White Card ကိုင်များ နိုင်ငံသားဖြစ်ရေးကိစ္စ တစ်စခန်း ထလာပြန်ပြီဖြစ်သည်။ White Card နှင့် ပတ်သက်လာလျှင် NLD ပါတီနှင့် ကြံ့ဖွံ့ပါတီတို့ နှစ်ဖက်အပြန်အလှန် အပြစ်တင်လေ့ရှိပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အကျိုးဖြစ်ထွန်းစေသော ဆုံးဖြတ်ချက်မျိုး၊ သဘောတူညီမှုမျိုး မည်သည့်အခါကမျှ ထွက်ပေါ်မလာသည်ကို တွေ့ရသည်။ ပြည်သူလူထု၏ သဘောထား၌မူ အမြင်နှစ်ဖက်လုံးပေါ်၌ ကွဲလွဲချက်များရှိသလို လက်ခံမှုများလည်း ရှိပါသည်။
NLD ပါတီမှ ကြံ့ဖွံ့ပါတီသည် ခိုးဝင်ဘင်္ဂါလီများကို White Card ထုတ်ပေး၊ မဲပေးခွင့် ပေးခဲ့သဖြင့် White Card ပြသနာမှန်သမျှသည် ကြံ့ဖွံ့ပါတီ၌ လုံးလုံးတာဝန်ရှိသည်ဟု ဆိုသည်။ ကြံ့ဖွံ့ပါတီမှလည်း White Card ဟူသည် သာမာန်ပြည်သူနှင့် ခိုးဝင်ဘင်္ဂါလီ ကွဲပြားအောင် ထုတ်ပေးထားခြင်းဖြစ်သည်။ NLD မှသာ White Card ကိုင်များ နိုင်ငံသားဖြစ်ခွင့် ရစေချင်နေပြီး ၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင် (သို့မဟုတ်) ဖျက်သိမ်းစေချင်နေသည်ဟု ပြန်လှန်စွပ်စွဲသည်။
မိမိတို့ပြည်သူများကမူ White Card များကို မည်သည့်အကြောင်းကြောင့် ထုတ်ပေးသည်ဖြစ်စေ၊ White Card များကို မဲပေးခွင့်ပြုခဲ့သည့် ကြံ့ဖွံပါတီအား အပြစ်တင်ပါသည်။ ထို့အတူ NLD မှ White Card ကိုင်များ နိုင်ငံသားဖြစ်ရေး အားပေးထောက်ခံသည် ဆိုသည့်အချက်နှင့် ၈၂ နိုင်ငံသား ဥပဒေတို့အား ဖျက်သိမ်းလိုသည့် သဘောထားတို့အားလည်း ဆန့်ကျင်ပါသည်။
သို့ဆိုလျှင် White Card အပေါ် ထားရှိသည့် ပြည်သူ့သဘောထားတို့မှာ အဘယ်နည်း။
( ၁ ) White Card များအား မဖျက်သိမ်းပစ်နိုင်လျှင်တောင်မှ White Card ကိုင်များ မဲပေးခွင့်ကို ရုတ်သိမ်းရမည်။
( ၂ ) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ နိုင်ငံများမှ မြန်မာအစိုးရအား White Card ကိုင်များ ( ဝါ ) ခိုးဝင်ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ဖိအားပေးခြင်းများကို ဆန့်ကျင်သည်။
( ၃ ) White Card ကိုင်များ နိုင်ငံသားဖြစ်ခွင့်သည် ၈၂ နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ်သင့်ပြီး ၈၂ နိုင်ငံသားဥပဒေအား ပြင်ဆင် (သို့မဟုတ်) ဖျက်သိမ်းမည့်အပေါ် လုံးဝဆန့်ကျင်သည်။
