Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD -၈ ထပ် ရုံးချုပ်အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေစတင်ကောက်ခံ၊ လိုအပ်ငွေများကို ခရိုနီများထံမှ တောင်းခံမည်

$
0
0


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းသစ် အသစ်ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေများကို စတင်လက်ခံလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲတပ် ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရပြီး ၀ိုင်းဝန်းမတည်၍ရရှိသော ငွေကြေးပမာဏ လုံလောက်မှုမရှိပါက ထင်းရှားကျော်ကြားသူများထံမှ အကူအညီရယူမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစောလှိုင်က ဖေဖော်ဝါရီ ၅ ရက်နေ့က News Watch သို့ ပြောကြားသည်။

ဇန်န၀ါရီ ၂၄ ရက်နေ့ ထွက် News Watch ဂျာနယ် အတွဲ ၈ အမှတ် ၃၄ ပါ `NLD ဌာနချုပ်ရုံးသစ်ကို ထူးကုမ္ပဏီ၏ အကူအညီနှင့် ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်´ သတင်း၌ NLD ဌာနချုပ်ရုံးအား ဓါတ်လှေကားပါ ၈ ထပ်မြင့် အဆောက်အုံ ပြင်ဆင်ဆောက်လှုပ်မည်ဖြစ်ကြောင်း၊ ဦးတေဇပိုင်ဆိုင်သည့် `ထူးကုမ္ပဏီများအုပ်စု´ လက်အောက်ရှိ အာရှစိမ်းလန်းမှုဖွင့်ဖြိုးရေးဘဏ် (AGD) ၏ မန်နေဂျင်းဒါရိုတ်တာ ဦးရဲမင်းဦးသည် ဆောက်လုပ်ရေးကော်မတီတွင်ပါဝင်ကြောင်းတို့ ဖော်ပြခဲ့သည်။

ယင်းသတင်းနှင့် ပတ်သက်၍ ဒီချုပ်ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ဌာနချုပ်ရုံး အသစ်ပြန်လည်တည်ဆောက်မည်ဆိုသည်မှာ မှန်ကန်ကြောင်း၊ ထူးကုမ္ပဏီနှင့် ပတ်သက်မှုမရှိကြောင်း၊ ဦးရဲမင်းဦးသည် Personal အနေနှင့် ပါဝင်ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာမှတဆင့် ငြင်းချက်ထုတ်ခဲ့သည်။

သို့ရာတွင် ဦရဲမင်းဦး၏ အခန်ဏ္ဍနှင့် ပတ်သက်၍ ဦးစောလှိုင်အားမေးမြန်းရာ ၎င်းက`သူ့သဘောဆန္ဒအတိုင်းပါတာပါ၊ ဦးရဲမင်းဦးရဲ့ ဆန္ဒကတော့ သိပ်ပြီး သိသာထင်ရှားတဲ့ လူတွေရဲ့ ငွေတွေကို နောက်ချန်ထားပြီး အများပြည်သူရဲ့ အလှူငွေတွေကို အဓိကထားကောက်ခံပြီးမှ လိုအပ်သလောက် ကူညီသွားမယ်လို့ ပြောပါတယ်၊ သာမန်ပြည်သူ့ငွေတွေကို ဦးစားပေးကောက်ခံပါတယ်၊ ဒါဟာလည်း အာလုံးနဲ့ ညှိနှိုင်းပြီး လုပ်တာပါ၊ AGD မှမဟုတ်ပါဘူး၊ ထင်ရှားတဲ့လူတွေလည်းပါ ပါတယ်၊ ထင်းရှားတဲ့သူတွေဆိုတာ အများပြောနေတဲ့ ခရိုနီဆိုတဲ့လူတွေပေါ့၊ နောက်လိုအပ်မှ သူတို့အလှူငွေတွေကို လက်ခံသွားမှာပါ´ ဟု ပြောကြားသည်။

