သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆောင်ရွက်ပေးခဲ့တဲ့ မီဒီယာလွတ်လပ်ခွင့်တွေအပါအဝင် လက်ရှိဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ပြန်ဆုတ်ဖို့ မရှိဘူးဆိုပြီးတော့ သမ္မတရဲ့ပြောခွင့်ရှိသူက ဒီကနေ့ ရန်ကုန် မြို့မှာကျင်းပနေတဲ့ အမေရိကန် ပြည်ထောင်စု၊ အာရှနဲ့ပစိဖိတ်ဒေသလုံးဆိုင်ရာ သတင်းမီဒီယာ ညီလာခံအတွင်းမှာ ပြောဆိုသွားခဲ့ပါတယ်။
စစ်အာဏာရှင်အစိုးရလက်ထက်တုန်းက ပြည်ပသတင်းဌာနတွေရဲ့ ခက်ခက်ခဲခဲ သတင်းရယူခဲ့ရတဲ့ အနေအထားတွေ၊ စစ်အစိုးရရဲ့ သတင်းအမှောင် ချခဲ့တဲ့အခြေအနေတွေဟာ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ထိ ထိခိုက်စေခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကို ဒီကနေ့မှာ ပြည်တွင်းပြည်ပက သတင်းစာဆရာတွေ ဆွေးနွေးခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်ဖွင့်ဟပေးခဲ့တဲ့ မီဒီယာလွတ်လပ်ခွင့်တွေအပါ အဝင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဟာ နောက်ပြန်ဆုတ်ဖို့ မရှိဘူးဆိုပြီး သမ္မတရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြည်တွင်းပြည်ပ သတင်းစာ ဆရာတွေရဲ့ရှေ့မှာ အခုလို ပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ နောက်ကြောင်းပြန်မလှည့်ပါဘူး။ ကျနော်တိုရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ နောက်ပြန်ဖို့ မရှိပါဘူး။ ပြောနိုင်တစ်ခုက ရှေ့ကိုပဲ ဆက်သွားမှာပါ။ လက်ရှိအချိန်မှာတော့ ကျနော်တို့အနေနဲ့ ရုန်းကန်မှုတွေ ရှိနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒီလို အခြေအနေတွေကို အခြားနိုင်ငံတွေမှာ ကြုံတွေခဲ့တဲ့ ဖြစ်စဉ်တွေကနေ သင်ခန်းစာ ယူရမှာပါဖြစ်ပါတယ်။”-လို့ သူက ပြောခဲ့ပါတယ်။
သတင်းမီဒီယာ ညီလာခံအတွင်းမှာ သမ္မတ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောဆိုခဲ့တဲ့ အပေါ် မြန်မာနိုင်ငံက သတင်းစာဆရာတစ်ဦးလည်းဖြစ်၊ Yangon Journalism School ကို တည်ထောင်သူလည်းဖြစ်တဲ့ ဦးရဲနိုင်မိုးက အခုလို တုံ့ပြန်ပြောဆိုပါတယ်။
“နိုင်ငံရေးက နောက်ပြန်ဆုတ်မယ်၊ နောက်ပြန်မဆုတ်ဘူးဆိုတာ လူတစ်ယောက်က အာမခံချက်ပေး ဖို့ တော်တော့ကို ခက်ခဲတယ်။ သူကတော့ပြောပါတယ်။ Political will -ပေါ့။ နိုင်ငံရေးပိုင်းဆိုင်ရာအရ ရှိတယ်လို့ ပြောတယ်။ အဲဒီလိုကြားရတဲ့အတွက် တော်တော်လည်း အားတော့တက်တယ်။ ဒါပေမယ့် ဒါဟာ တကယ် လုံးဝ ပြန်မဆုတ်နိုင်ဘူးဆိုတာ လူတစ်ယောက်က အာမခံဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ နိုင်ငံရေးအရ နောက်ပြန်ဆုတ်မဆုတ်ဆိုတာလည်း မီဒီယာလွတ်လပ်ခွင့်နဲ့လည်း ဆိုင်နေတယ်။ နောက်ပြန်ဆုတ်မယ်ဆိုရင်လည်း မီဒီယာလွတ်လပ်ခွင့်ကိုလည်း ထိပါးမှာပဲ။ မီဒီယာပိုင်းကတော့ ကိုယ့်လွတ်လပ်ခွင့်ကိုယ် တည်ဆောက်ရင်းနဲ့ နိုင်ငံရေးနောက်ပြန်လှည့်မသွားဖို့လည်း ကျနော်တို့လည်း ကြိုးပမ်းရမှာပဲ။”
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးတော့ တဲ့အချိန်ကစပြီး စစ်အစိုးရ အုပ်ချုပ်မှုအောက် ရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီလို့ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီအခြေစိုက် East_West Center က ဦးစီးကျင်းပတဲ့ “သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုများဆိုင်ရာ ဆွေးနွေးပွဲ” ကို တက်ရောက်လာတဲ့ ပြည်တွင်း ပြည်ပ အခြေစိုက် သတင်းစာဆရာတွေ က ဆွေးနွေးပွဲတွေ အတွင်းမှာ ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင် အစိုးရလက်ထက်တုန်းက ပြည်ပနိုင်ငံတွေမှာ နေထိုင်ပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို ထုတ်လွှင့်ခဲ့ရတဲ့ သတင်းဌာနတွေမှာ အဲဒီချိန်တုန်းက အခက်အခဲတွေ အများကြီးရှိပြီးတော့ လက်ရှိအချိန်မှာတော့ သိသိသာသာ ကွာခြားမှု ရှိလာပုံနဲ့ ပတ်သက်ပြီး အမေရိကန်အသံ မြန်မာပိုင်းရဲ့ ဌာနမှူးဦးသန်းလွင်ထွန်းက မြန်မာနိုင်ငံအတွင်းက သတင်းတွေကို ပြည်ပကသတင်းရယူခဲ့ရပုံနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့ ဆွေးနွေးပွဲအတွင်းမှာ အခုလို ပြောပါတယ်။
