ကျွန်မ ဒီစာကို ရေးဖို့ မနေ့ညက အတော်ကိုစဉ်းစားခဲ့ရပါတယ်။
အမှန်တကယ် ကျွန်မတို့လို ပြည်ပရောက်အလုပ်သမားတွေဟာ ကိုယ့်ရဲ့အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ထမင်းကိုယ်ရှာစားနေကြရတဲ့ အပူသည်တပိုင်းတွေပါ။
တော်ရုံတန်ရုံ ခါးသီးမှုတွေကို မြိုသိပ်ပြီး ဘယ်သူ၁ဦး၁ယောက်နဲ့မှလဲ ပြဿနာ မဖြစ်လိုကြပါဘူး။ ယခုလက်ရှိမလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဟာ နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ မြန်မာပြည်သားများကို ကူညီတာလား? ဒုက္ခရောက်အောင် လုပ်နေတာလား? ဆိုတာ ဦးဏှောက်ရှိတဲ့သူ၊ ထမင်းစားတဲ့သူတိုင်း စဉ်းစားလို့ရတဲ့ကိစ္စတွေပါ။
မနေ့က ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြန်မာအလုပ်သမားတွေခမျာမှာ ခါတိုင်းစာအုပ်သက်တမ်းတိုးရင် ၁ရက်ဘဲကြာတာမို့ အင်မီဂရေးရှင်းမှာ ပါမစ်တင်ချိန်၂ပတ်သာကြာတာမို့ ပါမစ်မကုန်မှီ၁လလောက်အလိုမှ စာအုပ်ကို တိုးကြပါတယ်။ မြန်မာသံရုံးကို ရောက်ရှိချိန်မှာတော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေပါမှ တိုးပေးမှာဖြစ်ကြောင်း နောက်၁ခေါက်ပြန်ယူသင့်ကြောင်း ပြောကြပါတယ်။ မြန်မာနိုင်ငံသားမှန်လို့ 6P အစီအစဉ်မှာ ထုတ်ပေးခဲ့သောစာအုပ်များကို ယခုသက်တမ်းတိုးတဲ့အခါမှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေကို ထပ်ပြီးတောင်းပါတယ်။ တကယ်ကို အလုပ်သမားတွေမှာ စာရွက်စာတမ်းတွေ ပြည့်စုံတော့လဲ ၁လခွဲ၂လကြာ မြန်မာပြည်က အတည်ပြုချက်ကိုရရှိမှသာ စာအုပ်ကို သက်တမ်းတိုးပေးမတဲ့ရှင်။
ဒါဆိုရင် မနေ့ကလာတိုးသမျှ လူတိုင်းနီးပါး (လူပေါင်း၃၀၀)ပါမစ်သက်တမ်း၁လ/၁လကျော်ထက် မပိုကြတော့ပါဘူး။ လူတိုင်းနီးပါးရဲ့ အမေးစကားကထပ်တူပါဘဲ၊ကျွန်တော်တို့/ကျွန်မတို့ ပါမစ်ကနောက်၁လဆိုရင် သေတော့မှာ ဘယ်လိုလုပ်ရမလဲခင်ဗျာ/ရှင်? အဲဒါတော့ ငါတို့မသိဘူး ကိုယ့်ဘာသာသူဌေးကို အင်မီဂရေးရှင်းကိုခေါ်သွားပြီး စပယ်ရှယ်၁လတိုးပြီးစောင့်ပါတဲ့။
မနေ့ကဗမာအေးဂျင့်ကိုလဲ မေးခဲ့ပြီးပါပြီ။စပယ်ရှယ်၁လတိုးပြီးရင် ပါမစ်တိုးလို့မရတော့ဘူးတဲ့။ခုလေးတင် တရုတ်အေးဂျင့်ကိုမေးလိုက်တော့လဲ ဒီအဖြေကိုဘဲ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် စာအုပ်တိုးလို့မပြီးသေးတဲ့ ကိုယ့်မြန်မာပြည်သားတွေအတွက် မြန်မာသံရုံးကနေ တခုခုတော့ တာဝန်ယူသင့်တယ်လို့ ထင်မြင်မိပါတယ်။
နှစ်နိုင်ငံ အစီအစဉ်နဲ့ တရားမ၀င်နေထိုင်တဲ့သူတွေကို 6p အစီအစဉ်နဲ့ပါမစ်လုပ်တာ စာအုပ်လုပ်တာတွေ လွယ်လွယ်ကူကူ မဟုတ်ခဲ့မှန်း နိုင်ငံခြားသားအလုပ်သမားတိုင်း နားလည်ကြပါတယ်။ ဒီလိုအခက်အခဲပေါင်းစုံကနေ ရရှိလာတဲ့ မှန်မှန်ကန်ကန်ပါမစ်တွေဟာ လူကြီးမင်းတို့ရဲ့ ဆုံးဖြတ်ချက်လွဲချော်မှုကြောင့် တဖန်ပြန်ပြီး တရားမဝင်ဖြစ်ရမဲ့ကိုယ့်ရဲ့နိုင်ငံသားတွေကို ကြည့်ရက်ကြပါသလား?
