
အာဆီယံထိပ်သီး အစည်းအဝေးနှင့် ပတ်သက်သည့် အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန် ကြေညာချက်ကို မေ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်မှ အချို့ကို ကောက်နုတ်ဖော်ပြရလျှင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များဖြစ်သော မိမိတို့သည် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း အရေးပါပြီး အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း အချိန်မီပေါ်ပေါက်လာရေး၊ အာဆီယံ အင်စတီကျူးရှင်းများ မြှင့်တင်ရေးနှင့် ၂၀၁၅ ခုနှစ်လွန် အာဆီယံအသိုက်အဝန်းအတွက် မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် မိမိတို့ အလေးထား ဆွေးနွေးခဲ့ကြကြောင်း၊ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများအပေါ် အမြင်ချင်း ဖလှယ်ကြပြီး အာဆီယံ၏ ပြည်ပဆက်ဆံရေး ပိုမိုကျယ်ပြန့်ခိုင်မာလာရေး အတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း။
မိမိတို့သည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုမြှင့်တင်ရာတွင် အာဆီယံ စည်းလုံးညီညွတ်မှု အရေးပါပုံကို အလေးထားခဲ့ကြကြောင်း၊ နိုင်ငံရေးအရ ညီညွတ်သော၊ စီးပွားရေးအရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်ယူသော အာဆီယံ အသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် အာဆီယံ စည်းလုံးညီညွတ်မှုသည် အဓိကကျသည်ကို အသိအမှတ်ပြုခဲ့ကြောင်း။
မိမိတို့သည် ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အာမခံချက်ပေးမည့် စည်းကမ်းအခြေပြု အသိုက်အဝန်းတစ်ခု ပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟု ထပ်လောင်း ပြောကြားခဲ့ကြောင်း၊ နိုင်ငံရေးနှင့် လုံခြုံရေးနယ်ပယ်၌ အာဆီယံ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဟဇာတဖြစ်ပြီး တူညီသောစံနှုန်းနှင့် တန်ဖိုးများပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟု ကတိပြုခဲ့ကြကြောင်း၊ တစ်ချိန်တည်းမှာပင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ကာကွယ်မြှင့်တင်ရေး နှင့် တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး တို့တွင် အတူတကွ ပါဝင်ဆောင်ရွက်ရန် ထပ်လောင်း ကတိပြုခဲ့ကြကြောင်း၊ ယင်းကဲ့သို့ ပါဝင် ဆောင်ရွက်ရာတွင် အာဆီယံ ပဋိညာဉ်စာတမ်းပါ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို လေးစားမှု၊ အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းမှု၊ ပြည်တွင်းရေး၌ ဝင်ရောက်မစွက်ဖက်မှုဟူသော အခြေခံမူများကို လိုက်နာကြမည်ဟု ကတိပြုခဲ့ကြကြောင်း။
မိမိတို့ဒေသတွင်းအခွင့်အလမ်းများစွာ ရှိနေလင့်ကစား များပြားသည့် စိန်ခေါ်မှုများလည်း ရှိနေသည်ကို သိရှိ သဘောပေါက်ကြကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသကို စိန်ခေါ်နိုင်ဖွယ် ရှိသော အနာဂတ် ပြဿနာများနှင့် ပတ်သက်ပြီး အင်ဒို-ပစိဖိတ်ဒေသ၌ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းမှုကို မိမိတို့ကြိုဆိုခဲ့ကြကြောင်း။
၂၀၀၇ ခုနှစ်က ပေါ်ပေါက်ခဲ့သော အာဆီယံ ပဋိညာဉ်စာတမ်းကို အကောင်အထည် ဖော်ရာတွင် အောင်မြင်မှုရရှိခဲ့သည့် အပေါ် မိမိတို့ဝမ်းမြောက် ကျေနပ်ခဲ့ကြကြောင်း၊ ထို့အတူ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း စီမံကိန်း (APSC) ၏ အောင်မြင်မှု များကိုလည်း မိမိတို့အသိအမှတ်ပြုခဲ့ကြောင်း။
အပြန်အလှန် ယုံကြည်မှုနှင့် ပိုင်နိုင်စိတ်ချမှု တည်ဆောက်ရေးအတွက် စစ်တပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို မိမိတို့အလေးထားပါကြောင်း၊ ထို့အတူ လူကုန်ကူးမှု များ၏ သဘောသဘာဝ၊ စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဒေသတွင်းရှိ ယင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အရေးပေါ် လိုအပ်ချက် ဖြည့်ဆည်းပေးရန်လည်း မိမိတို့ ထပ်လောင်း အတည်ပြုခဲ့ကြောင်း။
