---------------------------------------
ပါတီတွေ ဓာတ်ပုံစုကြပြီ။ ၂၀၁၅ နီးလာပြီ။
ပုံထောင်တော့မည်။ မဲဆွယ်ဖို့ ဓာတ်ပုံထောင်တော့မည်။
အကြောင်းမှာ...
ဟိုတစ်လောက အာဏာရပါတီမှ လွှတ်တော်အမတ်ကြီးက ပြောလိုက်သည်။ပြိုင်ဘက် အတိုက်အခံပါတီက ကိုယ်စားလှယ်တွေ ကိုယ့်ပုံကိုယ် မထောင်ဘဲ မရှိတော့သည့် ဗိုလ်ချုပ်အောင်ဆန်း ပုံထောင်ကာ မဲဆွယ်သည်။ သတ္တိရှိရင် ကိုယ့်ပုံကိုယ်ထောင်ပြီး မဲဆွယ်ပါလားလို့လည်း စိန်ခေါ်လိုက်သည်။
သို့သော် အတိုက်အခံပါတီက သူတို့ကို အတိုက်အခံလုပ်သည့် ထိုအမတ်ကို တရားစွဲမည်တွေ ဘာတွေဖြစ်ကုန်သည်။ ပြီးတော့ သူတို့က ကိုယ့်ပုံကိုယ်မထောင်ချင်။ ဗိုလ်ချုပ်ပုံပင် ထောင်ချင်သည် ထင်၏။
အာဏာရပါတီလည်း မကျေနပ်လျှင် ထိုပါတီကို တည်ထောင်ခဲ့သည့် စာဖတ်နေသူကြီး ပုံထောင်လိုက်ဟု ပြန်ပြောလိုက်သည်။ အာဏာရပါတီ စိတ်ညစ်သွားသည်။ ကိုယ့်ပုံကိုယ်ထောင်လျှင်မှ တော်ဦးမည်။ စာဖတ်နေသူ ပုံကြီးနှင့်ဆို မဖြစ်။ ပြည်သူတွေ လန့်သွားနိုင်သည်။
သို့သော်လည်း ပြည်သူများကတော့ စာဖတ်နေသူကြီးပုံကို မြင်ပြီး ကြောက်လန့်ကာ အာဏာရပါတီပင် မဲနိုင်သွားနိုင်သည်။ ငါတို့ မဲမထည့်လျှင် စာဖတ်နေသူကြီး ပြန်လာမည် ဆိုသည့် အဓိပ္ပာယ်လားမသိ ဆိုကာ မဲထည့်ခြင်း ဖြစ်သည်။ ပြည်သူများ စိတ်ထဲလည်း သိပ်မသေချာ။ သူတို့ရှုံးလျှင် စာဖတ်နေသူကြီးကို ပြန်ခေါ်လာမှာစိုးသည်။
ဟုတ်လိမ့်မည်။ ဒါကြောင့်လည်း ပါတီဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သည့် သူရဦးရွှေမန်းကတောင် ၂၀၁၅ ကို အနိုင်ကြဲမည်လို့ ပြောလာသည်။ စာဖတ်နေသူကြီး ပုံထောင်ပြီး မဲဆွယ်လျှင်တော့ နိုင်ခြေ များပါသည်။
ထို့အတူ အခြားပါတီတွေ ကလည်း ပုံတွေထောင်ဖို့ စဉ်းစားကြလိမ့်မည်။ တိုင်းရင်းသား ပါတီတွေကတော့ ရှင်းသည်။ သူတို့ ချစ်ခင်လေးစားသည့် လူကြီးပုံ ထောင်လိုက်ရုံပဲ ဖြစ်သည်။
ဗမာပါတီတွေသာ ခက်နေခြင်း ဖြစ်သည်။ ဗမာပြည်သူတွေ ချစ်ခင်လေးစားသည့် သူကလည်း ခပ်ရှားရှားဖြစ်သည်။
