၁၉၉၀ မေလ ၁၄ ရက် မှတ်မှတ်ရရ ရွေးကောက်ပွဲကာလ။ မိုးကောင်း အရှေ့ခြမ်းခွင် ထဲမှာ ကျွန်တော်တို့တပ်ရင်းက လှုပ်ရှား စစ်ကြောင်း…၊ ရန်သူက KIA တပ်ရင်း ၁၂ နယ်မြေထင်တယ်၊ ကာလကြာပြီဆိုတော့ မှတ်ဉာဏ်က နည်းနည်းမွဲချင်လာပြီ။
ရွာပုန်း၊ ရွာရှောင်တွေ၊ ရန်သူ့အမာခံတွေဖေါ်ထုတ်ရင်း KIA ဝှက်ထားတဲ့ တစ်မိုးတွင်း လုံးစာ ရိက္ခာဆန်တွေကို ရှာဖွေ ဖေါ်ထုတ်လိုက်တာ ကျောက်ဂူ၊ လျှိုမြောင် အသီး သီးမှာ ဝှက်ထားတဲ့ သင်းရို့ ရိက္ခာဆန်တွေကုန်သလောက်ဖြစ် တော့မယ်။ KIA လည်း ရေရေလည်လည်တင်းနေတာပေါ့။
တစ်နေ့ KIA ဆန်တွေ ပဲ့ချိပ်တွေပေါ်တင်ရင်း ရွာပျက်တစ်ခုနားက ချောင်းဘေးမှာ ယာယီ အခြေပြုထားကြတယ်။ မနက်ဆိုထွက်ရမယ်ဆိုပါတော့။ ကျွန်တော်တို့မှာ ပဲ့ချိပ် ၁၀ စီးလောက်ပါလာတယ်။ အဲဒီပဲ့ချိပ်တွေနဲ့ ရန်သူ့ဆန်တွေ တင်ပြီး မနက်ကို မိုးကောင်းချောင်းအတိုင်း ဧရာဝတီမြစ်ရောက်အောင် စုန်ဆင်းရမှာလေ။
မှောင်ရီပျိုးစလောက်မှာ ကျွန်တော်တို့နဲ့ပါတဲ့ ပေါ်တာတွေထဲက သုံးလေးယောက် အုပ်စုတစ်စုဟာ ဖြုတ်ကိုက်ပြီး ယားလို့ကုတ်ထားတဲ့နေရာမှာ ပြည်ဖုတွေပေါက်ပြီး အနာတွေဖြစ်နေတာကို အနားမှာရှိတဲ့ ဆေးတပ်သား ကိုရဲ (အမည်ရင်းမဟုတ်) ကို သွားပြတယ်။
ကိုရဲက အဲဒီအချိန်မှာဖျားနာစစ်သည်တွေများတော့ နည်းနည်းအလုပ်ရှုပ်နေပါတယ်။ ဒါနဲ့ "ဟာ..အလုပ်ရှုပ်ရတဲ့ အထဲ ဆင့်အဝှာ အနာလုပ်နေပြန်ပြီ။ သွားသွား မအားဘူး။ ဒီမှာ ရဲဘော်တွေကို ဆေးလိုက်ထိုးရဦးမယ်ကွ.."လို့ ပြောလိုက်တော့ သူတို့အဖွဲ့ မျက်နှာ မကောင်းဘဲ ပြန်ထွက်သွားကြတယ်။
ထုံးစံအတိုင်း ကျွန်တော်ကလည်း အငြိမ်မနေနိုင်ပါဘူး။ "ကိုရဲရာ သူတို့က ကျွန်တော်တို့ ပစ္စည်းတွေကို လိုက်ထမ်းပို့ ပေးတဲ့သူတွေလေ။ ခင်ဗျားလုပ်မပေးနိုင်ဘူး ဆိုရင်တောင် ချိုချိုသာသာ ပြောပါဗျာ…"လို့ ဝင်ပြောလိုက်တယ်။
ဒီတော့ သူက "ဟေ့ကောင် ရဲကျော်သူရ..ငါတော့မအားဘူး၊ ဒီမှာလုပ်စရာအများကြီးပဲ၊ မင်းဘာသာလုပ်ပေးချင် လုပ်ပေးလိုက်၊ ငါ့လာပြောမနေနဲ့.."လို့ပြောပါတယ်။
သူ့စကားကြားရတော့ စိတ်မဆိုးဘဲ ကျွန်တော်ပျော်သွားတယ်။ သေချာအောင် "ကိုရဲ ကျွန်တော်လုပ်ပေး လိုက်ရ မလား…"လို့ ထပ်မေးလိုက်တယ်။ သူ့ဆေးပစ္စည်းတွေ ကိုင်ရမှာဆိုတော့ သူ့ခွင့်ပြုချက်ရဖို့ လိုတယ် မဟုတ်လား။ သူကလည်း လုပ်ပေးချင် လုပ်ပေးလိုက်လို့ပြောပြီး ကျွန်တော့်ကို ဆေးဝါဘူးကြီးတစ်ဘူး ညွှန်ပြခဲ့တယ်။
