
“တောက်... တော်တော်နေရာတကာပါတဲ့သူတွေ။”
ဇော်မောင် တစ်ယောက် အသံကျယ်ကျယ်နှင့် တောက်ခေါက်ပြီး ပြောလိုက်သံကြောင့်
ကျနော် လန့်ဖျတ်သွားပြီး လှည့်ကြည့်မိသည်။
“ဘာဖြစ်တာလဲ ဇော်မောင်ရာ အလန့်တကြားနဲ့ ဒီမှာ ဖေ့စ်ဘုတ်က သတင်းလေးတွေ ဖတ်နေတာတောင် ဇိမ်ပျက်သွားပြီ။”
“ဘာဖြစ်ရမလဲကွ။ ဒီမှာလေသတင်းစာက လွှတ်တော်ထဲမှာ စစ်တပ်ကလူတွေ အမိန့်သားထိုင်နေတဲ့ ပုံကြည့်ပြီး ဒေါသထွက်နေတာ။”
“ဟ..သူဘာသာသူထိုင်တာ ဘာဖြစ်တုန်းကွ။ ကျနော်ကမေးလိုက်ရာ”
“ဖြစ်ရမယ်ကွ။ နေရာတကာကိုပါတယ်။ ဘာလဲ စစ်တပ် စစ်တပ်နေရာနေပါ့။ နိုင်ငံရေးလည်းပါ။
ဟိုနေရာလည်းပါ။ ဒီနေရာလည်းပါနဲ့။ ကြည့်လို့ကို မရဘူး။” ဇော်မောင်က မှုန်ကုပ်ကုပ်ဖြင့် ဆိုသည်။
“ဟဟဟဟ။ ပါသင့်လို့ ပါတာပေါ့ကွာ။ အချိန်တန်ရင် ပျောက်သွားမဲ့ လူတွေပါ”
“မပျောက်ဘဲ ပါပါနေလို့ ပြောနေတာကို ကွ မင်းကလည်း ကိုယ့်နေရာကိုယ် ပြန်နေပါလား စစ်တန်းလျား။”
“မင်းကလည်း အဲတာပဲပြောနေ။ ဒါဆို စစ်တပ်က ရေကြီးတော့လည်းပါ။ ရေလိုတော့လည်းပါ။ ဒါတွေကျ
နေရာတကာပါတယ် ပြောပါလား။”
ကျနော်ပြောလိုက်တာကြောင့် ဇော်မောင်တစ်ယောက် ငိုင်သွားပြီး
“ဘာလဲဟ ရေကြီးလည်းပါ။ ရေလိုလည်းပါ ဆိုတာ။”
“သတင်းစာမဖတ်ဘူးလား။ မိုးရာသီရောက်ရေကြီးတော့ ဟိုနေရာ စိမ်းစိမ်း။ ဒီနေရာ စိမ်းစိမ်းနဲ့
အဲ စစ်သားတွေပဲလေ။ ရေဘေးဒုက္ခသည် တွေကို ကူညီနေတာ။ ဟိုအထုပ်ဆွဲ။ ဒီအထုပ်သယ်နဲ့။
အဲစိမ်းစိမ်း စိမ်းစိမ်းတွေပဲလေကွာ။ အေး ခုနွေရောက်တော့လည်း ရေရှားပါးတဲ့ အရပ်တွေမှာ ရေတွေကို ကားနဲ့ လိုက်ဝေနေတာ အဲစစ်သားတွေပဲ။ မင်းလည်း သတင်းစာ ဖတ်နေတာ တွေ့မှာပေါ့။
နောက်ပြီး ငါတို့ လမ်းထဲက ဖျားနာနေထိုင်မကောင်း မျက်စိမမြင် သက်ကြီးရွယ်အိုတွေ
ဟိုတလောက စုစု စုစုနဲ့ လုပ်နေတာ မင်းပြောသေးတယ်လေ။ ဘာလုပ်တာလဲ မသိဘူးဆိုပြီး။ အေးအဲတာ
စစ်ဗိုလ်ဆရာဝန်တွေ နယ်လှည့်ပြီး အခမဲ့ လိုက်ကုတာလေ။ ဒါကျတော့ နေရာတကာပါတယ် ပြောပါလား သူငယ်ချင်းရ ”
“ဟ...ဒါကတော့ ပြည်သူကို ဒုက္ဒရောက်ရင် ကူညီရမှာပေါ့။ ပြည်သူ့တပ်မတော်သားဆို” ဟု ဇော်မောင်က စောဒကတက်သည်။
