ဥက္ကဌ မင်းကြီးရှင် ယနေ့ထုတ်သတင်းစာတွေထဲမှာ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံရေးပါတီ ၆၅ ဖွဲ့က ခေါင်းဆောင်များ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတာ ဖတ်လိုက်ရလို့ အင်မတန်မှ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ အချုပ်အားဖြင့် သမ္မတကြီး ပြောသွားတဲ့ စကားတခွန်း ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာစေဖို့ ဒီမိုကရက်တစ် အမူအကျင့်တွေ ဓလေ့တွေကို ပြည်သူများ လိုက်နာ ကျင့်ကြံ ကဖို့ လိုအပ်တဲ့အတွက် ကျွန်တော်တို့တွေဟာ နမူနာစံပြဖြစ်ကြဖို့ လိုပါတယ် တဲ့ရှင်။
အဲဒီတော့ ဥက္ကဌ မင်းကြီးတို့အနေနဲ့ ပြည်သူတွေတွက် စံပြ လုပ်ကြတဲ့နေရာမှာ ဥက္ကဌ ကြီးတို့ရဲ့ ပါတီဝင်များ နောက်လိုက်နောက်ပါများ ဘာတွေ လုပ်နေကြတယ် ဆိုတာလဲ သိဘို့ လိုပါလိမ့်မယ်။
ငါ ဥက္ကဌ ဘဲ ငါ့လူတွေ လုပ်ချင်တာလုပ်နေတာ ငါနဲ့ မဆိုင်ဘူးဆိုရင် ဥက္ကဌ မင်းကြီးတို့ ကဲ့ရဲ့ပစ်တင်နေတဲ့ စစ်အစိုးရ ရဲ့ ခြေလှမ်းအတိုင်း လှမ်းတာနဲ့ ဘာထူးသေးလို့လဲ ရှင် ။
ငါတို့ က တိုင်းပြည်တွက် အနစ်နာ ခံပြီး ထောင်ကျ တန်းကျ ခံခဲ့ရတာ အပြင်ရောက်တာနဲ့ ငါတို့ လုပ်ချင်တာ လုပ်မယ် ဆိုတဲ့ စိတ် ရှိရင်လဲ မဟုတ်သေးဘူးပေါ့ နော် ။
အခု ဘာကြောင့် ဒီ အိပ်ဖွင့်ပေးစာကို ရေးရသလဲ ဆိုရင် ဥက္ကဌ မင်းကြီးတို့ရဲ့ ပါတီ ဌာနချုပ်နားမှာ နေရတဲ့ သူတွေ တွက် စိတ်မချမ်းမြေ့စရာ အခါခါ တွေ့နေရလို့ပါဘဲ ။
ကျမတို့ဟာ ဥက္ကဌ မင်းကြီး တို့ရဲ့ ပါတီဌာနချုပ်ကို ၀ိုင်းရံနေတဲ့ A B C D E ဆောင်များက အခန်းပေါင်း ၄၀၀ နီးပါးမှာ နေကြသူများဖြစ်ပါတယ် ။ အဲဒီ အဆောက်ဦးတွေ အပြင်က ရပ်ကွက်ကလဲ အိမ်တွေ အများကြီးပါရှင် ။ အခု ကျမတို့မှာ အခါကြီး ရက်ကြီး ရှိလို့တောင်မှ မပျော်နှိုင်ရတဲ့ ဘ၀ တွေပါ။
ဗုဓ္ဒဘာသာ နေ့ထူးနေ့မြတ် အစိုးရ ရုံးပိတ်ရက် ဘာဘဲရှိရှိ အိမ်မှာ အေးအေးချမ်းချမ်း ဆိတ်ဆိတ်ငြိမ်ငြိမ် မနေရပါဘူး ။ ဥက္ကဌ မင်းကြီးတို့ရဲ့ အဖွဲ့ဝင်များ ဖွင့်ထားတဲ့ သံကုန်ဟစ် လောက်စပီကာသံ ကို မနက် ၈ နာရီလောက်ကနေ ညနေထိ ဖေဖေါ်ဝါရီလတုန်းကဆို ၁၂ ရော ၁၃ ရော ၂ ရက်ဆက်တိုက် အသက်ထွက်ခမန်း နားသောတ ဆင်နေရပါတယ် ။
ဥက္ကကြီး တို့ဘဲ လူ့ အခွင့်အရေး တွင်တွင်ပြောပြီး ကျမတို့တွေရဲ့ အခွင့်ရေးတွေကို ပြောင်ပြောင်ကြီး ချိုးဖေါက်နေတာတော့ မကောင်းပါဘူး ။ ကျမတို့ အိမ်တွေမှာ အသက် ၈၀ ကျော် ၉၀ ကျော်တွေ နာမကျန်းနေသူတွေ ကျောင်းသူကျောင်းသားတွေ အများကြီးရှိပါတယ် ။
ဟိုတလောက ဘယ် အာဇာနည်ရဲ့ အထိမ်းမှတ်နေ့ ဆိုလား စပီကာ နေကုန်ဖွင့်ထားတာ ၁၀ တန်းကျောင်းသားတွေရဲ့ စာမေးပွဲ နေ့ကြီး ပါလား ။ ဆို က ရေး တီး ပြိုင်ပွဲ ဆိုပြီး အသံသေးအသံကြောင်တွေနဲ့ သီချင်းပေါင်းစုံ ဆိုပြီး ဆုပေးတာတောင် လုပ်လိုက်ပါသေးရဲ့။
ပြီးခဲ့တဲ့ တပ်မတော်နေ့တုံးကလဲ တနေကုန်ပါဘဲ ။
ဆောင်းဘောက်တွေ အိမ်တွေဘက်လှည့် ဗော်လုမ်း သံကုန်တင် ထားတာကတော့ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေတာပါဘဲ ။ ကြာဇံကြော် လာယူပါ ဆိုတာတောင် စပီကာနဲ့ သံကုန်ဟစ်နေမှ ဒီက လူတွေ ဘယ်လောက်ထိ နား ဒုက္ခ ရောက်နေမယ်ဆိုတာ မတွေးမိကြဘူးလားလို့ အံ့သြမိပါတယ် ။
အဲဒီတော့ ဥက္ကဌ မင်းကြီးတို့အနေနဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရလို့ တိုင်းပြည် အုပ်ချုပ်တဲ့ လူတန်းစား ဖြစ်သွားခဲ့ရင်လဲ ဒီပုံစံ ဒီလိုအချိုးနဲ့ ပါဘဲလား ။
ဒီမိုကရေစီ ဆိုတာ ဒါဘဲလား ။
ဒီလို စည်းမရှိ ကမ်းမရှိ ဒီမိုကရေစီ ဆိုရင်တော့ မရတာကမှ ခပ်ကောင်းကောင်းပါဘဲ။
မရှက်တတ်ရင်တော့ ဆက်ပြီးသာ လုပ်ကြပါရှင် ။

www.mmdailystar.com