Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ယုံကြည်မှု တည်ဆောက်ရေးက အခြေခံဥပဒေ ပြင်ဆင်ရေးထက် ပိုအရေးကြီးဟု ဦးကိုကိုကြီးပြော

$
0
0





မန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမို ခိုင်မာစေရန်နှင့် ၂၀၁၅ ရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့စေရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း လက်ရှိအချိန်တွင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ အကြား ယုံကြည်မှု တည်ဆောက်ရေးသာ အရေးကြီးဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံရေးတွင် အရေးပါသော အင်အားစု တစ်ခုဖြစ်သည့် ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားသည်။
သို့ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် နိုင်ငံရေး ကြီးလေးကြီး တွေ့ဆုံရန် တောင်းဆိုထားပြီး တွေ့ဆုံပွဲ မဖြစ်မြောက်ပါက ရှေ့ဆက် လုပ်ဆောင်ရန် အစီအစဉ်များ ချမှတ်ထားပြီး ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့က သာယာဝတီမြို့တွင် ပြောကြားထားသည်။

ကြီးလေးကြီး တွေ့ဆုံဆွေးနွေးရေး အတွက် အလွတ်သဘော ညှိနှိုင်းရန် နိုင်ငံတော်သမ္မတရုံးက စီစဉ်လို သော်လည်း တစ်ဖက်တွင် အကဲဆတ်သည့် ပြောဆိုမှု (Emotional Speech) များ မြင်တွေ့နေရသဖြင့် လုပ်ဆောင်ရန် ခက်ခဲနေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည့် စကားလုံး၊ ပုဒ်မများမှာ ဖန်တီးထားသည် ဖြစ်၍ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အကြား ယုံကြည်မှု ရရှိပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည် ဖြစ်ကြောင်း ဦးကိုကိုကြီးက ထပ်လောင်း ပြောကြားသည်။
"ခုကတော့ Trust မရမချင်း တစ်ယောက်ကို တစ်ယောက်၊ တစ်ဖက်ကို တစ်ဖက် ပိတ်ဆို့ထားတာတို့၊ အပေါ်စီးယူ ထားတာတို့ ဆိုတဲ့ အချက်တွေက ရှိနေမှာပဲ"ဟု ၄င်းက သုံးသပ်သည်။

ရန်ကုန်မြို့ အင်လျားကန် ဟိုတယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် Conflict Resolution and Peace Building in Myanmar ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ကမ္ဘာတွင် အောင်မြင်သည့် တွေ့ဆုံဆွေးနွေးပွဲ အတော်များများမှာ လူမသိသည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်း များစွာကို ဖြတ်သန်းအပြီး တရားဝင် ဆွေးနွေးလက်မှတ်ထိုးချိန် ရောက်မှသာ လူသိလေ့ ရှိကြောင်း ဦးကိုကိုကြီးက ရှင်းပြသည်။ "အလွတ်သဘော ထိတွေ့မှုတွေ၊ ပုဂ္ဂိုလ်ရေး ယုံကြည်မှု တည်ဆောက်တာတွေ အစရှိသဖြင့် အဲဒါတွေ အများကြီး ဖြတ်သန်းဖို့ လိုတယ်လို့ မြင်ပါတယ်"ဟု ၄င်းကဆိုသည်။

ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်သည့် အချိန်မှ သုံးနှစ်တာကာလ အတွင်း အင်စတီကျူးရှင်းများ အားကောင်း မလာဘဲ လူပုဂ္ဂိုလ်များသာ အားကောင်းလာသည်ကို မြင်တွေ့ရသည်မှာ ရေရှည် တည်တံ့သည့် သဘောတူညီမှုနှင့် ငြိမ်းချမ်းရေး အတွက် အားနည်းစေကြောင်း ဦးကိုကိုကြီးက ထပ်လောင်း ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက်၊ အဖွဲ့အစည်း တစ်ရပ်အတွက် ရေးဆွဲထားခြင်း မဟုတ်ဘဲ ပြည်ထောင်စု တိုင်းရင်းသားအားလုံး အတွက် လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ကိုယ်စားလှယ် များက စနစ်တကျ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားထားသည်။

ပြည်ပအခြေစိုက် Council for Democracy in Burma အဖွဲ့ ၊ Burma Centre for Ethnics Studies အဖွဲ့နှင့် မဇ္ဈိမတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်ထိ ငါးရက်ကြာ ကျင်းပမည် ဖြစ်သည်။ 
 
 
From: The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>