး
ဒီစာလုံးကိုသားသိပ်မုန်းတယ်မေမေ။ဒီစားလုံးကသားအစ်ကိုနှစ်ယောက်ကိုဒုက္ခပေးခဲ့တာ။ ပြီးတော့
ဖေဖေ့ကိုရော"
သားငယ်က သူ့ လက်ထဲက စာနှစ်လုံးကို ၀ရန်တာဘက်လွှင့်ပစ်ပြီး အိမ်ခန်းထဲထွက်ပြေးသွားပါတယ်။သူ့ အစ်ကိုနှစ်ယောက်လည်း ပထမတော့ကြောင်သွားတယ် ..နောက်တော့ သားငယ်လွှင့်ပစ်လိုက်တဲ့စာလုံးနှစ်လုံးကိုလိုက်ရှာဖို့ လုပ်ကြတယ်။
"သားငယ်ဘာဖြစ်သွားတာလဲမေမေ"
"နောက်ပြီးသူလွှင့်ပစ်လိုက်တာ ဘာစာလုံးလဲ"ကိုကိုကြီးကကျမကိုမေးတယ်။
"သူ့ လွှင့်ပစ်လိုက်တာ A နဲ့ R ပါ သား။ သားတို့ ကလူကြီးတွေမို့ ခံနိုင်ရည်ရှိပေမယ့် သားငယ်က ကလေးသားသားအရွယ်ပါပြီးတော့ သားလေးက ခံစားလွယ်တယ်လေ"ကျမလည်း သားကြီးနှစ်ယောက်ကို
ပြောပြီး သားငယ်ရှိရာအိပ်ခန်းဘက်ကိုထွက်လာလိုက်တယ်။ကျမထွက်အသွားပြီးမှာပဲ
သားကြီးက သားငယ်လေးလွှင့်ပစ်လိုက်တဲ့စာလုံးနှစ်လုံးကိုကောက်ပြီး Wလွတ်နေတဲ့အကွက်မှာ
ဆက်ကြည့်လိုက်တယ်။
စကားလုံးက
(WAR) တဲ့။
(စစ်ဆိုတာဘာလဲ..စစ်သားတွေရဲ့ ဘ၀ဆိုတာဘာလဲ.....စစ်သားဇနီးမယားတွေ စစ်သားမိသားစုတွေရဲ့ 
ဘ၀ဟာဘာလဲခံစားနားလည်နိုင်ကြပါစေ...။)
PS...ဒီဝထ္ထုလေးကစာရေးဆရာ နေမိုးညိုရဲ့ ဝထ္ထုကျောရိုးပါ...ကျတော်ဇာတ်အိမ်နဲ့ ဇာတ်လမ်း၊
ဇာတ်ကောင်နဲနဲပြောင်းပြီးရေးထားတာပါကာယကံရှင်ကိုခွင့်မတောင်းပဲရေးမိတဲ့အတွက် ဒီနေရာကနေ အနူးညွတ်တောင်းပန်ပါတယ်။)
လေးစားစွာဖြင့်
www.mmdailystar.com