ဒါနဲ့ ကျွန်တော်လည်း ခုနက ပေါ်တာအုပ်စုကိုလှမ်းအော်ခေါ်လိုက်တယ်။
အနားရောက်တော့ သူတို့ခြေထောက်တွေ ညစ်ပတ်နေတာ နဲ့ ရေသွားဆေး ခိုင်းလိုက်တယ်။
ပြီးတာနဲ့ ကိုရဲပေးခဲ့တဲ့ ဆေးအိတ်ကိုဖွင့်ပြီး အနာဘေးတစ်ဝိုက်ကို အရက်ပျံနဲ့ဆေးကြော သုတ်သင်ပေးလိုက်တယ်။ "အား…စပ်တယ်ဆရာ..စပ်တယ်.."လို့ပြောတော့ "စပ်မှာပေါ့ ဗျ၊ ဒါ စစ်သားတွေအတွက် စပါယ်ရှယ် ထုတ်ပေးထား တဲ့ဆေး၊ အကောင်းစား၊ ဒါ့ကြောင့်စပ်တာ.."ဆိုပြီး ခပ်တည်တည်နဲ့ပြောလိုက်တော့..ခေါင်းလေးတဆတ်ဆတ်နဲ့ ဟုတ်ကဲ့ တဲ့။ ဟုတ်တာ မဟုတ်တာ အပထား၊ လောလောဆယ်သူတို့ စိတ်ချမ်းသာသွားရင် ပြီးတာပဲ။
အရက်ပျံနဲ့ဆေးကြောပြီးတာနဲ့ ဆေးဝါဘူးကြီးဖွင့်ပြီး တစ်ယောက်ချင်း စိတ်ရှည် လက်ရှည် လိမ်းပေးလိုက်တာ ခြေထောက်တွေမှာ ဝါကျင့်ကျင့် နီကြန်ကြန်နဲ့။ သူတို့ကိုကြည့်လိုက်တော့ ဆေးလိမ်းထားရတယ်ဆိုတဲ့အသိနဲ့ အတော်လေး စိတ်ချမ်းသာနေပုံရတယ်။
တကယ်ဆို သူတို့က ကျွန်တော်တို့ကို လိုက်ပို့ပေးတဲ့သူတွေလေ။ အဖမ်းခံရလို့ပဲ ဖြစ်ဖြစ်၊ အခကြေးငွေနဲ့ပဲ လိုက်လိုက် သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်သင့်ပါတယ်။
မိုးလင်းတော့ အခြေပြုထားတဲ့နေရာကနေ ပဲ့ချိပ်တွေနဲ့ ထွက်ကြတယ်။
ရန်သူစောင့်ချနိုင်တဲ့ နေရာမှန်သမျှ သတိ ထားပြီး ဂရုတစိုက်ရှင်းသင့်ရှင်းကြတယ်။ ပြီးရင် လှေပေါ်ပြန်တက် ထွက်ပေါ့။
မနက်စာကလည်း ဘာမှမစားရသေးတော့ ညကထမင်းကြမ်းခဲနဲ့ ခဲ၊ သဲ ဗရပွနဲ့ ကုလားပဲပြုတ်ကို ဟန်းကော တစ်လုံးထဲထည့် ရောသမမွှေပြီး ကျွန်တော် ရယ်၊ ဆေးတပ်သားကိုရဲရယ်၊ ဝှက်စာကိုင်တဲ့ စန်းလွင်ရယ် သုံးယောက် သား တစ်ယောက်တစ်လုပ် ခေါင်းချင်းဆိုင်ပြီး နှိုက်စားလာကြတယ်။
ကျွန်တော်တို့ သုံးယောက်က ဆန်အိတ်ပုံပေါ်မှာ ဖိုခနောက်ဆိုင်ထိုင်ပြီး ထမင်းစား လာကြတာ။ ကျွန်တော်တို့ နောက် ဘက်မှာက စစ်သည် သုံးလေးယောက် နဲ့ ပေါ်တာတစ်အုပ်။ ကျွန်တော်တို့ အောက် လှေဝမ်းထဲမှာက တပ်ခွဲမှူး၊ တပ် စုမှူးနဲ့ စက်လတ်သမား။ စက်လတ်သမားက နို့ဆီခွက်အခွံတစ်လုံးနဲ့ လက်ဖက်ရည်ဖျော်ပေး တာနဲ့ ထမင်း တစ်လုပ် စားလိုက် သူဖျော်ပေးတဲ့လက်ဖက်ရည်လေးနဲ့ မျှောချလိုက်ပေါ့။
ဒါနဲ့ မိုးကောင်းချောင်းအတိုင်း ပဲ့ချိတ်တွေနဲ့ ဧရာဝတီဖြစ်နဲ့ ဆုံတဲ့နေရာ ကို မျှောလာ လိုက်တာ ထမင်းလေးငါးလုပ် တောင် မဝင်သေးဘူး ကမ်းပါးကနေ ကျွန်တော်တို့ ပဲ့ချိတ်ကို အတွဲလိုက်ဆွဲလိုက်တဲ့ ဂျီ ၃၊ ဂျီ ၄ သံတွေညံသွား တယ်။