မိမိတို့သည် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ အာဆီယံ+၃ ဖိုရမ်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင်း၊ ထိုဖိုရမ်သည် ပြည်သူ့အုပ်ချုပ်မှု၏ ထိရောက်မှုနှင့် အကျိုးသက်ရောက်မှုမြှင့်တင်ရေး၊ အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်ရေးအတွက် ဒေသတွင်း၌ တရား စီရင်ရေး နှင့် ဥပဒေပြုရေး စနစ်များတွင် ပွင့်လင်းမြင်သာမှု မြှင့်တင်ရေးကိုလည်း အထောက်အကူပြု မည်ဟု မိမိတို့ ယုံကြည်ကြောင်း။
မိမိတို့သည် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်၌ အာဆီယံ ပါလီမန်များ ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး (AIPA) ၏ သိသာထင်ရှားသော အထောက်အကူပြုမှုကို ကြိုဆိုသလို (AIPA) ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေးပွဲများကိုလည်း ကြိုဆိုကြောင်း၊ အစည်းအဝေး၌ အကြံပြုချက်များကို ဆက်လက် အရေးယူဆောင်ရွက်သွားရန် သက်ဆိုင်ရာ ဝန်ကြီးများအား တာဝန်အပ်နှင်းထားကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ လာအိုပြည်သူ့သမ္မတနိုင်ငံ ဗီယင်ကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၃၅) ကြိမ်မြောက် (AIPA) အစည်းအဝေး၏ ရလဒ်များကို မိမိတို့စောင့်မျှော်လျက် ရှိကြောင်း။
၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း ပေါ်ထွန်းရေးအတွက် လူငယ်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အပါအဝင် သက်ဆိုင်ရာ အာဆီယံလုပ်ဖော်ကိုင်ဖက် များနှင့် မိမိတို့အကြားညှိနှိုင်း ဆောင်ရွက်မှု၏ အရေးပါမှုကို အသိအမှတ်ပြုကြောင်း။
အာဆီယံ အသိုက်အဝန်း ဖြစ်ပေါ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအားလုံးသည် မိမိတို့၏ ပြည်သူများနှင့် နောင်လာနောက်သား မျိုးဆက်သစ်များအတွက် လက်ဆုပ် လက်ကိုင်ပြသော ဖွံ့ဖြိုးတိုးတက်မှုများနှင့် ရေရှည်အကျိုးကျေးဇူးများ ဆောင်ကြဉ်း ပေးမည်ဟု မိမိတို့သဘောတူခဲ့ပြီး ဖြစ်ကြောင်း။
ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများရှိနေလင့်ကစား အာဆီယံ စီးပွားရေး အနေအထားသည် ခိုင်မာတောင့်တင်းလျက်ရှိသည်ကို မိမိတို့အသိအမှတ်ပြုထားကြောင်း၊ သို့ဖြစ်ရာ ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေးအသိုက်အဝန်းထဲ၌ သိသာထင်ရှားသော လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရေးအတွက် နိုးနိုးကြားကြား လုပ်ဆောင်ကြရန် မိမိတို့ သဘောတူခဲ့ကြကြောင်း။
ကုန်သွယ်မှု လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရာတွင် အကောက်အခွန်နှင့် နယ်စပ် ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာတောင့်တင်းစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်း အားထုတ်မှုများအပေါ် မိမိတို့ ကြိုဆိုသည့်အပြင် အာဆီယံအကောက်အခွန် အကူးအပြောင်းစနစ်၏ အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းလည်ပတ်ရေးကိုလည်း မိမိတို့ ရည်ရွယ်ထားကြောင်း၊ အာဆီယံစုပေါင်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (CIS) ဆိုင်ရာ မူဘောင် တစ်ခု ထူထောင်ရေးအတွက် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့်အတူ အာဆီယံ အရင်းအနှီး ဈေးကွက်ဖိုရမ်၏ ဖြစ်ထွန်း တိုးတက်မှုကို မိမိတို့ အသိအမှတ်ပြုပါကြောင်း။
မိမိတို့သည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ၏ အထောက်အကူပြုမှုကို အသိအမှတ်ပြုလျက် SME လုပ်ငန်းအဖွဲ့၏ SME မဟာဗျူဟာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် အာဆီယံ SME ဝန်ဆောင်မှု ဗဟိုဌာန ထူထောင်မှုတို့တွင် ရရှိသည့် အောင်မြင် ဖြစ်ထွန်းမှုများကို ကြိုဆိုပါကြောင်း။
