၁၃၇၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော် လည်း အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ မှုခင်းဖြစ် စဉ်နှင့် လူသေဆုံးမှုမှာလည်း ယခင်နှစ်ကထက် နည်းပါးခဲ့ကြောင်း သိရှိရသည်။
သင်္ကြန်ပွဲတော်မတိုင်မီက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့ နယ် များတွင် ဖြစ်ပေါ်ခဲ့သော ဆူပူလုယက်မှုများ၏ နောက်ဆက်တွဲ ဂယက် များကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများပေါ်ထွက် ခဲ့သည်။ သို့သော်လည်း လုံခြုံရေးအစီအမံများ တိုးမြှင့်ချထားခဲ့မှုကြောင့် အကြမ်းဖက်မှု များ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ အေးချမ်းတည်ငြိမ်စွာဖြင့် သင်္ကြန်ပွဲတော်အား ဆင်နွှဲနိုင်ခဲ့ကြသည်။
သို့ရာတွင် ယခုနှစ် သင်္ကြန်ပွဲတော်သည် ယခင်နှစ်များကနှင့် နှိုင်းယှဉ်မည် ဆိုပါက စည်းကားမှု လျော့နည်းခဲ့ကြောင်း၊ ကောလာဟလ သတင်းများကြောင့် ရေကစားသူများ နည်းပါးသွားခဲ့သလို ရာသီဥတု ပြင်းထန်မှုကြောင့် ရေကစားမဏ္ဍပ်များတွင် လာရောက် ရေကစားသူ အရေအတွက် လျော့နည်းသွားခဲ့ပြီး ခဏတာ လာရောက်လည်ပတ်သူ များပြားခဲ့ကြောင်း ရေကစားသူများ၏ ပြောကြားချက်အရ သိရပါသည်။
ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ် . . . .
ယခင်နှစ်က ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ် အများအပြား ရှိခဲ့ပြီး အများဆုံး လာရောက်ရေ ကစားခဲ့သည့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၇ ခုသာ ရှိခဲ့ပြီး ရေ ကစားသူ ထက် လမ်းလျှောက်ပြီး ရေပက်ခံထွက်သူသာ များခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ပြည် လမ်းတွင် ရေကစားမဏ္ဍပ် သုံးခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၁၀ ခု၊ ဆရာစံလမ်း တွင် တစ်ခုရှိခဲ့ပြီး စုစုပေါင်း ရေကစားမဏ္ဍပ်ကြီး ၄၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ်များအတွက် ထုတ်ပြန်သော စည်းကမ်းပိုင်းတွင် တင်းကျပ်မှု များ ရှိခဲ့ပြီး ပေးသွင်းရသည့် စပေါ်ငွေနှင့် ရေဆက်သွယ်ခ နှုန်းထားများ ယခင်နှစ်ကထက် များပြားခဲ့သည်။ သို့သော်လည်း လက်မှတ်ခ ဈေးနှုန်းများမှာမူ ယခင်နှစ်က အတိုင်းသာ ရောင်းချခဲ့ရကြောင်း ရေကစားမဏ္ဍပ်များ ဦးဆောင်လုပ်ကိုင် သူများက ပြောကြားကြပါသည်။
"ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့ သူက များတယ်။ ရာသီဥတုက အရမ်းပူတဲ့အတွက် ရေကစားသူ နည်းသွား တာလည်း ဖြစ်နိုင် သလို ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့် လည်း အခုလို ရေကစားသူ နည်းခဲ့တာ ဖြစ်နိုင်ပါတယ်" ဟု ရေကစားမဏ္ဍပ် တစ်ခုအား ဦးဆောင်သူ တစ်ဦးက ပြောပါသည်။
"ဒီနှစ် သင်္ကြန်ကာလမှာ မှုခင်းဖြစ်စဉ်တွေ ပြီးခဲ့တဲ့နှစ်ကထက် လျော့ကျသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ခိုက်ရန်ဖြစ်ပွားပြီဆိုရင် အသုံးပြုတဲ့ လက်နက်တွေကို အရင်သိမ်းဆည်းပါတယ်။ သောက်စားပြီးမောင်းတဲ့ ယာဉ်မောင်းတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး အရေးယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ၀တ်စုံလက်နက် အပြည့်အစုံနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မူးယစ်ပြီး ခိုက်ရန်မဖြစ်ပွားအောင် အရက်သေစာ ရောင်းချတဲ့ ဆိုင်တွေကိုလည်း ထိရောက်စွာ တားဆီး အရေးယူခဲ့ပါတယ်။ မဏ္ဍပ် အ၀င်အထွက်တွေမှာလည်း ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ရဲမှူးသက်ထွန်းက ပြောကြားပါသည်။
ယခုနှစ် သင်္ကြန်ပွဲတော်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၈၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ယာဉ်တိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကြောင်း၊ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ယာဉ်တိုက်မှု ခုနစ်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ခုနစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦး ရှိခဲ့ကြောင်း၊ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ယာဉ်တိုက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ကြောင်း၊ အခြားသေမှုသေခင်းများ အနေဖြင့် သေဆုံးသူ ခြောက်ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ရန်ကုန်မြို့နည်းတူ အခြား နယ်မြို့ကြီးများတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အား အေးချမ်း စွာဖြင့် ပြီးဆုံးခဲ့ကြောင်း သိရပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သင်္ကြန်နောက်ဆုံးနေ့က မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် ရေကစားခြင်း ခေတ္တရပ်ခဲ့ရသည်မှလွဲပြီး ထူးခြားဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့၌ ပထမဆုံး ကျင်းပသော မိုင်ဒါကွင်း သင်္ကြန်ပွဲတော်မှာ အထူးတလည် စည်ကားမှု မရှိခဲ့ဘဲ လည်ပတ်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရပြီး ကန်တော်ကြီး ကရ၀ိတ် ဥယျဉ်အတွင်း ကျင်းပခဲ့သော သင်္ကြန်ပွဲတော်မှာ ဖျော်ဖြေရေး အစီအစဉ်များကြောင့် စည်ကားမှု ရှိခဲ့သည်ဟု သွားရောက်လည်ပတ်ခဲ့ သူများ၏ ပြောကြား ချက်များအရ သိရပါသည်။
နေပြည်တော် (ပျဉ်းမနား) တွင် သင်္ကြန်နောက်ဆုံးနေ့ (အတက်နေ့) ညနေပိုင်း၌ မိုးသက်လေပြင်း များ ကျရောက် ခဲ့သော်လည်း သင်္ကြန်ပွဲတော်အား စည်ကားစွာဖြင့် ကျင်းပပြီးစီးသွားခဲ့ကြောင်း အခြားနယ်မြို့ကြီးများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာဖြင့် ဆင်နွှဲနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
www.mmdailystar.com