ပထဝီအငိုက် လူအငိုက်မှာ ရန်သူအလစ်ဆော်ပြီလေ။ ပွိုင့်အပါအဝင် ရှေ့ကလှေတွေကို လွှတ်လိုက်ပြီး ကျွန်တော် တို့လှေကို ဆော်တာပေါ့။ ကျွန်တော်တို့လှေမှာ ဆက်သွယ်ရေး ကြိုးကြီးတန်းလန်းနဲ့ဆိုတော့ ခွဲမှူးပါတဲ့လှေဆိုတာ သိသာနေတယ်လေ။
တဝေါဝေါနဲ့ သေနတ်သံတွေကြားတာနဲ့ တင်ပလ္လင်ခွေထိုင်လျက်အတိုင်း ကျွန်တော်ရှေ့ ကို ကိုင်းကိုင်းကြီး ကွေး လိုက်တယ်။ မှောက်လို့ကလည်းမရ၊ နောက်လှန်ဖို့ကလည်း နားထင်ဘေး၊ ခေါင်းဘေး၊ ကျောကုန်းဘေး တရွှီးရွှီး တဝှစ်ဝှစ် တဖေါက်ဖေါက်နဲ့ ကျည်က တောက်လျောက်ဖြတ်နေတော့ အဆင်မပြေနဲ့ ကျွန်တော့်ပုံစံက ဖါးဂုံညှင်းကြီး ကုလားထိုင်ပေါ်တင်ထားသလိုဖြစ်နေတယ်။ နှစ်ကုန်းတကွနဲ့။
အမေရေ…ဒီတစ်ချီတော့သွားပြီ၊ ပင်စင်ထုတ်ဖို့သာပြင်ထားပါတော့လို့ စိတ်ထဲကတွေး လိုက်မိတယ်။ အင်း ဘယ် အချိန် ငါ့ထိမလဲ၊ ထိတော့မယ်၊ ထိတော့မယ်၊ နားထင်ကို မှန်မှာလား၊ ခေါင်းကိုမှန်မှာလား၊ နံကြားကိုမှန်မှာလား၊ ပေါင်လား၊ ဒူးခေါင်းလား၊ ကိုင်းမှန်ချင်လည်း မြန်မြန်မှန်တော့ကွာတွေးနေတုန်း ကိုရဲဆီက ညဉ်းသံသဲ့သဲ့ကြား ရတယ်။
သူနဲ့ကျွန်တော်က ခေါင်းချင်းဆိုင်လျက်ကြီးလေ။ ကြည့်လိုက်တော့ ကိုရဲ ဘယ်ဘက် မျက်လုံးအပေါ်မကျတကျ လောက်မှာ ခေါင်းတစ်ခြမ်းပွင့်နေတယ်။ သူ့သွေးတွေက ကျွန်တော့်ခေါင်းမှာရွှဲလို့…။
ကျွန်တော်က ကိုရဲလို့ သူ့နာမည် တစ်ချက်ခေါ်လိုက်ရင် ထူးတာလား၊ ဘာလားတော့ မသိဘူး အီး…အင်း ဆိုပြီး တစ်ချက်ညဉ်းတယ်။ သူတစ်ခါညဉ်းလိုက်တိုင်း သူ့ပါးစပ် နဲ့ နှာခေါင်းပေါက်က စားပြီးသားထမင်းစေ့တွေ ပဲစေ့တွေက သွေးတွေနဲ့ရော ပြီး ပွက်ခနဲ ပွက်ခနဲ ထွက်ကျလာတယ်။ သူ့ဆီက ထွက်လာတဲ့သွေးအားလုံးနီးပါးက ခေါင်းချင်း ဆိုင်နေတဲ့ ကျွန်တော့် ခေါင်းပေါ်ကို ကျလာတယ်။
ခေါင်းတစ်ခြမ်းပွင့်ထွက်ပြီး တအင်းအင်း ညဉ်းနေတာတောင် ကိုရဲဟာ…. သူ့စတင်းဂန်း ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားတယ်။ သူ့သေနတ်ကိုကြည့် လိုက်တော့ မောင်းတင် လျက်ကြီး။ ကျွန်တော်အံ့သြသွားတယ်။ တကယ်တော့ သူဟာ စပစ်ပစ်ချင်းထိတာပါ။ ဘယ်လိုများ မောင်းတင်လိုက်သလဲ မသိဘူး။ စိတ်…..စိတ်…..။