White Card ကိုင်များ မဲပေးခွင့်ပြုခဲ့သည့်အပေါ်၌ ကြံ့ဖွံ့ပါတီသည် အမှားကြီးစွာ ကျူးလွန်ခဲ့သည်ဟု မြင်သည်။ ထိုအချက်အပေါ်၌လည်း NLD ပါတီမှ ပြင်းထန်စွာ ထိုးနှက်၏။ သို့သော် ပြည်သူများ နားမလည်ရသည်က NLD ပါတီသည် White Card များအား ကြံ့ဖွံ့ပါတီမှ ထုတ်ပေး၍ White Card ကိုင်များအား မဲပေးခွင့်ပြုသည့်အပေါ် ဝေဖန်ပြစ်တင်နေသော်လည်း ၎င်းတို့ကိုယ်တိုင် White Card ကိုင်များ မဲပေးခွင့်ကို လိုလားသယောင်ပြနေခြင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်တိုင်းရင်းသားများ၏ မဲအား ကြံ့ဖွံ့ရော NLD ပါ နှစ်ပါတီလုံး မဲရရှိရန် အခွင့်အလမ်းလွန်စွာနည်းပါနေသဖြင့် White Card ကိုင်များ၏ မဲအားရယူလိုသဖြင့် ဤကဲ့သို့ White Card ကိုင်များအား နှစ်ပါတီလုံးမှ မဲပေးခွင့်ပြုစေလိုနေကြခြင်းဖြစ်သည်ဟု ဝေဖန်စွပ်စွဲမှုများလည်း ရှိနေသည်။ ဤစွပ်စွဲချက်သာမှန်လျှင် NLD ပါတီရော ကြံ့ဖွံ့ပါတီပါ ပြည်သူ့ပါတီဟု အမည်ခံထားကြသော်လည်း ပြည်သူ့အကျိုးကို ချနင်း၍ မိမိတို့အကျိုးကိုသာ ရှေ့တန်းတင်သော အတ္တပါတီများဟုသာ ဆိုရချိမ့်မည်။
ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံများက 'ရိုဟင်ဂျာ'ဟု အမည်ခံယူထားကြသော White Card ကိုင်များ (ဝါ) ခိုးဝင်ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာအစိုးရအား အစဉ်တစိုက် ဖိအားပေးနေခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်မှမူ "ရိုဟင်ဂျာ ဟူသည်မရှိ။ White Card ကိုင်များအား နိုင်ငံသားဖြစ်ခွင့်ပေးရန်သည် ၈၂ နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ်ရမည်"ဟု အတိအလင်း ပြောဆိုပြီးဖြစ်သည်။ မိမိတို့ပြည်သူများအနေနှင့် ထိုစကားအား လွန်စွာအားရပါသည်။ သို့သော် UN, OIC ကဲ့သို့သော အဖွဲ့အစည်းတစ်ချို့၊ ပြည်ပနိုင်ငံအချို့က ခိုးဝင်ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာအစိုးရအား ဖိအားပေးမှုများအား ပြည်သူလူထုက တစ်ခဲနက်ကန့်ကွက်နေကြချိန်တွင် NLD, ကြံ့ဖွံ့ပါတီများက ပြည်သူလူထုနှင့် ပူးပေါင်း၍ ၎င်းကန့်ကွက်မှုများထဲ ပါဝင်ခြင်းမရှိသည့်အပေါ်၌မူ မိမိတို့ပြည်သူများမှ လွန်စွာစိတ်ပျက်ရသည်။ ထိုပါတီများသည် ပြည်သူလူထုနှင့် ကင်းကွာနေသည်ဟု ခံစားရသည်။ ကိုယ်ကျိုးအတွက် မဟုတ်ပဲ တစ်မျိုးသားလုံးအကျိုးအတွက်ရည်ရွယ်ဆောင်ရွက်သည့် ကိစ္စများ၌ ပူးပေါင်းပါဝင်ခြင်းမရှိသော NLD နှင့် ကြံ့ဖွံ့တို့၏ အမျိုးသားရေးရပ်တည်ချက်များမှာ မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။