ဆောက်လုပ်ရေးကော်မတီဝင်များ ရွေးချယ်ခြင်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ဆုံးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပေးကြောင်း၊ ကော်မတီအတွင်းရေးမှုဦးရဲမင်းဦးကဲ့သို့ NLD ပါတီဝင်မဟုတ်သူ ကိုအောင်ထိုက်သည်လည်း ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း၊ စည်ပင်ထံ ဆောက်လုပ်ခွင့် တင်ထားပြီး လက်ရှိတွင် အလှူငွေ ကောက်ခံသည့် အဆင့်တွင်ပင်ရှိသေးကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အလှူငွေများကို အာရှစိမ်းလန်းမှုဖွင့်ဖြိုးရေးဘဏ် (AGD) ဘဏ်စာရင်းအမှတ် ၃၂၄၁၂၂၀၀၀၅၂၈၃ သို့ ထည့်ဝင်နိုင်ပြီး အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကဒ်နှင့် ဖုန်းနံပါတ်များ ဖေါ်ပြရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

NLD ရုံးချုပ်အား အသစ်ပြန်လည်တည်ဆောက်ရန် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စာအမှတ် ၁၅၇(စည်း)/၁၂/၂၀၁၃ဖြင့် ဆောက်လုပ်ရေးကော်မတီဖွဲ့စည်းခဲ့ပြီး NLD သည် နိုင်ငံသား
များအတွက်တည်ထောင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်သောကြောင့် အဖွဲ့ချုပ်ရုံးတည်ဆောက်ရေး
တွင် အလွှာပေါင်းစုံမှ နိုင်ငံသားများ၏ လှူဒါန်းငွေများ လက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က တစ်ချိန်က မည်သို့ပင် ပြည်သူလူထုအပေါ် ကုတ်သွေးစုတ် အမြတ်ထုတ်ခဲ့စေကာမူ ယခု အချိန်တွင် အသိတရားဝင်ပြီး ပြည်သူ့အကျိုး ဆောင်ရွက်ပေးပါက ခရိုနီများကို ချီးမြှောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ ဦးဝင်းတင်ဖောင်ဒေးရှင်း တို့တွင် ခရိုနီများ ငွေအလုံးအရင်းနှင့် ကူညီပံ့ပိုး ပေးလျက်ရှိသည်။

"ခရိုနီတွေ၊ ခရိုပြာတွေ ဆိုပြီး အော်ကြီးဟစ်ကျယ်ပြောခဲ့တဲ့ ဦးဝင်းတင် ပါးစပ်ပိတ်သွားတာကိုပဲကြည့်။ ခရိုနီတွေက လူထုကို နှိပ်စက်ခဲ့တဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီး အမြတ်ထုတ်ခဲ့တာ။ အခု သူတို့တွေ ချမ်းသာနေတာကလည်း လူထုရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေတွေကို အိတ်ထဲထည့်ပြီး ချမ်းသာနေတာ။ တစ်နိုင်ငံလုံး လက်ညိုးထိုးမလွဲ ခရိုနီတွေနဲ့ မကင်းတာတွေ ရှိနေတယ်။ NLD ဟာ လူထုနဲ့ နီးစပ်တဲ့ ပါတီ ဆိုပြီး ပြည်သူက အားကိုးခဲ့တာ။ အာဏာလေး ရမယ် မကြံသေးဘူး။ ဒေါ်စုရော ဦးဝင်းတင်ရော လေသံကပြောင်းလာပြီ။ အခု လယ်ယာမြေပြဿနာတွေမှာလည်း ခရိုနီတွေအဓိက ပါဝင်နေတာ အားလုံးသိတယ်။ ဇေကမ္ဘာဦးခင်ရွှေဆိုရင် ကော့မှူးမှာ ငွေရင်းပြီး ၀င်လိုက်တာနဲ့ NLD ကွန်ရက်တွေ ဘာအသံမှ မထွက်တော့ဘူး။ ဘယ်လောက်သိသာသလဲ။ ဒီခရိုနီတွေ အမျိုး ဘာသာ သာသနာအတွက် ဘာတွေများ ထည့်ဝင်ခဲ့သလဲ။ NLD ကို သိန်းထောင်ချီပြီး ပေးနေတာ။ အမျိုး ဘာသာ သာသနာအတွက် ဘာမှ မလုပ်ခဲ့တဲ့ ခရိုနီတွေကို ကျွန်တော်တို့က ရှုတ်ချတယ်။ ဒီလိုလူမျိုးတွေကို နေရာပေး ရတာယူ ကျွေးတာစားနေတဲ့ NLD အနေနဲ့လည်း လူထုပါတီဆိုတဲ့ စကားကို ဘယ်တော့မှ မပြောပါနဲ့ လို့ ပြောချင်တယ်"ဟု အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးကိုကိုမောင်က ပြောဆိုသည်။