အော်…စတင်းဂန်းဆိုတာက မောင်းတုံးအသေကြီး၊ ကျည်ထိုးလို့မရဘူး။ ဘုရားပွဲ က သေနတ်လိုပဲ မောင်းတင်ရတာ။ ပစ်ပြီဆိုမှ အဲဒီမောင်းတုံးကြီး က ရှေ့ကိုပြေးဆောင့် တာ။ တစ်ခါတစ်လေ ပစ်ရင်လုံးဝ မထွက်ဘူး။ သူ့ဘာသာ ကြိုး ပြတ်ပြီး ပုခုံးပေါ် ကနေ အောက်ကို ပြုတ်ကျရင် အတွဲလိုက် အကုန်ထွက်ချင်ထွက်သွားတတ်တာ။
တပြိုင်တည်းမှာ ညာဘက်မှာရှိတဲ့ စန်းလွင်ဆီက အော်သံကြားလို့ ကြည့်လိုက်တော့ နောက်စေ့ကနေတည့်တည့် ဖေါက်ဝင်ထားတာ တွေ့ရတယ်။ သူက သူ့ဂျီ ၄ ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ နှစ်ယောက်စလုံးက မရ တော့ပါဘူး။
အများဆုံး ၁၅ ယောက်လောက်ပဲ ရှိမယ့်ရန်သူက ဂျီ ၃၊ ဂျီ ၄ တွေနဲ့ချည်းပစ်တာ၊ ကိုယ့်သေနတ်နဲ့ ကိုယ်ပြန်အဆော်ခံရတာ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ မြိန်လိုက် တာ ခေါင်းကို မဖေါ်နိုင်ဘူး။ (အဲဒီကာလက မြန်မာပြည် က သူပုန်တွေထဲမှာ တပ်ကလက်နက်ကိုအသုံးပြုတာ KIA အများဆုံးလို့ထင်တယ်။)
ကျွန်တော်တို့ပဲ့ချိပ်လေးက ရေထဲမှာ လည်နေတယ်။ ပဲ့ချိပ်မောင်းတဲ့သူ ရယ်၊ ပေါ်တာ တစ်ယောက်ရယ်ကလည်း ဖြစ်ဖြစ်ချင်း On the spot ပဲ။ ကျွန်တော်တို့က လှေ အလယ်ပိုင်းလောက်က ဆန်အိတ်ပုံပေါ်မှာလေ။ လှေအရှေ့ ပိုင်းလောက်က တပ်ခွဲမှူးနဲ့ တပ်စုမှူးလည်း ၂ ယောက်စလုံး ခြေထောက်တွေ၊ ပေါင်တွေ မှန်ပြီးလဲနေကြတယ်။
ကျွန်တော်လည်း ငါတော့ တစ်ချက်မဟုတ်တစ်ချက် ထိတော့မယ် နေရာပြောင်းနိုင် ရင်ပြောင်း မပြောင်းနိုင်ရင် ဖါးဂုံ ညှင်းကြီးလိုဖြစ်နေတဲ့ ခန္ဓာကိုယ်ကိုဖြည်ချဖို့လိုတယ်လို့ စဉ်းစားမိပေမဲ့ ရှေ့ကိုကိုင်းနေတဲ့ ကိုယ်ကို နောက်ပြန်လှန် မချရဲဘူး။ နောက်ပြန်လှန်ချ လိုက်လို့ကတော့ တစ်ခါတည်းကွေးသွားမှာပေါ့။ ကျွန်တော့်နားတွေ တဝီဝီနဲ့ အူနေ လောက်အောင် မောင်မင်းကြီးသားတွေက စိတ်ကြိုက်ပစ်နေတာ။ ဘေးက ဆန်အိတ်တွေ၊ လှေနံရံတွေမှာလည်း တဖေါက်ဖေါက်နဲ့ ဆက်တိုက်ဝင်လာတာ နည်းတဲ့ အပေါက်တွေလား။
ကျွန်တော်တို့ကိုချတဲ့ကောင်တွေလည်း ချသာချရတာ ကြောက်ကြောက်နဲ့ချတာတူပါရဲ့၊ တကယ်က လှေပေါ်က ဆန်အိတ်ပုံတွေပေါ်မှာ ဘာအကာအကွယ်မှမရှိဘူး၊ ထင်းထင်း ကြီး။ ရန်သူဝပ်ပြီးပစ်နေတဲ့နေရာကနေ နည်းနည်း လေး ရှေ့တိုးထကြည့်လိုက်ရင် သူတို့ကအပေါ်စီးကဆိုတော့ ကျွန်တော်တို့ကိုမြင်ကွင်းကောင်းကောင်းနဲ့ တွေ့ရမှာ ၊ ထင်းနေမှာပဲ။
ဒါနဲ့ တင်ပလ္လင်ခွေထိုင်လျက်အနေအထားနဲ့ ဆပ်ကပ်ထဲက လို ဘေး တစ်စောင်း ဖြည်းဖြည်းချင်း ကွေးကွေးလေး ဖြည်ချလိုက်တယ်။
