
နေပြည်တော် မေ ၁၂
မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယမန်နေ့ နံနက်(၉)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အောင်မင်္ဂလာစံပြ ဧက(၁၀၀) စိုက်ခင်းစခန်း၌ ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်လည် စွန့်လွှတ်သည့် မြေယာများအား မူလပိုင်ရှင် များထံ ယာယီပြန်လည် လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရပ်မိရပ်ဖများ၊ တောင်သူ လယ်သမားများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က တိုင်းဒေသကြီးမြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အခြေအနေများကို ရှင်းလင်း တင်ပြပြီးနောက် တိုင်းဒေသကြီး၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ ဧရာဝတီ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှူး ဦးကျော်ထင်က လယ်ယာမြေများ ပြန်လည် ပေးအပ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆက်လက် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက ပုသိမ်ခရိုင်အတွင်း ပြန်လည်စွန့်လွှတ်မြေယာ(၃၁၅၅၈ ဒသမ ၀၆)ဧကကို တောင်သူ (၃၁၁၀)ဦးသို့လည်းကောင်း၊ ဟင်္သာတခရိုင်အတွင်း ပြန်လည်စွန့်လွှတ်မြေယာ(၃၇၄ ဒသမ ၆၆) ဧကကို တောင်သူ(၈၈)ဦးသို့ လည်းကောင်း၊ မြောင်းမြခရိုင်အတွင်း ပြန်လည်စွန့်လွှတ်မြေယာ(၁၆၂ ဒသမ ၁၇) ဧကကို တောင်သူ(၄၅)ဦးသို့လည်းကောင်း၊ မအူပင်ခရိုင်အတွင်း ပြန်လည်စွန့်လွှတ်မြေယာ(၃၄၄၇ ဒသမ ၉၁) ဧကကို တောင်သူ(၆၄၂)ဦးသို့လည်းကောင်း၊ ဖျာပုံခရိုင်အတွင်း ပြန်လည်စွန့်လွှတ် မြေယာ(၅၄၃ ဒသမ ၉၇) ဧကကို တောင်သူ(၇)ဦးသို့လည်းကောင်း၊ လပွတ္တာခရိုင်အတွင်း ပြန်လည်စွန့်လွှတ်မြေယာ(၃၂၀ ဒသမ ၀၃) ဧကကို တောင်သူ(၆၂)ဦးသို့လည်းကောင်း ယာယီလုပ်ကိုင်ခွင့် ပုံစံ(၃)လွှဲပြောင်း ပေးအပ်ရာ ကိုယ်စားလှယ် တောင်သူ များက လက်ခံရယူကြသည်။
ယင်းနောက် မြေယာလက်ခံရရှိသည့် မူလပိုင်ရှင်များကိုယ်စား တောင်သူဦးစိုးနိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်း မြေယာများမှ အသုံးမပြုတော့ သည့် မြေယာများကို ပြန်လည်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များထံသို့ စိုက်ပျိုးရာသီအမီ ပေးအပ်နိုင်ရေး မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားမျှတလွတ်လပ်၍ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံကိုင်စွဲ ကျင့်သုံးလျက် ရှိပါကြောင်း၊ ဥပဒေရှုထောင့်၊ လူမှုရေးရှုထောင့်များမှ နည်းလမ်းပေါင်းစုံ စဉ်းစား၍ အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုထက်ပိုမို ကောင်းမွန်၊ ခိုင်မာ၊ မြန်ဆန်သည့်နည်းလမ်းများအား အကြံပြု ပေးလာပါကလည်း ကြိုဆိုပါကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံကာ လယ်ယာကုန်ထုတ်စွမ်းရည်ကို မြှင့်တင်ပေးရေး၊ ထွက်ရှိလာသည့် သီးနှံများအတွက် ဈေးကွက်ခိုင်မာမှု ရရှိစေရေးကိစ္စများကို မေးမြန်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဧက(၁၀၀)စံပြစိုက်ကွင်းအတွင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေး ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းအေဂျင်စီ၏ ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်ရာ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက တိုင်းဒေသကြီးအတွင်း သဘာဝဘေး ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းလွင်က အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က တိုင်းဒေသကြီးအတွင်း ဆက်လက် ဆောင်ရွက် သွားမည့်ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများအလိုက် ဒုတိယဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက ဒေသအတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအား အကောင် အထည်ဖော် ဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စား SME Agencies များ အသက်ဝင်စေရေး ကိစ္စများနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပါဝင်ပတ်သက်သူအားလုံး တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်ဖြည့်စွက် မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ပုသိမ်မြို့တွင်း လှည့်လည်ကြည့်ရှုကာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံး သိုလှောင်ရုံများသို့ သွားရောက်၍ အရေးပေါ် အခြေအနေများဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးကူညီသွားနိုင် စေရန်အတွက် လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်နှင့် အစားအသောက်များ ထုပ်ပိုးထားရှိမှု၊ အသင့်ပြင်ဆင်ထားမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ပုသိမ်စက်မှုဇုန်ရှိ DIG အထည်ချုပ်စက်ရုံသို့ ရောက်ရှိရာ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းလက်က စက်ရုံနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လိုက်လံ ရှင်းလင်း ပြသသည်။
ယင်းနောက် ဒုတိယသမ္မတသည် Hakers အထည်ချုပ်စက်ရုံသို့ ရောက်ရှိရာ စီမံမန်နေဂျာ ဒေါ်ဌေးမေက စက်ရုံဆိုင်ရာ အချက်အလက်များ၊ ကုန်ပစ္စည်းထုတ်လုပ် နိုင်မှု အခြေအနေနှင့် ပစ္စည်းအရည်အသွေးပိုင်းဆိုင်ရာ များကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုသည်။
Delta Industrial Group (DIG) ကုမ္ပဏီအနေဖြင့် ပုသိမ်စက်မှုဇုန်တွင် ရင်းနှီးတည်ဆောက်သူ အဖြစ် ၂၀၁၂ ခုနှစ်မှစတင်၍ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခဲ့ရာ DIG အထည်ချုပ်စက်ရုံအား ပြည်တွင်းရင်းနှီးငွေ ကျပ်(၁၃၆၀၆)သိန်းဖြင့် လည်းကောင်း၊ Hakers အထည်ချုပ်စက်ရုံအား နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၄ ဒသမ ၅) သန်းဖြင့်လည်းကောင်း တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင်ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ တည်ဆောက်ဆဲ အထည်ချုပ် စက်ရုံသုံးရုံနှင့် တည်ဆောက်ရန် လျာထားသော အခြားစက်မှု လုပ်ငန်း ဆယ်ခုကိုလည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်ပြီး အထည်ချုပ်စက်ရုံနှစ်ရုံမှ အလုပ်သမား (၃၅၀၀)အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်ခဲ့ကြောင်း၊ ထပ်မံဆောက်လုပ်မည့် စက်ရုံများပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း(၃၀၀၀၀)ခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်စက်မှုဇုန်အား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။
www.mmdailystar.com