Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD ပါတီကို ဝေဖန် ပါရစေ။ (ပေးစာ)

$
0
0

သတင်းတွေဖတ်ရတဲ့ အထဲမှာ စိတ်မသက်သာဆုံးက NLD ပါတီအတွင်း အကွဲအပြဲသတင်းတွေပါ။ ဘာလို့လဲ ဆိုတော့၊ ကျနော်ကိုယ်တိုင် NLD ပါတီဝင် တစ်ယောက် မဟုတ်ပေမယ့်၊ နှလုံးသားထဲကနေ လေးစားနေခဲ့လို့ပါပဲ။ ရှင်းရှင်းပြောရရင်၊ ဘယ်ပါတီဝင်မှ မဟုတ်ပါ။ ပါတီ နိုင်ငံရေးလည်း မလုပ်ပါ။ သို့သော် NLD သည်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အနှစ်နာ အခံဆုံး ပါတီ အနေနဲ့ သော်လည်းကောင်း၊ အနာဂါတ် ကာလမှာ တိုင်းရင်းသားများ နဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်မဲ့ နိုင်ငံရေး ပါတီ အဖြစ် မြင်ထားလို့ ဆက်လက် အောင်မြင် စေချင်သော စေတနာ ဖြစ်ပါတယ်။

အချင်းချင်း သဘောထား မတိုက်ဆိုင်မှု အပေါ် ငြင်းခုန်မှု (Debate) မျိုးကို မဆိုလိုပါ၊ တစ်ယောက်နဲ့ တစ်ယောက် အငြိုးအတေးထားပြီး အပြုသဘောမဆောင်တဲ့ ရန်စောင် ပုတ်ခတ် မှုမျိုးကို ဝေဖန်ချင်တာပါ။ ရန်ဖြစ်တိုင်းလဲ မကောင်းတာတော့ မဟုတ်ပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်။ သို့သော် ဖြစ်လာတဲ့ အမြင်မတူမှုမျိုးကို ပြည်သူတွေကိုယ်တိုင် ဘယ်လို ဖြေရှင်းမလဲ? ဘယ်လိုရွေးချယ်မလဲ? ဆိုတဲ့ စနစ်သာ အရေးကြီးလာသည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နတ်မောက်မြို့ (ဒီဇင်ဘာ ၈) မှာ ပြောလိုက်ပါပြီ။

"ကျွန်မ ပြောမယ်နော်။ အန်အယ်လ်ဒီတွေ မြောက်ကြွ မြောက်ကြွ လုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင်
ပြည်သူတွေအနေနဲ့ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေး
ရှိပါတယ်။ ပြောလည်းပြောပါ။
ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်
မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။"


(7Day News Journal)

ဒါပေမယ့်၊

ဒေါ်အောင်ဆန်းစုကြည် အထိ အချိန်တိုင်း တိုင်နေလို့ ပြီးနိုင်တဲ့ ကိစ္စ မဟုတ်။ ဒေါ်စု ကို အချိန်မရွေးတိုင်လို့ရတယ် ထား၊ ဒေါ်စု မရှိတော့တဲ့ အချိန် ဘယ်သူ့ကို တိုင်မလဲ? ဒေါ်စု ရဲ့ သက်တမ်း အတွင်းမှာပဲ နိုင်ငံရေးပါတီ အဖြစ် ရပ်တည်မယ် လို့တော့ မထင်ပါ။ လူအပေါ် မှီခိုပြီး ရပ်တည်တာထက် မူ (စနစ်) တခုအပေါ် ရပ်တည် နိုင်လျှင် ရေရှည် အတွက် အလုပ်ပို ဖြစ်မယ် လို့ ယူဆပါတယ်။

နောက် တခုက…

ဖြစ်လာတဲ့ ပြဿနာ တိုင်းကို ဗဟိုကို တိုင်မယ်၊ ဗဟိုက ဖြေရှင်းပေးမှ ရမယ်…. ဆိုတဲ့ သဘောတရားကို သိပ်သဘောမကျပါ။ အောက်ခြေမှာ လူထုတွေ ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ စနစ်တစ်ခု တည်ဆောက် ခိုင်း စေချင်သည်။ ဒေသခံများ ကိုယ်တိုင် သူတို့ ပြဿနာ သူတို့ ဖြေရှင်းဖို့ နည်းလမ်း တစ်ခုကို တတ်သိ ပညာရှင်များနှင့် စနစ်တကျ မူချမှတ်ပြီး လုပ်ဆောင်သင့်ပါသည်။