တိုက်ပွဲဖြစ်နေတဲ့ကြားက ကိုယ့်ဘာသာ အကွေးဖြည်ရင်း ရယ်လည်းရယ် ချင်နေတယ်။ ဖြည်ချ လိုက်တော့ လူက ပက်လက်လှန်လျက် အနေအထားဖြစ်သွားပြီ။
ကမ်းစပ်ကနေပစ်နေတဲ့ ရန်သူ့ကျည်လာရာ လမ်း အတိုင်း မြက်ပင်တွေ တရမ်းရမ်း လှုပ်နေတယ်။ ဗီယက်နမ်ကားထဲမှာ တွေ့နေကြပုံမျိုးပေါ့။
ကျွန်တော်လည်း ပေါင်ဘေးမှာချထားတဲ့ စတင်းကိုကောက်ကိုင်ပြီး မောင်းဆွဲတင်တယ်၊ မရဘူး၊ ကျပ်ထုပ်နေတာပဲ။ ကိုယ်လည်း သေနတ်ကို ဒီလောက် ပစ္စလက္ခမထားပါဘူး ဘာများဖြစ်လဲလို့တွေးရင်း ကျည်အိမ်တပ်ပေါက်နဲ့ ကပ်နေ တဲ့ ဆွဲညှစ်ရမယ့်နေရာမှာ တစ်ခုခုညှပ်နေသလားလို့ ကြည့်လိုက်တော့ လားလား ၇.၆၂ ကျည်ဖူးတစ်တောင့် ကန့် လန့်ကြီးဝင်ပြီး ညှပ်နေတယ်။ သွားပြီ ကျွန်တော့်သေနတ် ပျက်သွားပြီ၊ ပစ်လို့မရတော့ ဘူး။ သေနတ်ကိုမထိရင် ကျွန်တော်လည်း အခုလောက်ဆို ချိုင်းထောက်နဲ့ ဖြစ်နေလောက်ပြီ။
ဒါနဲ့ စန်းလွင်လက်ထဲက ဂျီ ၄ ကိုဆွဲဖြုတ်ယူပြီး ရန်သူ့ဆီရသလောက်ပြန်ပစ်တယ်။ ရန်သူက မိုးကောင်းချောင်းရဲ့ အကျဉ်းဆုံးနေရာကို ရွေးထားတာဆိုတော့ သူတို့နဲ့ ကျွန်တော်တို့လှေက ၃၅ ကိုက်၊ ကိုက် ၄၀ လောက်ပဲ ဝေးတာ။ တကဲ့နေရာကောင်းပေါ့။ သူတို့အတွက်ပြောတာ။
ဒီလိုနဲ့ အပြန်အလှန်ပစ်နေတုန်း ကျွန်တော့်အောက်ဖက်က စက်လတ်သမားက သူ့စက်လတ် မီးကာ လည်ထွက်ပြီး ရေထဲကျသွားပါရော။ သူက ကျွန်တော့်ကို ဘာလုပ်ရမလဲမေးတယ်။ ကျွန်တော်ကလည်း ဆက်ပစ်လေကွာ ဆိုတော့ ပစ်လို့မရဘူး၊ မီးကာမရှိဘဲ ဆက်ပစ်ရင် ပြောင်းကွဲသွားမယ်တဲ့။ သူ့ကို ကျွန်တော့်လက်ထဲက ဂျီ ၄ ပေးလိုက်တယ်။
ပြီးတော့ ကျွန်တော်နဲ့ မလှမ်းမကမ်းက လှေတိုင်မှာ ချိတ်ထားတဲ့ တပ်ခွဲမှူးကာဘိုင်ကို ယူဖို့ တစောင်းအနေအထားနဲ့ လှုပ်ရှားကြည့်လိုက်တယ်။ ခွေးသားများက အထက်စီးက အကုန်မြင်တယ်ထင်ပါရဲ့။ ကာဘိုင်သေနတ်ချိတ်ထားတဲ့ တိုင် တစ်ဝိုက်ကိုပြုံပြီး ပစ်ကျတာ…ဟူး မလွယ်ဘူး။
လေး၊ ငါးကြိမ်လောက်ကြိုးစားလိုက်တော့ ကာဘိုင်သေနတ် ကျွန်တော့်လက်ထဲရောက် လာတယ်။ ဒီတော့မှ ကာ ဘိုင်နဲ့ ဆက်ပစ်တယ်။ တိုက်ပွဲသံက ညံနေတော့ ကာဘိုင်သံ က နေပူထဲဖျာလှမ်းပြီး ကြမ်းပိုးရိုက်ထုတ်တဲ့ အသံ လောက်ပဲ ထွက်တော့တယ်။
ဘေးနားက နှစ်လက်မ စိန်ပြောင်းကိုင်တဲ့ကောင်လေးကိုလည်း လှေအမိုးနဲ့လွတ်အောင် ချိန်ပြီးမှ သေသေချာချာ ပစ်ဖို့ ပြောရသေးတယ်။ တကယ်က သူက စိန်ပြောင်းသမား မဟုတ်ဘူး၊ လူမရှိလို့ ခဏကိုင်ထားတာ၊ စိန်ပြောင်း လည်း မပစ်ဖူးဘူး။
