ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဧပြီလ ၁၂ရက်နေ့ညနေမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ထွက်ခွာသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပိုအားကောင်း လာတဲ့အချိန်မှာ သွားရောက်တာဖြစ်တဲ့အပြင် ဂျပန်အစိုးရနဲ့ နိုင်ငံသားတွေက သူ့ကိုလေးစား
ကြတဲ့ အတွက် ဒီခရီးစဉ်ဟာ “ဂုဏ်ထူးဆောင် သံတမန်တစ်ဦး” သဘောမျိုးဖြစ်ပြီး ဂျပန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးတယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Temple တက္ကသိုလ်
က ပါမောက္ခ Jeff Kingston က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေက ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ လျော်ပစ်ပေး ခဲ့တဲ့အတွက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် ချေးငွေပြန်လည်ပေးအပ်နိုင်တော့မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့မှာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ သုတေသီလုပ်ခဲ့ဖူးတာကြောင့် နှစ်ပေါင်း ၂၇ နှစ်မှာ ပထမဆုံးအကြိမ် ဂျပန်နိုင်ငံကို လည်ပတ်နိုင်တာဖြစ် ပါတ ယ်။ ခရီးစဉ်အတွင်း သူသုတေသနလုပ်ခဲ့ဖူးတဲ့ ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်သလို ဂျပန်နိုင်ငံရောက် မြန်မာမိသားစုဝင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါမယ်။
ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုမှာ ရန်ကုန်တိုင်းအတွင်းက သီလဝါစက်မှုဇုန်စီမံကိန်း၊ ဂျပန် Mitzui ကုမ္ပဏီက မြန်မာ့ဆန်ဝယ်ယူဖို့ သဘောတူညီချက်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်မှာ ဆန်ကြိတ်ခွဲစက်ရုံ ၄ ခုတည်ဆောက်ဖို့ ပြင်ဆင်မှုတွေလည်းပါဝင်ပါတယ်။ အလားတူ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ပထမဆုံး စတော့ရှယ်ယာ ဈေးကွက်တစ်ခု ဖြစ်လာရေးအတွက် ဂျပန် Tokyo Stock Exchange နဲ့ Daiwa ကုမ္ပဏီတွေက ပြင်ဆင်နေပါတယ်။
www.mmdailystar.com