စာဖတ်နေသူကြီး ပုံကတော့ ကြံ့ခိုင်ရေးက သုံးမည်ဆိုတော့ အခြားပုံတွေ စဉ်းစားရသည်။ ကြံ့ခိုင်ရေးမှ မသုံးလျှင်လည်း သုံးမည့်သူ မရှိနိုင်။ ဗိုလ်ချုပ်အောင်ဆန်းပုံကလည်း အန်အယ်လ်ဒီက ပင်တိုင်သုံးမည် ဆိုတော့ အခြား ပါတီငယ်လေးတွေ အတွက် အခက်အခဲ ရှိနိုင်သည်။
အချို့ပါတီတွေကတော့ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ပုံကိုပဲ အန်အယ်လ်ဒီနှင့် လုပြီးသုံးမည်ဟု စဉ်းစားထားကြသည်။ ဗိုလ်ချုပ်က အန်အယ်လ်ဒီ ပါတီဝင်မှ မဟုတ်တာ။ တစညကတော့ ဦးနေဝင်းပုံ သုံးချင်သုံးလိမ့်မည်။ ကွန်မြူနစ်တွေ ပါတီထောင်လျှင်တော့ သခင်သန်းထွန်းနှင့် သခင်စိုး တစ်ပုံပုံ ထောင်လိမ့်မည်။ လယ်သမားပါတီတွေကတော့ ဆရာစံပုံကို ထောင်လိမ့်မည်။ သည်လို ကိုယ်နှင့် သက်ဆိုင်သည့်ပုံတွေထောင်မှ မဲတွေ ရလိမ့်မည် မဟုတ်လား။
စိုပြေတို့ သံချောင်းပါတီလည်း ဘာပုံထောင်မလဲဟု အဓိပတိချုပ် ဦးသံချောင်းကို လှမ်းမေးကြည့်သည်။ သွားမေးလျှင် ကားကြပ်ပြီး လမ်းပိတ်နေမည် ဖြစ်၍ ဖုန်းဖြင့်ပဲ လှမ်းမေးလိုက်သည်။
“ဦးသံချောင်း ခင်ဗျား ... အခြား ပါတီတွေကတော့ ပုံတွေထောင်ဖို့ လုပ်နေပါပြီ။ အန်အယ်လ်ဒီဆို ဗိုလ်ချုပ်ပုံ၊ ကြံ့ခိုင်ရေးဆို စာဖတ်နေသူကြီးပုံ စသည်ဖြင့် ထောင်ပြီး မဲဆွယ်ဖို့ စီစဉ်နေကြပါပြီ။ ကျွန်တော်တို့ သံချောင်းပါတီ အနေနဲ့ရော ဘာပုံများထောင်ပြီး မဲဆွယ်ဖို့ ရှိပါသလဲ”
ဦးသံချောင်း ခဏစဉ်းစားသွားသည်။ ပြီးမှ... ဦးသံချောင်းက အောက်ပါအတိုင်း မိန့်ကြားသည်။
“မဲဆွယ်ဖို့အတွက် ပုံထောင်ရာတွင် ပြည်သူများ မျက်စိပသာဒ ဖြစ်ဖို့ လိုကြောင်း၊ ကြည့်လိုက်သည်နှင့် နောက်တစ်ခေါက် ထပ်ကြည့်ချင်အောင် ဆွဲဆောင်ဖို့လည်း လိုကြောင်း၊ မိမိတို့ ပါတီဝင်များ အနေနှင့် ရုပ်ရည်အရာတွင် အခြားပါတီများထက် အစစအရာရာ သာသော်လည်း ကိုယ့်ပုံကိုယ်ထောင်မည် မဟုတ်ကြောင်း၊ ထို့အတူ ကျက်သရေ မရှိသည့် ပုံများကိုလည်း ထောင်မည် မဟုတ်ကြောင်း၊ ပြည်သူများကို အကြောက်အလန့် မပေးလိုကြောင်း၊ သေသွားသည့် လူများ၏ ပုံကိုလည်း ထောင်ပြီး မဲမဆွယ်လိုကြောင်း၊ ထို့ကြောင့် ယခုနောက်ပိုင်း ခေတ်စားနေသည့် Sexy မော်ဒယ်လ်များ၏ ပုံကို အသုံးပြုကာ မဲဆွယ်မည် ဖြစ်ကြောင်း၊ Sexy မော်ဒယ်လ်ပုံကို ထောင်ထားပါက လူတိုင်း ကြည့်မည်ဖြစ်ကြောင်း၊ အမြင်လည်း တင့်တယ်ကြောင်း၊ ခလုတ်တွေ ဘာတွေတောင် တိုက်နိုင်ကြောင်း၊ သို့ဖြစ်ရာ ပါတီဝင်များအနေနှင့် မည်သည့် Sexy မော်ဒယ်လ်ပုံကို အသုံးပြုမည်ကို ရွေးချယ်ထားသင့် ပါကြောင်း” စသည်ဖြင့် အကျယ်တဝင့် ပြန်လည် ဖြေကြားရာ စိုပြေ့ဖုန်းဘေလ်လည်း အတော်ကုန်သွားသည်။
ယင်းကဲ့သို့ သံချောင်းပါတီ အဓိပတိကြီး၏ မှာကြားချက်ကို အခြား ပါတီဝင်များကိုလည်း ပြန်လည် ပြောကြားလိုက်ရာ ပါတီဝင်များကလည်း ၎င်းတို့ စပွန်ဆာ ပေးထားသော မော်ဒယ်လ်များနှင့် ကေတီဗီမယ် များကို Sexy ကျစေရန် ဝတ်လစ်စားလစ်ဖြင့် အတင်းဓာတ်ပုံ ရိုက်လေတော့သည်။ ပြီးသည်နှင့် ဦးသံချောင်းကြီးကို ပြလေသည်။
သို့သော်လည်း အဓိပတိကြီး ဦးသံချောင်းက မျက်စိကျတော်မမူဘဲ ယခုတစ်လော အွန်လိုင်းပေါ်တွင် ရေပန်းစားလျက် ရှိသည့် Sexy မော်ဒယ်လ်များ ဖြစ်သော ဇွန်သဉ္ဇာနှင့် ဇာဇာထက်တို့၏ ပုံများကိုသာ မဲဆွယ်ပွဲအတွက် အသုံးပြုရန် ဆုံးဖြတ်ပြီး ထိုနှစ်ဦးထဲမှ တစ်ဦးကိုသာ ရွေးချယ်ရန် ပါတီဝင်များကို ဒီမိုကရေစီနည်းကျ တစ်ချက်လွှတ် အမိန့်ပေးလိုက်လေသည်။ နှစ်ဦးစလုံးရွေးလျှင် မိတ်ကပ်ဖိုး ကုန်မည် စိုးသောကြောင့်ထင့်....
ပါတီဝင်များလည်း မဲဆွယ်မော်ဒယ်လ် နှစ်ဦးရွေးမှ စိတ်ဝမ်း ကွဲကုန်တော့သည်။ အစတုန်းက အတူသောက်စားနေသည့် ပါတီဝင်တွေ ဇွန်ပုံထောင်မည်၊ ဇာပုံထောင်မည် ဆိုပြီး ထချလို့ ချကုန်သည်။
အချို့လည်း ဇွန်သဉ္ဇာ ကိုယ်လုံးနှင့် ဇာဇာထက်မျက်နှာ ဖိုတိုရှော့ လုပ်မည် ဆိုသေးသည်။
နောက်ဆုံးတော့လည်း ထို့ထက် Sexy ကျသည့် ဖြတ်ဖောက်ချုပ် လုပ်တော့မည့် မထက်၏ ပုံကိုသာ သုံးရန် ဦးသံချောင်းက ဆုံးဖြတ်လိုက်တော့သည်။ လက်ရှိ အခြေအနေအထိတော့ ဦးသံချောင်းနှင့် ပါတီဝင်များအကြား မကျေလည်သေး။ မည်သည့်ပုံကို ထောင်မည် ဆိုသည်ကား ရွေးကောက်ပွဲ မဲဆွယ်ကာလအထိ စောင့်ကြည့်ရမည် ဖြစ်သည်။
ပြည်သူများကတော့ အခြားပုံများထက် Sexy ပုံများကိုသာ ကြိုက်နှစ်သက်ကြမည် ဖြစ်သည်။
www.mmdailystar.com