အသက်ငင်နေတဲ့ ကိုရဲနဲ့ စန်းလွင်ဘေးကနေ ပစ်နေတဲ့ ကျွန်တော့်ဆီကို ရန်သူ့ကျည် တဖွဲဖွဲကျနေတဲ့ ကြားက ပေါ်တာနှစ်ယောက် တရွေ့ရွေ့ကပ်လာတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို လာကိုင်တော့ အဲဒီ လက်ကို ပုတ်ထုတ်ပစ်ပြီး ဘာလုပ် တာလဲလို့မေးလိုက်တယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သေနတ် လုမလို့လားပေါ့။
"ဟို…ဟို…ဆရာ့ခေါင်းမှာ သွေးတွေနဲ့ဆိုတော့ ဆရာမှန်ထားတယ် ထင်လို့ပါ…"တဲ့။ မနေ့ညက ကျွန်တော် ဆေးထည့်ပေးခဲ့တဲ့ ပေါ်တာတွေလေ။ ကျွန်တော် အတော်လေး စိတ်မကောင်းဖြစ်သွားတယ်။ သူက ကျွန်တော် မှန်ထားတယ် ထင်ပြီး ပြုစုလို့ ရအောင် စေတနာနဲ့ လာကြည့်တာပါ။ ဒါကို ကျွန်တော်ကလည်း တိုက်ပွဲဖြစ်နေချိန် ဆိုတော့ အထင်လွဲသွားတယ်။ "ဆောရီးဗျာ…"လို့ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ ဒီအချိန်မှာ နွဲ့နေဖို့အချိန်မရဘူး လေ။
ရန်သူက လှေကို ၇၉ နဲ့ ၄ ချက်လောက်ပစ်ပါတယ်။ ဒီလောက်နီးတာကို ၄ ချက်လုံး မထိဘဲ ရေထဲပဲကျတယ်။ ညံ့ချက်ကတော့ ၉ ကျော်တယ်။ တော်သေးတာပေါ့၊ သူတို့ ၇၉ ပစ်တာ ညံ့လို့ ကိုယ်သက်သာတာ။
ဒါနဲ့ ကျွန်တော်လည်း ကျန်တဲ့ကောင်တွေ လှေပေါ်က အမြန်ဆင်းခိုင်း ပြီး ရေထဲကနေလှေကို ကာဘာယူပြီး ပြန်ပစ် ကြတယ်။ အော် ကျွန်တော်က ဆက်သွယ်ရေးသမား စက်ကိုင်စစ်သည်ပါ။ ကျွန်တော်တို့လှေမှာက တပ်ခွဲမှူးရော တပ်စုမှူးပါမှန်ထားပြီး လှေထဲမှာလဲနေကြပြီ။ ပါလာတဲ့ ဒုတပ်ကြပ်တစ်ယောက်က လက်ဝှေ့နဲ့ Promotion ရထားတာ တိုက်ပွဲအတွေ့အကြုံ မရှိသလောက်ပဲ (နောင် Burma လက်ရွေးစင်အဖြစ်နဲ့ တရုတ်တို့ ဘာတို့မှာ သွားထိုးတဲ့ ဒုအရာခံဗိုလ်သောင်းထွန်းပေါ၊့ သူ လက်ဝှေ့ ထိုးတာ အင်မတန်လှတယ်။) ။ ကျန်တဲ့ စစ်သည်တွေက Junior တွေဆိုတော့ ကျွန်တော် အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်ကြတာပေါ့။
ရေထဲရောက်တော့ ရယ်ရတယ်။ မော်တာပစ်နေတဲ့ စစ်သည်လေးက “အစ်ကိုကြီး မထွက်တော့ဘူး၊ ဘာလုပ်ရမလဲ” လို့မေးတော့ ကျွန်တော်ကြောင်သွားတယ်။ ကျွန်တော်လည်း မော်တာသမားမဟုတ်ဘူးလေ။ ဒါပေမဲ့ “ခါကွာ… နည်း နည်း လှုပ်ပြီးခါ….ပြီးရင်ပစ်ကြည့်..” လို့ပြောလိုက် တယ်။ ကောင်လေးကလည်း ကျွန်တော်ပြောတဲ့အတိုင်းလုပ်ပြီး ပစ်ကြည့်တယ်။ “မထွက်ဘူး အစ်ကိုကြီး..” တဲ့။ ဒါနဲ့ ကျွန်တော်လည်း “မထူးဘူး..အဲဒီတစ်လုံးရေထဲသာ သွန်ချ လိုက်တော့ကွာ..” လို့ပြောလိုက်တယ်။