ကွာလာလမ်ပူမြို့တော်တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော (၃၅) ကြိမ်မြောက် အာဆီယံ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများအဆင့် အစည်းအဝေး (AMAF)၊ (၁၃) ကြိမ်မြောက် အာဆီယံ+၃ စိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးများ အဆင့်အစည်းအဝေး (AMAF+3) နှင့် သုံးကြိမ်မြောက် အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများအဆင့် အစည်းအဝေး(AIMAFF) ၏ အောင်မြင်သော ရလဒ်ကို ကြိုဆိုပါကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် (၃၆) ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးများအဆင့် အစည်းအဝေး (AMAF) ကိုလည်း ကျင်းပခွင့်ရရှိရန် မျှော်လင့် ပါကြောင်း။
ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများအပေါ် တုံ့ပြန်မှုနှင့်ပတ်သက်ပြီး တုံ့ပြန်ရာတွင် အာဆီယံ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများ၏ အရေးပါပုံကို ထပ်လောင်း အတည်ပြု ပါကြောင်း၊ ထိုအရာနှင့် ပတ်သက်ပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးမှုကို အထောက်အကူပြုသော ရာသီဥတုဒဏ်ခံ စိုက်ပျိုးရေးစနစ် (CSA) ကို အသုံးပြုရန် သဘောတူညီပြီး ဖြစ်ပါကြောင်း။
ဘရူနိုင်း ဆောင်ရွက်မှုစီမံချက် (BAB) နှင့် အာဆီယံ ပို့ဆောင်ရေး မဟာဗျူဟာ စီမံချက် (ATSP) ၂၀၁၁-၂၀၁၅ အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် ဖြစ်ပေါ်တိုးတက်မှု များနှင့် ပတ်သက်ပြီး အားရကျေနပ်ပါကြောင်း။
အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်း အား ကာင်းလာစေရန်နှင့် ဒေသတွင်း ဆက်နွှယ်မှု မြှင့်တင်လာစေရန် အာဆီယံလမ်းမကွန်ရက် (AHN)၊ စင်ကာပူ-ကူမင်းရထားလမ်း ချိတ်ဆက်မှု (SKRL)၊ အာဆီယံ တစ်ခုတည်းသော လေကြောင်း ပျံသန်းရေး ဈေးကွက် (ASAM) အပေါ် ကနဦးဆောင်ရွက်မှုများ ပြီးစီးမှုအပါအဝင် ကောင်းမွန်သေချာပြီး စဉ်ဆက်မပြတ်သော ဘက်စုံသယ်ယူပို့ဆောင်ရေး ကွန်ရက် ပိုမိုကောင်းမွန်လာစေရေး အတွက် ကြိုးပမ်းသွားရန် ကတိကဝတ်ပြုကြောင်း ထပ်လောင်းအတည်ပြုပါကြောင်း။
အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာမြောက် စီမံချက် (ATSP) အကောင်အထည်ဖော် ဆောင်မှုအပေါ် ဖြစ်ပေါ်တိုးတက်မှုများကို ကြိုဆိုပြီး စဉ်ဆက်မပြတ် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းအားထုတ်မှု များကိုလည်း ချီးကျူးပါကြောင်း။
အာဆီယံဘက်စုံပေါင်းစည်းရေး (AIA) ၏ အရေးပါမှုကိုလည်း ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ညီမျှစေရာတွင် အောင်မြင်စေရန်နှင့် အာဆီယံနှင့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် နိုင်ငံများအကြား ဖွံ့ဖြိုးမှု၊ ကွာဟချက်ကျဉ်းမြောင်းလာစေသော စင်္ကြံ တစ်ခုအဖြစ် အသိအမှတ်ပြုပါကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ညီမျှစေရန် အာဆီယံမူဘောင် (AFEED) ၏အရေးပါမှုကို အသိအမှတ်ပြု လက်ခံရာတွင် အာဆီယံသည် မျက်မှောက်ကာလတွင် ဒေသတွင်း ညီမျှသော စီးပွားရေး ဖွံ့ဖြိုးမှုအဆင့်လမ်းကြောင်းအတွက် စောင့်ကြည့်သော ကိရိယာ တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း ဖော်ပြခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်နှင့် အာဆီယံ ပေါင်းစည်းမှုနှင့် အသိုက်အဝန်း တည်ဆောက်ရာတွင် အထောက်အကူပြုသော အာဆီယံ ဆက်နွှယ်မှု မဟာစီမံချက် (MPAC) အကောင်အထည်ဖော်ဆောင်မှုအပေါ် ဖြစ်ပေါ် တိုးတက်မှုကိုလည်း ကြိုဆိုပါကြောင်း။
အာဆီယံ ဆက်နွှယ်မှု မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ဆောင်မှု အပေါ် အထောက်အကူပြုလျက် ရှိသော အာဆီယံ ဆက်နွှယ်မှု ညှိနှိုင်းဆောင်ရွက်မှုကော်မတီ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း။
အာဆီယံ ပေါင်းစည်းရေးတွင် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကို အသိအမှတ်ပြုရာတွင် စီးပွားရေး ပေါင်းစပ်မှု တိုးတက်လာစေရန်နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ၂၀၁၅ သို့ ဦးတည်ရာတွင် အာဆီယံ ကနဦး ဆောင်ရွက်ချက်များအပေါ် အထောက် အကူပြုရန် အာဆီယံ စီးပွားရေး အကြံပေးကောင်စီ (ASEAMBAC) ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှု များကို ကြိုဆိုပါကြောင်းဖြင့် ပါရှိသည်။
www.mmdailystar.com