White Card ကိုင်များ (ဝါ) ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်၍ ပြည်သူများအဖြစ်စေချင်ဆုံးအမှန်ဆန္ဒမှာ ခိုးဝင်ဘင်္ဂါလီများကို တတိယနိုင်ငံတစ်ခု (သို့မဟုတ်) နိုင်ငံများမှ ခေါ်ဆောင်သွားရေးဖြစ်သည်။ သို့သော် UN, OIC တို့မှ ၎င်းအဆိုအပေါ် လိုလားသောသဘောထား မရှိကြသဖြင့် White Card ကိုင်များအား ၈၂ နိုင်ငံသားဥပဒေအတိုင်း စိစစ်၍ နိုင်ငံသားပြုခွင့် ပေးမည့်အပေါ်၌လည်း ထောက်ခံပါသည်။ နိုင်ငံတိုင်း၌ မိမိတို့ကိုယ်ပိုင် နိုင်ငံသားဥပဒေရှိကြသည်။ မိမိနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ကို မိမိနိုင်ငံ၏ နိုင်ငံသားဥပဒေဖြင့်သာလျှင် ဆုံးဖြတ်ရမည်ဖြစ်သည်။ State Sovereignty နှင့် Self-determination အရ မိမိတို့ နိုင်ငံသားဥပဒေအတိုင်းဆုံးဖြတ်သည်ကို မည်သည့်အဖွဲ့အစည်း၊ နိုင်ငံကမျှ ကန့်ကွက်၍ မရပါ။ ကိုယ်လိုချင်သော ပုံစံဖြစ်မလာ၍ သူတစ်ပါးနိုင်ငံ၏ ဥပဒေအား ပြင်ဆင်ရန်ကြိုးစားခြင်းသည် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးခြင်းမည်သည်။ ပြည်တွင်းမှ လူပုဂ္ဂိုလ်တစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်မှ ပြည်ပသြဇာခံ၍ သူခိုးကို ဓားရိုးကမ်းပြီး ၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ရန် ကြိုးစားလျှင် ထိုသူ (သို့မဟုတ်) ထိုအဖွဲ့အစည်းသည် အမျိုးသားသစ္စာဖောက်မှု ကျူးလွန်ခြင်းဖြစ်သည်ကို သတိပေးလိုပါသည်။
မိမိတို့ပြည်သူများ ဖြစ်စေချင်သည်မှာ NLD ရော၊ ကြံ့ဖွံ့ပါ ပြည်သူ့သဘောထားကို သိနားလည်လျက် လွှတ်တော်အတွင်း၌ ပြည်သူ့ဆန္ဒကို ပူးပေါင်းအကောင်အထည် ဖော်စေချင်ပါသည်။
ပြည်ထောင်စုလွှတ်တော်၌ White Card ကိုင်များ မဲပေးခွင့် ရုတ်သိမ်းရေးအဆိုကို တင်သွင်း၍ နှစ်ပါတီလုံးမှ ထောက်ခံစေချင်သည်။ ဒေါက်တာအေးမောင် တင်သွင်းသောအဆိုအား နှစ်ပါတီလုံးမှ ကန့်ကွက်မှုများ ရှိခဲ့ကြသဖြင့် ပြည်သူများမှ နှစ်ပါတီလုံးအား အယုံအကြည်ကင်းမဲ့လာကြခြင်းကို သတိပြုကြစေလိုသည်။ White Card ကိုင်များ နိုင်ငံသားဖြစ်ရေးအထိ ဘင်္ဂါလီဦးရွှေမောင်မှ စကားစလာသည်မှာ NLD နှင့် ကြံ့ဖွံ့တို့ အမျိုးသားရေးအားနည်း၍ မသင့်မတင့်ဖြစ်နေချိန်၌ ဘင်္ဂါလီများက ပွဲ့လန့်တုန်းဖျာခင်းသည့် သဘော မဟုတ်ပါလော။ ဒီမိုကရေစီဟူသည် ပြည်သူမှလာသည်ဟု ဆိုလေရာ ဒီမိုကရေစီဟု အမည်ခံထားသူ နှစ်ပါတီလုံး ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို အလေးထားကြစေလိုသည်။
အဆုံးသတ်ဆိုရပါလျှင် White Card အရေးနှင့် ပတ်သက်၍ NLD ပါတီ နှင့် ကြံ့ဖွံ့ပါတီတို့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို သိရှိပြီး ပြည်သူ့ပါတီစစ်စစ်များဖြစ်အောင် ကြိုးပမ်းကြစေချင်ပါသည်။ —
www.mmdailystar.com