ကိုယ်တော်ချောက ၂ လက်မစိန်ပြောင်းကို သေနတ်ဘယ်မြှင့်ပုံစံမျိုး ပြောင်းကိုင်လိုက်ပြီး ကျွန်တော့်ဘက်လှည့်ပြီးမှ မထွက်တဲ့ ဗုံးသီးကို ကျွန်တော့်ရှေ့တည့်တည့် သွန်ချဖို့ လုပ်နေတယ်။ “ဟေ့ရောင်…နင့်မေဂလွှား..ငါ့ဘက်သွန်ချရ လားဟ…” ဆိုတော့ ဆောရီး…ဆောရီး မေ့သွားလို့တဲ့။
ဒီလိုနဲ့ ပစ်ရင်းခတ်ရင်း ကျွန်တော့်နောက်ဘက်က “ဆွဲပါဦး…ဆွဲပါဦး..” ဆိုတဲ့ အသံကြားတော့ ဒုတက သောင်းထွန်း ရေနစ်ချင်သလိုလို ဖြစ်နေတယ်။
သူ့ကြည့်ရတာ ခြေဖျားထောက်လိုက်၊ မမီတစ်ချက် မီတစ်ချက်ဖြစ် လိုက်နဲ့။ သေနတ် ကိုတော့ အပေါ်ထောင်ထားတယ်။ ဒါနဲ့ ကျွန်တော်က “ပေးပေး လက်ပေး…” လို့ပြောပြီး လက်တစ်ဖက်ကမ်းပေးလိုက်တယ်။ ဒီမှာလည်း ဘသားချော က သူ့လက်တစ်ဖက်ကို မပေးဘဲ ကျည်ထိုးပြီးသား ပစ်နေတဲ့ ကာဘိုင်ပြောင်းကို ကျွန်တော့်မျက်နှာတည့်တည့် ထိုး ပေးတယ်။ ပါးစပ်ကလည်း “ဆွဲပါဦး…ဆွဲပါဦး” နဲ့ ထပ်ပြောတယ်။
သူ့ကို ပြောနေရင် အချိန်ကုန်မှာမို့ ကျွန်တော့်ခါးကို နည်းနည်းညွတ်ပြီး သူ့ကာ ဘိုင်သေနတ်ပြောင်းကို ပခုံးပေါ်ထမ်း တင်သလို ပုံစံမျိုးနဲ့ အလယ်လောက်က ဖမ်းကိုင်လိုက်တယ်။ ပြီးမှ ဆွဲတင်လိုက်တယ်။
မဟုတ်ရင် ခြေချော်လို့ပဲ ဖြစ် ဖြစ် ယောင်ပြီးတော့ပဲဖြစ်ဖြစ် အပစ်ခလုတ်များ ဆွဲလိုက်လို့ကတော့ ကမ်းပါးက KIA ပစ်တာမထိဘဲ သောင်းထွန်း လက်ချက်နဲ့ မာလကီးယားသွားမှာ ကျိန်းသေပေါ့။
အဲဒီတိုက်ပွဲမှာ စစ်သည် ၂ ယောက်ကျတယ်၊ အရာရှိ ၂ ယောက်ဒါဏ်ရာရတယ်၊ စက်လှေသမားနဲ့ ပေါ်တာ တစ် ယောက် ကျတယ်။ စက်လှေသမားနဲ့ ပေါ်တာက ထိထိချင်း လှေအောက်ကိုပြုတ်ကျပြီး ရေစီးနဲ့မျောသွားပုံရတယ်၊ ကျွန်တော်တို့ နာရီဝက်ကျော်ကျော်လောက် လိုက်ရှာတာ မတွေ့တော့ဘူး။
တကယ်တော့ ပေါ့လို့ခံလိုက်ရတာပါ။ ဘယ်ရန်သူက ကိုယ်ထင်တဲ့ နေရာက ချမှာလဲ။ ပထဝီအငိုက်၊ လူအငိုက်လေ။ တိုက်ပွဲဖြစ်နေတဲ့ကြားက ကျွန်တော်ဒါဏ်ရာရ တယ်ထင်ပြီး ဆွဲဖို့အနားကပ်လာတဲ့ ပေါ်တာနှစ်ယောက်ကိုတော့ အား နာမိပါတယ်။
စက်လတ်သမားနဲ့ ဘေးနားက စစ်သည် ၂ ယောက်လောက်ကလည်း "ကျွန်တော်တို့လည်း အစ်ကိုခေါင်းမှန်ပြီး သွေးရူးသွေးတမ်းနဲ့ ပစ်နေတယ်လို့ ထင်တာ…"တဲ့။ နင့်မေဂလွား သွေးရူးသွေးတန်းရမှာလားလို့ ကျွန်တော်ဆဲ လိုက်ပါတယ်။
