



တိုကျို ဒီဇင်ဘာ ၁၅
မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရုံး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံ ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း အလားအလာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီး ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ၊ ဆက်သွယ်ရေးနှင့် စာတိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံ-ဂျပန် ဆက်ဆံရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ပါဝင် ကူညီဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးပွဲကို ကျင်းပရာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူစာချုပ်နှင့် နှစ်နိုင်ငံဝန်ကြီးဌာနအကြား ကျန်းမာရေးကဏ္ဍ၌ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တို့ကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့နှင့် ဂျပန်နိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးများက နိုင်ငံတော်သမ္မတ နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က စီမံကိန်းလေးခုဖြစ်သော ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ရန်ကုန် မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေးစီမံကိန်း၊ သီလဝါဆိပ်ကမ်း အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပဲခူးအနောက်ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များအတွက် ယန်းငွေ ၆၃ ဒသမ ၂ ဘီလီယံ အကူအညီပေးမည့် အခြေအနေနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများတွင် ဂျပန်နိုင်ငံက ပါဝင်ကူညီဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့ပြင်သမ္မတကြီး ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံက ထောက်ခံကြောင်း ပြောကြား ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နှစ်နိုင်ငံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ များနှင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဖြေလျှော့ရေး၊ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ် Bilateral Investment Agreement, BIA ကို လက်မှတ်ရေးထိုး နိုင်သည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာအားကစားအသင်း အတွက် အားကစားဝတ်စုံအား ဒီဇိုင်း တီထွင်ချုပ် လုပ်ပေးခဲ့မှုနှင့် ဆူဇူကီးဆိုင်ကယ်များ လှူဒါန်းခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် နိုင်ငံတော်သမ္မတက ပြောကြား ခဲ့သည်။
www.mmdailystar.com