တစ်ပါတီ စနစ်ရဲ့ ဆိုးကျိုးများကို ခါးသီးစွာခံခဲ့ရပြီးနောက်၊ မြန်မာ နိုင်ငံသားများ အားလုံး ၁၉၈၈ အရေးအခင်းမှာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးဖို့ တောင်းဆိုခဲ့ကြသည်။ ပါတီစုံရဲ့ သဘောတရားသည်၊ ကွဲပြားခြားနားတဲ့ သဘောထားအမြင်များကို လက်ခံ ကျင့်သုံး ခြင်းဖြစ်သည်။ သို့သော် တပြိုင်ထဲ အားလုံး လုပ်လို့ မဖြစ်၊ ပြည်သူက အကောင်းဆုံး ကို ရွေးချယ်ကျင့်သုံးဖို့ ပင် ဖြစ်သည်။

ထိုနည်းတူ၊ နိုင်ငံရေး ပါတီတိုင်းတွင်လဲ၊ ကွဲပြားခြားနားတဲ့ သဘောထားအမြင်များစွာ ရှိနေမှာ အမှန်ပါ။ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်လည်း ရှိရပါမည်။ ထို့ကြောင့် ပါတီအထဲတွင်လဲ ပြည်သူများကို ရွေးချယ်ပိုင်ခွင့် ပေးရန် အင်မတန် အရေးကြီးပါသည်။ လူပုဂ္ဂိုလ် တစ်ဦးနဲ့ တစ်ဦး တကိုယ်ရည် အစွမ်းများလဲ မတူပါ။ တစ်ချို့က အဟောအပြောကောင်းပြီး၊ လက်တွေ့ အလုပ်မဖြစ်၊ တချို့က အများပြည်သူကြားမှာ အလုပ်နဲ့ လက်တွေ့လုပ်နိုင်သူများရှိသည်။ ထို့ကြောင့်၊ အပြောနဲ့ အလုပ် ညီပြီး အလုပ်လုပ်နိုင်မဲ့လူကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်သင့်သည်။

ထိုသို့ ရွေးချယ်ခံဖို့ နိုင်ငံရေး ခေါင်းဆောင်များလဲ အဆင်သင့် ဖြစ်နေရမည်။ မေးမြန်းသမျှ ဖြေပေးဖို့လဲ အဆင်သင့် ဖြစ်နေရမည်။ ထိုသို့ အောက်ခြေမှ ရွေးကောက်တင်မြောက်တဲ့ ပါတီ ခေါင်းဆောင်များ ရှိမှသာ စစ်မှန်တဲ့ နိုင်ငံရေး ခေါင်းဆောင်များ ပေါ်ထွက်လာမှာဖြစ်ပြီး၊ ပါတီ အတွင်းတွင်လဲ မကျေနပ်မှု ကင်းရှင်းသွားမည်သာ ဖြစ်သည်။

အချင်းချင်း အမြင်မတူမှု အပေါ် စိတ်ရှည် သီးခံတတ်ဖို့၊ လက်ခံနိုင်မှုစွမ်းရည်မြင့်တက်လာဖို့၊ ညှိနှိုင်း တိုင်ပင်တတ်ဖို့၊ အရှုံးကိုရင်ဆိုင်ရဲဖို့၊ ပြိုင်ဖက်ရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူတတ်ဖို့၊ လေးစားတတ်ဖို့ ပါတီအတွင်း ဥပဒေ ကဲ့သို့ အာဏာတည်သော စနစ် တခု ခိုင်ခိုင်မာမာ တည်ဆောက်ဖို့လိုသည်။ ထိုသို့ စနစ်တခု ခိုင်မာလာမှသာ ပြည်သူများကို ချပြတတ်တဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်များ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ အထက်ဖါးအောက်ဖိ ပုံစံနဲ့ ရပ်တည်လာရင်တော့ ရေရှည်တွင် အာဏာရှင် ပါတီ ဖြစ်လာမှာ မလွဲပါ။

NLD ပါတီ အနေနဲ့ ဆက်လက်ပြီး အရှည်တည်တန့်ခိုင်မြဲတဲ့ ဒီမိုကရေစီ ဘက်တော်သားများ၊ လူထု ချစ်တဲ့ နိုင်ငံရေး ခေါင်းဆောင် ကောင်းများ ပေါ်ထွန်းဖို့ရန် အစဉ်မျော်ကိုးလျှက်။

ဒူဝါ
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>