စစ်သည်တစ်ယောက်က “အစ်ကို အစ်ကို့ခေါင်းရေဆေးလိုက်ဦးလေ၊ တစ်ခေါင်းလုံးသွေးတွေချည်းပဲ၊ အစ်ကို မထိ ဘူးလား…” လို့ပြောမှ သတိရပြီး “အော်..အေးအေး၊ မထိဘူးဟ၊ ဒါ ကိုရဲသွေးတွေ…” လို့ပြောလိုက်တယ်။
စစ်သည်ကျဆုံးနှစ်ယောက်မှာ ကိုရဲ အလောင်းကတော့ နည်းနည်းရုပ်ဆိုး တယ်။ ခေါင်းတစ်ခြမ်းလုံးနီးပါး ပွင့်ထွက် သွားတာဆိုတော့ ဟက်ပက် ကြီးပေါ့။ သေတာတောင် ရုပ်ဆိုးတယ်၊ ချောတယ်ရှိသေးလားလို့ စောဒက တက်ရင် လည်း ဟုတ်ကဲ့ ရှိပါတယ်လို့ ဖြေရမှာပါပဲ။ တချို့သေနတ်မှန်တယ်သာပြောတယ် လက်ဖက်ရည်ပန်းကန်တစ်ဝက် စာလောက်တောင် သွေးမထွက်ပဲ ကွေးကွေးလေး တရေးအိပ်သလိုကျသွားတဲ့ စစ်သည်မျိုးလည်းရှိတယ်လေ။
ကိုရဲနဲ့ ကျွန်တော်က တပ်ခွဲတွေမှာတွဲဘက်သွားရင် မကြာခဏအတူတူ တာဝန်ကျလေ့ ရှိပြီး တိုက်ပွဲတော်တော်များ များမှာလည်း တွဲခဲ့ဖူးတယ်။ စစ်သားစိတ်တော်တော်ပြင်း ထန်တယ်။ တစ်ယောက်ယောက် ဒါဏ်ရာရလို့ကတော့ သူ့စတင်းဂန်းဘေးချပြီး ဒါဏ်ရာရတဲ့စစ်သည်ရဲ့ သေနတ်နဲ့ ဆော်တော့တာပဲ။
စန်းလွင်ကတော့ နောက်စေ့ကနေဝင်သွားလို့လားမသိဘူး တအူးအူးနဲ့ အသား ကုန်အော်ပြီး ၁၀ မိနစ်လောက်ကြာ တော့ ငြိမ်ကျသွားတယ်။ စိတ်မကောင်းတာက ကိုရဲရော စန်းလွင်ပါ နှစ်ယောက်စလုံး အိမ်ထောင်သည်တွေ၊ နှစ် ယောက်စလုံး ကလေးတွေနဲ့လေ။
ကျည်ဆံတွေ တဖွဲဖွဲကျနေတဲ့ကြားက ကျွန်တော်ဒါဏ်ရာရသွားတယ်ထင်ပြီး ကျွန်တော့်ကို တတ်သလောက်ပြုစုဖို့ လာဆွဲတဲ့ ပေါ်တာတွေ ကိုတော့ ကျေးဇူး တင်ပါတယ်။ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာပေါ့။
ရန်သူကိုတောင် လက်နက်ချခဲ့ရင် ငဲ့ညှာရသေးတာပဲ။ ပေါ်တာဆိုတာ ကျွန်တော်တို့ကို အကူအညီပေးပြီး လိုက်ပို့ ပေးတဲ့သူတွေမဟုတ်လား။ ပေါ့လို့တော့ မရဘူးပေါ့။ အဲဒီပေါ်တာထဲမှာလည်း ရန်သူက ပေါ်တာယောင်ဆောင်ပြီး လိုက်လာနိုင်တာပဲ။
ပြောချင်တာ မေတ္တာတရားပါ။ ကျည်ဆံတွေကြားမှာတောင် ကရုဏာရောင်ပြန် ဟပ် မေတ္တာဓာတ်တွေ ဖြန့်ကျက်ပြီး ကျွန်တော့်ဆီကို မှောက်လျက် ကလေးတက်လာကြတဲ့ ပေါ်တာတွေကို တိုက်ဆိုင်မှုရှိတိုင်း သတိရမိပါရဲ့ ။
ဒါပေမဲ့ ပေါ့လို့တော့မရဘူးနော်၊ စစ်တိုက်တယ်ဆိုတာ တရားဝင် လူသတ်ရတဲ့ အလုပ်မဟုတ်လား.....။ ။
မှတ်ချက်- စတင်းဂန်းဆိုတာ BA ၅၂ စတင်းလို့ခေါ်ပါတယ်။ နံပတ် ၁ ဓါတ်ပုံ
ထဲမှာပါတဲ့ စစ်သည်လွယ်ထားတဲ့ သေနတ်ပါ။ (မသိတဲ့သူတွေအတွက်ရှင်းပြတာပါ။)
ရဲကျော်သူရ
www.mmdailystar.com