“ဟဟဟ..ဒါကျတော့ ကူညီရမယ်တဲ့ ပြောတတ်ပါ့ ဇော်မောင်။ အေး..လွှတ်တော်ထဲ စစ်သားတွေရောက်နေတာလဲ။ ပြည်သူကို ကူညီနေတာပဲလေကွာ။ ငါတို့နိုင်ငံရေးအပြောင်းအလဲမှာ စစ်တပ်ကို ချက်ချင်း ဖယ်ထုတ်လို့ မရဘူးကွ။ ငါတို့ လာတာ စစ်တပ်ကအုပ်ချုပ်တဲ့စနစ်ကလာတာ။ လိုအပ်နေသေးလို့ သူတို့ လွှတ်တော်ထဲ နေတယ်။ ဒါကို အပြစ်မပြောနဲ့ကွ။ အေးမလို အပ်တဲ့အချိန်မဖယ်ပေးမှ ပြော သူငယ်ချင်း။ အဲအချိန်ကျငါလည်း လက်ခံတယ်။”
“အေးမဖယ်ပေးဘယ်လို လုပ်မလဲ။ နေရာတကာပါချင်တဲ့ သူတွေလေကွာ။” မယုံမရဲ လေသံဖြင့် ဇော်မောင်က သူ့ဘက်က မလျှော့ဘဲပြောလိုက်သေးသည်။
ကျနော်ဘာမှ ရှည်ရှည်ဝေးဝေး ပြန်မပြောတော့။ ဒီလိုလူတွေက ဒီအတိုင်းပင်။ ကိုယ့်ဘက်ကမနိုင်လျှင်တောင် မလျှော့တတ်။ တစ်ခွန်းပဲ ပြန်ပြောလိုက်သည်။
“စောင့်ကြည့်ပေါ့။ ”
ဇော်မောင် ဘာမှ မပြောတော့။ အသံတိတ်ပြီး သတင်းစာ ဆက်ဖတ်နေတော့သည်။ ကျနော်လည်း ဇော်မောင်ပြောမှ စစ်တပ်ကို နေရာတကာပါတယ်ဟု
ရေးနေ ပြောနေကြတဲ့ အပေါ် တွေးမိသည်။ လွှတ်တော်ထဲမှာ လိုအပ်ချက်အရ စစ်တပ်က နေရာယူထားမှုအပေါ် တချို့က အပြစ်ပြောနေကြသည်။ ရေကြီးလည်း စစ်တပ်။ ရေလိုလည်း စစ်တပ်။ဆေးကုလည်း စစ်တပ်။ လုပ်အားပေးလည်း စစ်တပ်။ ဒီလိုကိစ္စတွေမှာ စစ်တပ်ကပါနေမှု အပေါ်တော့ဘာအသံမှ မကြားရ။ တခြားနိုင်ငံတွေမှာ လည်း ရှိပါသည်။ သဘာဝဘေးကြုံလာသည့် အခါ စစ်တပ်က ၀င်ရောက်ကူညီမှုတွေ။ သို့သော် ဒါကလည်း တော်တော်ဆိုးဆိုးရွားရွား ဖြစ်မှသာ ကူညီခြင်း ဖြစ်သည်။ ခုလို စစ်တပ်က ရေလိုလို့ ကားနဲ့ ရေလိုက်ဝေတာ။ မီးလောင်လို့ ၀ိုင်းငြှိမ်းပေးတာ။
လမ်းမကောင်းလို့ လုပ်အားပေးဝင်ပြင်ပေးတာ။ နယ်လှည့်ပြီး ဆေးကုပေးတာတွေ တော့ တခြားစစ်တပ်တွေမှာမကြားမိ။ နေရာတကာပါတဲ့စစ်တပ်ရယ်ဆိုပြီး ဇော်မောင်လို့
ပြောတတ်တဲ့လူတွေဆီကလည်း ခုလို နေရာတကာပါပြီး ကူညီနေတဲ့ အပေါ် မကူညီပါနဲ့ လို့
ပြောသံမကြားရ။ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်တဲ့ သူတွေ ဒါမျိုးကျ အသံတိတ်နေကြသည်။
သြော်...တတ်လည်း တတ်နိုင်တဲ့ နိုင်ငံရေးလောကပါလား ဆိုပြီး သံဝေဂရမိသည်။
www.mmdailystar.com