ဒီမိုမယ်တော် ကုလားယာဉ်မောင်းဖြင့် တိုင်းခန်း လှည့်လည်တော် မူလာစဉ်
အရပ်ထဲက သာမန်လူတစ်ယောက်အဖို့တောင်မှ စရိုက် ဘယ်လောက်အရေးကြီးသလဲအားလုံးသိပြီးသား
လို့ထင်ပါတယ်။စရိုက်ဆိုးရင် သူ့ဘဝဆိုး သလို စရိုက်ကောင်းရင်လည်းသူ့ဘဝ ကောင်းပါတယ်။ စရိုက်ကောင်းတဲ့သူကို ပတ်ဝန်းကျင်ကလည်းချစ်ချင်လေးစားတန်ဖိုးထားကြသလို စရိုက်သိပ်ဆိုးရင်လည်း ပတ်ဝန်းကျင်ကိုရိုက်ခတ်တာပါပဲ။စရိုက်ဆိုးတဲ့သူဆိုတာသူ့ကိုယ်သူလည်းဒုက္ခပေး ပတ်ဝန်းကျင်လည်း ဒုက္ခပေးပါတယ်။ လူဆိုရင်စရိုက်ကောင်းရမယ်ဆိုတာက လူမှုရေးပြဌာန်းချက်ဖြစ်သလို ဘာသာတရားတွေကလည်းစရိုက်ကောင်းတဲ့လူတွေဖြစ်ဖို့ထိန်းကျောင်းတည့်မတ်ပေးကြတာမဟုတ်လား။
လူတစ်ယောက်ချင်းအတွက်ရောလူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါအကျင့်စရိုက်ဆိုတာအရေးကြီးပါတယ်။
သာမန်လူတွေအတွက်တောင်မှ စရိုက် ဒီလောက်အရေးပါလေတော့ နိုင်ငံတော်အာဏာရယူမယ်
ခေါင်းဆောင်တွေအတွက် စရိုက်ဘယ်လောက်အရေးကြီးမလဲ စဉ်းစားသင့်တယ်ထင်ပါတယ်။
စရိုက်ဆိုးတဲ့သူ အာဏာရရင် တိုင်းပြည်ရော လူထုပါ ဘယ်လောက်ဆိုးသလဲဆိုတာလည်း အားလုံးသိပြီးသားပါ။တစ်သက်လုံးက ကောင်းတဲ့အကျင့်စရိုက်ရှိတဲ့သူ အာဏာရတဲ့အခါကျမှ ရုတ်တရက် အကျင့်ပျက်စရိုက်ပျက်ဖြစ်သွားဖို့ရာက ဖြစ်တောင့်ဖြစ်ခဲလို့ယူဆပါတယ်။ရှိတော့ရှိနိုင်ပေမယ့် ရှားပါတယ်။တစ်သက်လုံးက ရောင့်ရဲတင်းတိမ်တတ်တဲ့လူတစ်ယောက် အာဏာရလာတဲ့အခါမှ
လောဘကြီးဖို့တော်တော်မလွယ်ပါဘူး။မတရားလုပ်ဖို့လည်းခက်ခဲပါတယ်။ ရောင့်ရဲတင်းတိမ်တဲ့သူတွေဆို
တာတရားမျှတမှုကိုလည်းမြတ်နိုးချစ်ခင်တတ်တဲ့သဘောရှိပါတယ်။သနားကြင်နာတတ်တဲ့စိတ်မျိုးကလည်း
အတွဲလိုက်ပါလာတတ်တာမျိုးလို့ယူဆပါတယ်။
တစ်သက်လုံးက အလိုရမ္မက် ကြီးသူ အတ္တကြီးသူ တစ်ယောက်ယောက် အာဏာရလာတဲ့အခါမှာလည်း
ရုတ်တရက် အကျင့်ကောင်းစရိုက်ကောင်းတွေဝင်သွားမှာလို့ ဘယ်လိုမျှော်လင့်လို့ရမှာလဲ။ လောဘရော အတ္တရောကြီးတဲ့သူဆိုတာမတရားမှုမှာမွေ့လျော်တတ်ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့စိတ်ဓါတ်လည်းတစ်ခါ
တည်းပါလာတတ်တာမျိုးပါ။ဒေါသကြီးတဲ့သူ အာဏာရရင်လည်း လူထုကိုနှိပ်စက်ဖို့သေချာသလောက်