ယခုပြောင်းရွှေ့လာတဲ့ ရက်ပိုင်းသာရှိသေးတဲ့ လူကြီးမင်းက ဆုံးဖြတ်ချက်လွဲချော်မှုရှိနေရင်တောင် မလေးရှားရဲ့ ရေမြေဒေသ၊ ဥပဒေသတွေကို နားလည်တဲ့ ၁၀နှစ်ကျော်နေထိုင်သက်တမ်းရှိတဲ့ ယခင်အောက်လက်ငယ်သားတွေက ထောက်ပြအကြံပေးရမှာဖြစ်ပါတယ်။
ခုရက်ပိုင်းမှာ လောလောလတ်လတ်ဖြစ်သွားတဲ့ ဖြစ်စဉ်လေးကို စဉ်းစားကြည့်ကြပါဦးရှင်၊ ဆေးရုံမှာ ပတ်လက်ဖြစ်နေတဲ့လူနာ စီအိုင်လျှောက်တာကိုမှတ်ပုံတင်မပါလို့မပေးဘူးတဲ့ဗျာ အတော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
စဉ်းစားကြည့်ကြပါဦး လူကြီးမင်းတို့ရေ၊ မြန်မာပြည်ကနေ မှတ်ပုံတင်ပို့ဖို့ လူကြုံကိုမပြောပါနဲ့၊ စကန်ဖတ်ပြီး အီးမေးလ်ပို့ဖို့တောင် ကွန်နက်ရှင်ကောင်းမှ ပို့လို့ရမယ်ဆိုတာကို မြန်မာပြည်က အင်တာနက်သုံးသူတိုင်း သိရှိထားကြပါတယ်။
အကယ်၍ဒီဆေးရုံပေါ်ကလူနာလိုလူ/ ပါမစ်သေအံ့ဆဲဆဲလူတွေဟာ လူကြီးမင်းတို့ရဲ့ဆွေမျိုးသာဆိုရင် ဒီလိုဥပဒေတွေကို လိုက်နာကြဦးမှာလား တွေးစရာတွေ ရလာပါတယ်။
ကျွန်မတို့ ပြည်ပရောက်လုပ်သားတွေဟာ မြန်မာပြည်ရဲ့စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို နားလည်ကြသလို မလေးရှားရဲ့စည်းမျဉ်းစည်းကမ်း ဥပဒေတွေကိုလဲ နားလည်ကြပါတယ်။
လူကြီးမင်းတို့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုတွေ၊ အုပ်ချုပ်မှုတွေ ညံ့ဖျင်းပြီး လှေနံဓားထစ်တွေ လုပ်နေကြမယ်ဆိုဖြင့် ကျွန်မတို့လို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဒုက္ခလှလှကြီးတွေ့ပြီး တဖန်တရားမဝင်လုပ်သားဘဝကို ပြန်လည်ရောက်ရှိကြမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လူကြီးမင်းတို့ရဲ့ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် သိန်းချီပြီးရှိတဲ့ မြန်မာလုပ်သားတွေ ဒုက္ခရောက်ကြရမှာမို့ နီးစပ်ရာအေးဂျင့်များထံမှာ မေးမြန်းစုံစမ်း စဉ်းစားပြီး ဆုံးဖြတ်စေချင်ပါတယ်။
From:ခင်ငြိမ်းချမ်းဦးအမှန်တကယ် ကျွန်မတို့လို ပြည်ပရောက်အလုပ်သမားတွေဟာ ကိုယ့်ရဲ့အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ထမင်းကိုယ်ရှာစားနေကြရတဲ့ အပူသည်တပိုင်းတွေပါ။

www.mmdailystar.com