“သိသိသာသာကွာခြားတာပေါ့။ အရင်တုန်းကဆိုလို့ရှိရင် Information Blackout ဆိုတာ ရှိတယ်။ ဘာသတင်းမှ ယူလို့မရဘူး၊ ကျနော်တို့မှာ ပြည်တွင်းကိုလည်း ဝင်ခွင့်မရဘူး၊ သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း မေးခွင့်မရဘူး၊ တခါတခါ အရေးကြီးတဲ့အချိန်တွေဆိုလို့ရှိရင် အင်တာနက်တွေ ပြတ်သွားတယ်၊ အလားတူပဲ- တယ်လီဖုန်းလိုင်းတွေ ပြတ်သွားတယ်။…ဆိုတော့ ဒီအခြေအနေမျိုးကိုတော့ ကျနော်တို့ မကြုံရတော့ဘူးဆိုတော့ အရမ်းတိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။”
အဲဒီ ဆွေးနွေးပွဲမှာ ဦးသန်းလွင်ထွန်းနဲ့အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကာလအတော်ကြာနေထိုင်ခဲ့ရတဲ့ တိုင်းရင်းသတင်းမီဒီယာဌာနရဲ့ အကြံပေး သတင်းစာဆရာ ဦးဇင်လင်း၊ မြန်မာ့အရေးလေ့လာအကဲဖြတ် သတင်းစာဆရာ ဘတ်တေးလစ်တနာနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသတင်းထောက်များကလပ် ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Jeanne Hallacy တို့က ဦးဆောင်ဆွေးနွေးခဲ့တာပါ။
စစ်အစိုးရလက်ထက်တုန်းက BBC သတင်းဌာနအတွက် ပြည်တွင်းက သတင်းတွေကို ပြည်ပရောက်အောင် ပေးပို့ရင်းနဲ့ စစ်အာဏာရှင်တွေ ဖမ်းဆီးထိန်းသိမ်း ညှင်းပမ်းတာခံခဲ့ရတဲ့ သတင်းစာဆရာဦးနေမင်းကို မစ္စတာ ဘတ်တေးလစ်တနာ၊ ဦးသန်းလွင်ထွန်းနဲ့ ဦးဇင်လင်းတို့က သူတို့ရဲ့ အခမ်းအနားအတွင်းမှာပဲ အသိအမှတ်ပြု ဂုဏ်ပြု လက်မှတ်ချီးမြှင့်ခဲ့ပါသေးတယ်။
အရင်ခေတ်က သတင်းစာဆရာတွေ ကြုံတွေ့ခဲ့ရတဲ့ အနေအထားနဲ့ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းမီဒီယာနဲ့ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်းလုပ်ကိုင်ခွင့် ရလာတဲ့အခြေအနေတွေကိုတော့ ဦးနေမင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“၈၈ ဖြစ်တာတောင်မှ တကယ့်တကယ်က ကျနော်တို့ စွန့်လွှတ်စွန့်စားပြီး သတင်းလက်နက်နဲ့ အတင်းတုံ့ပြန်ခဲ့လို့သာ ဖြစ်ခဲ့တာကိုး။ …ဆိုတော့ ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့အခါ ထူးခြားလာတာပေါ့။ သတင်းမီဒီယာတွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ရေးခွင့်၊ တွေးခွင့်၊ ပြောခွင့်တွေ သူတို့ပေးလာတယ်။ အဲဒီထူးခြားချက်ကတော့ ဒါ အသိအမှတ်ပြုရမယ်။ ကျနော်တို့ အသိအမှတ်မပြုလို့ မရပါဘူး။ သို့သော် ကျနော်တွေ့တဲ့အမြင်အရ ဘယ်လိုရှိလဲဆိုတော့ ပြောခွင့်တော့ ကျနော်တို့ရတယ်။ အဲဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ ကျန်တဲ့ အကျိုးသက်ရောက်မှုတွေကတော့ ဒီလောက်ကြီးအထိ လိုက်မလာဘူး။”
East_West Center က ဦးစီးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာညီလာခံကို မတ်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီးတော့ သတင်းနှင့်မီဒီယာရေးရာ လက်တွေ့သတင်း တင်ဆက်ခြင်း၊ လက်တွေ့စွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို နိုင်ငံတကာ မီဒီယာ တွေမှာ လုပ်ကိုင်နေတဲ့ ကျွမ်းကျင်သူတွေက ဆွေးနွေးခဲ့ကြပါတယ်။
ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ အာရှနဲ့ပစိဖိတ်ဒေသက နိုင်ငံပေါင်း ၂၅ နိုင်ငံနဲ့ မီဒီယာကျွမ်းကျင်သူတွေအပါအဝင် မီဒီယာလုပ်ငန်းရှင် ၃၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

www.mmdailystar.com