‘‘Stealth Technology ကိုယ်ပျောက်ဒီဇိုင်းနည်းပညာလို့ ခေါ်တယ်။ သင်္ဘောရဲ့ဆေးရောင်ကအစ ရေဒါဖမ်းလို့မရအောင် လုပ်ထားတာ။ ဒါနဲ့ဆို သုံးစီးရှိပြီ’’ ဟု
ပို့ဆောင်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
ဖရီးဂိတ်စစ်ရေယာဉ်သစ် ရေချပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့လည်း တက်ရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့တပ်မတော် (ရေ)မှ ဖရီးဂိတ် သင်္ဘောနှစ်စီး ၀ယ်ယူခဲ့ကြောင်း သတင်းရရှိသည်။ ယခုရေချသော ဖရီးဂိတ်သင်္ဘောကို ဆင်ဖြူရှင်ဟု အမည်ပေးထားပြီး ပြည်တွင်း၌ တည်ဆောက်သော ရေယာဉ်ဖြစ်ကာ သင်္ဘောကိုယ်ထည်အမှတ်အသားမှာ F-14 ဖြစ်သည်။ ယခင်တပ်မတော် (ရေ) မှ တည်ဆောက်ခဲ့သော ဖရီးဂိတ် သင်္ဘောနှစ်စီး၏ ကိုယ်ထည်အမှတ်အသားမှာ F-11 နှင့် F-12 တို့ဖြစ်သည်။
ကိုယ်ထည်အမှတ် F-11 သင်္ဘော အောင်ဇေယျ ဖရီးဂိတ်သင်္ဘောကို ၂၀၁၁ ခုနှစ်တွင် စတင်အသုံးပြုနေပြီး F-12 သင်္ဘောမှာ မကြာမီအသုံးပြုတော့မည်ဖြစ်၍ ယခုရေချသော F-14 သင်္ဘောမှာမူ တာဝန်ထမ်းဆောင်ရန် အနည်းဆုံး ခြောက်လမှ တစ်နှစ်ထိ ကြာဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့တပ်မတော် (ရေ)၏ မတ်လ ၂၂ ရက်၌ ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုတွင် ဖရီးဂိတ် သင်္ဘောသုံးစီးပါဝင်ခဲ့သည်။
ဖရီးဂိတ် သင်္ဘောများ၏ ကိုယ်ထည်အမှတ်အသားများဖြစ် သော F-11, F-12 နှင့် F-14 တို့မှာ မြန်မာ့တပ်မတော် (ရေ) တွင် ဦးစီးချုပ်တာဝန်ထမ်းဆောင်သွားသူများ၏ စစ်တက္ကသိုလ်အပတ်စဉ်များဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိကြီးတစ်ဦးက ပြောသည်။
အာဆီယံနိုင်ငံများတွင် ဖရီးဂိတ်စစ် ရေယာဉ်တည်ဆောက်နိုင်သော နိုင်ငံမှာ
မြန်မာနိုင်ငံသာရှိသေးကြောင်း အထက်ပါအရာရှိက ပြောသည်။ မြန်မာ့တပ်မတော် (ရေ)အနေဖြင့် ရေဒါဖမ်းယူကြည့်ရှုမရနိုင်သော ဖရီးဂိတ် သင်္ဘော ခြောက်စီးထိ တည်ဆောက်ရန် ပြင်ဆင်လျက်ရှိကြောင်းသတင်းရရှိသည်။
ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ တက်လာပြီးနောက် ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ရေတပ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာ့တပ်မတော် (ရေ) အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများသို့သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ရေပိုင်နက်ချင်း ထိစပ်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရေငုပ်သင်္ဘော ၀ယ်ယူမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မြန်မာ့တပ်မတော် (ရေ) အနေဖြင့်လည်း ရေငုပ်သင်္ဘောဝယ်ရန် စိတ်ဝင်စားနေကြောင်း သတင်းရရှိသည်။
www.mmdailystar.com