"နောက်ဆုံးတော့ NLD ဟာ အမျိုး ဘာသာ သာသနာအတွက် အားကိုးလောက်တဲ့ ပါတီမဟုတ်ဘူး ဆိုတာ ထင်ရှားလာပြီ။ ခရိုနီကာကွယ်ရေး လုပ်နေတဲ့ပါတီ ဆိုတာ ထင်ရှားလာပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ထောက်ပံ့မှုတွေ မနည်းဘူး။ ပါတီ CEC တွေကို ခရီးသွားတာကအစ ထောက်ပံ့ပေးနေတာတွေ အများကြီး ရှိနေပြီ။ သူ့ဆန်စားပြီး ရဲပြနေတဲ့ NLD ပါတီကိုလည်း အထင်မကြီးဘူး။ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ကြားက ခရိုနီငွေနဲ့ ရုံးဆောက်မယ် ဆိုတဲ့အဓိပ္ပါယ်က ရှင်းနေပါတယ်"ဟု NLD ပါတီဝင်ဟောင်း တစ်ဦးက ပြောကြားသည်။

"NLD ဆိုတာက လူထုနဲ့ ငတ်ငတ်ပြတ်ပြတ်နေနိုင်တဲ့ ပါတီလေ။ အခုတော့ မဟုတ်တော့ဘူး။ ပြောင်းသွားပြီ ခရိုနီNLD လေ။ နေရာလေးတွေ ရလာတော့မယ် ဆိုတော့ စစ်အစိုးရပုံစံမျိုး ဖြစ်လာနေပြီ။ ဦးဝင်းတင်ကြီး ဘာပြောနိုင်သေးလဲ။ ငွေနဲ့ ပါးစပ်ကို ပိတ်လိုက်တာလေ။ ခရိုနီအားကိုး ပုဆိန်ရိုးဆိုတာ NLD မှ NLD ဗျ၊ ငွေအလှူကောက်ခံတယ် ဆိုတာ ဟန်ပြ၊ ဦးတေဇ ထောက်ပံ့တာ သတင်းပေါက်သွားလို့ လုပ်ပြတာ။ နဂိုကတည်းက လက်ဝါးချင်း ရိုက်ပြီးသား။ ဦးတေဇဆိုရင် အရင် စစ်အစိုးရလက်ထက်ကလည်း အဖေကြီး ဦးသန်းရွှေကို အိတ်ထဲ ထည့်ထားတာ။ အခု ဒေါ်စုနဲ့ ဦးဝင်းတင်၊ ဦးတင်ဦး အကုန်လုံး အိတ်ထဲ ထည့်ထားပြီးပြီ။OIC ကလည်း မိတ္ထီလာမီးဘေးအတွက် သိန်းထောင်နဲ့ချီပြီး NLD ကတစ်ဆင့် လှူတဲ့ သတင်းလည်း ရှိသေးတယ်။ NLD နဲ့ OIC ဆက်ဆံရေးကလည်း ရှိသေးတယ်။ ငွေဆိုတာက သည်းခြေကြိုက်လေ။ ကြိုက်မှကြိုက်ပေါ့ဗျာ"ဟု နိုင်ငံရေးပါတီတစ်ခုမှ ပါတီဝင်တစ်ဦးက ဝေဖန်သည်။

နိုင်ငံသားများအတွက်တည်ထောင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီတစ်ခုအနေနှင့် ခရိုနီများနှင့် ပတ်သက်စပ်ယှက်လာမှုအပေါ် အများပြည်သူများက အထူးစိတ်ဝင်စားလျက်ရှိပြီး နိုင်ငံရေး
အသိုင်းအ၀ိုင်းများအကြား ဆွေးနွေးငြင်းခုံစရာ ကိစ္စတစ်ရပ်ဖြစ်လျက်ရှိသည်။

From:News Watch

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>