Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး ခံယူချက် ပြင်းထန်သူ ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ

$
0
0


လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင် သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။
လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် တစ်စုံတစ်ဦး၏ ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်း မောင်းနှင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြီးသည့် နောက်တွင် မလေးရှား အာဏာပိုင်များက အသက် ၅၃ နှစ်အရွယ် လေယာဉ်မှူး ဇာဟာရီ အာမတ်ရှားနှင့် အသက် ၂၇ နှစ်အရွယ် တွဲဖက်လေယာဉ်မှူး ဖာရစ်အာ့ဘ်ဟာမစ်တို့၏ နောက်ကြောင်း ရာဇဝင်ကို စုံစမ်းစစ်ဆေးခဲ့ကာ ၎င်းတို့၏ နေအိမ်များကိုလည်း စစ်ဆေး ရှာဖွေခဲ့သည်။

ထိုကဲ့သို့ အာဏာပိုင်များက လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်းကို စုံစမ်း စစ်ဆေးနေသည့် အချိန်မှာပင် လေယာဉ်မှူး ဇာဟာရီအာမတ်ရှားသည် မလေးရှားနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေးသမား အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူ တစ်ဦးဖြစ်ပြီး လေယာဉ် ခရီးစဉ် MH-370 ကို တာဝန်ယူ မမောင်းနှင်မီ နာရီပိုင်းအလိုက အန်ဝါအီဘရာဟင်မ် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံလိုက်ရသည့် တရားခွင်ကို သွားရောက် နားထောင်ခဲ့သည်ဟု Daily Mail သတင်းစာက ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်သည်။

လေယာဉ်မှူးရှားသည် နိုင်ငံရေး ခံယူချက် ပြင်းထန်သူတစ်ဦး ဖြစ်ကြောင်းကို ရဲအရာရှိ အချို့ကလည်း အတည်ပြုခဲ့ပြီး ၎င်းတို့အနေနှင့် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဇာဟာရီအာမတ်ရှားက မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်မိကြောင်း ပြောကြား ခဲ့သည်ဟုလည်း Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့သည်။

မလေးရှား အာဏာပိုင်များကမူ လေယာဉ်မှူးရှား၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာတွင် ကိုယ်တိုင်လုပ် လေယာဉ်ပုံစံတူ မောင်းနှင်စက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ သို့သော် ထိုအချက်ပေါ် မူတည်၍ အလျင်အမြန် ကောက်ချက် မချစေလိုကြောင်း ပြောကြားခဲ့သည်။

နေအိမ်တွင် လေယာဉ်ပုံစံတူ မောင်းနှင်စက် ထားရှိခြင်းမှာ လေကြောင်းဆိုင်ရာ လုပ်ငန်းကို အထူးတလည် စိတ်ပါဝင်စားသူများ လုပ်လေ့လုပ်ထ ရှိသည့် လုပ်ရပ်တစ်ခု ဖြစ်သဖြင့် လေယာဉ်မှူး ရှား၏အိမ်တွင် ထိုကဲ့သို့သော စက်မျိုး တစ်လုံးတွေ့ရှိခြင်းမှာ အလွန်တရာ ထူးခြားသည့် ကိစ္စမျိုး မဟုတ်ဟုလည်း မလေးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။
“တာဝန်ရှိသူများက လေယာဉ်မှူး နှစ်ဦး၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ကျွမ်းကျင်သူများက လေယာဉ်မှူးရှား၏ ကိုယ်တိုင်လုပ် လေယာဉ်ပုံစံတူ မောင်းနှင်စက်ကို စစ်ဆေးလျက်ရှိသည်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

လေယာဉ်မှူးရှားသည် ၁၉၈၁ ခုနှစ် ကတည်းက မလေးရှား လေကြောင်းလိုင်းတွင် စတင်တာဝန် ထမ်းဆောင်လာခဲ့ခြင်း ဖြစ်ပြီး ပျံသန်းရေး အတွေ့အကြုံ ၁၈၃၆၅ နာရီ ရှိသည့် အတွေ့အကြုံရင့် လေယာဉ်မှူး တစ်ဦးလည်း ဖြစ်သည်။

တွဲဖက်လေယာဉ်မှူး ဟာမစ်မှာမူ ၂၀၀၇ ခုနှစ်မှ စတင်ကာ မလေးရှား လေကြောင်းလိုင်းတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ပျံသန်းရေး အတွေ့အကြုံ ၂၇၆၃ နာရီရှိသူ ဖြစ်သည်။

လေယာဉ်မှူးရှား၏ မိတ်ဆွေတစ်ဦးကမူ လေယာဉ်ခရီးစဉ် MH-370 ပျောက်ဆုံးမှု၏ တရားခံမှာ သူ၏မိတ်ဆွေ ဇာဟာရီ အာမတ်ရှား လုံးဝမဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဘိုးရင်း ၇၇၇ လေယာဉ်ကို ဝိုင်းဝန်း ရှာဖွေနေသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံအထိ ရှိနေပြီ ဖြစ်သည်။
From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>