ရှိပါတယ်။
လူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ပြီး အာဏာအပ်နှင်းရတဲ့နိုင်ငံရေးစနစ်မျိုးမှာ စရိုက်ကိစ္စကို အာဏာရဲ့မူလပိုင်ရှင်လို့ဆိုတဲ့လူထုကရောအာဏာရယူမယ့်အဖွဲ့အစည်းဖြစ်တဲ့ပါတီများကပါအလေးအ
နက်စဉ်းစားသင့်ပါတယ်။စရိုက်မကောင်းတဲ့သူ ခေါင်းဆောင်ဖြစ်ရင်ပါတီခေါင်းဆောင်ဖြစ်ရင်လည်းပါတီကို
ထိခိုက်ပျက်စီးစေမှာဖြစ်သလိုနိုင်ငံခေါင်းဆောင်ဖြစ်ရင်လည်း နိုင်ငံနဲ့လူထုကို မုချထိခိုက်ပျက်စီးစေ
မယ်ဆိုတာ ထည့်စဉ်းစားဖို့ပါ။ခေါင်းဆောင်အဖြစ်ရွေးချယ်ပြီး တာဝန်ပေးမယ့်လူတွေရဲ့ အကျင့်စရိုက် ကိုလည်းသေသေချာချာစိစစ်နိုင်ရင်အကျိုးများနိုင်မယ်ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ အကျင့်စရိုက်ရှိသူများဟာ ဥာဏ်ပညာအမြော်အမြင်နဲ့လည်းပြည့်စုံကြပါတယ်။သတ္တိလည်း
ကောင်းကြပါတယ်။အကျင့်စရိုက်ကောင်းသူပီပီ ရိုးသားဖြောင့်မတ်မှုလည်းရှိတတ်လို့မိမိကိုယ်မိမိ ယုံကြည်မှုလည်းအလိုလိုရှိနေတတ်တာမျိုးပါ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့စရိုက်ကောင်းဖို့လိုပါတယ်။
စရိုက်မကောင်း ဘယ်လိုရိုးသားမှာလဲ။ရိုးသားချင်ဟန်ဆောင်နေတတ်တဲ့စဉ်းလဲသူတွေကို စရိုက်ကောင်းတယ်လို့အမှတ်တမဲ့ တွေးထင်စရာဖြစ်တတ်ပေမယ့်သေသေချာချာ အာရုံစိုက်
လေ့လာလိုက်ရင်ဒေါင်းနဲ့ကျီး ခြားနားမှုကိုဖုံးကွယ်ထားလို့ဘယ်လိုမှမရတဲ့သဘောရှိပါတယ်။
ဥာဏ်ပညာ အမြော်အမြင်ဆိုတာ ဗဟုသုတနဲ့မတူပါဘူး။ ဗဟုသုတဆိုတာက Knowledgeကိုဆို
လိုတာဖြစ်ပြီးအချက်အလက် အကြောင်းချင်းရာများကို မှတ်သားထားခြင်းထက်မပိုပါဘူး။ ဥာဏ်ပညာ
အမြော်အမြင်ဆိုတာကWisdom ဖြစ်ပါတယ်။ ထိုးထွင်းသိမြင်ခြင်း၊အကျိုးသင့်အကြောင်းသင့်စဉ်းစား
တတ်ခြင်း၊တွေးခေါ်မြော်မြင်နိုင်စွမ်းရှိခြင်းတို့ အကျုံးဝင်ပါတယ်။ စရိုက်ကောင်းသူတွေ ဥာဏ်ပညာအမြော်အမြင်လည်းရှိရင်အဖိုးအနဂ္ဂထိုက်တန်ပါတယ်။သူတို့ခေါင်းဆောင်ဖြစ်ရင်လူ့ဘောင်လော
က တိုးတက်ကြီးပွားမှာမုချပါ။
ပညာဗဟုသုတပြည့်စုံပြီးအကျင့်စရိုက်မကောင်းတဲ့သူခေါင်းဆောင်နေရာရောက်လာတဲ့အခါမျိုးမှာတော့
တိုင်းပြည်ထိခိုက်တတ်ပါတယ်။အဒီလိုလူမျိုးတွေ အမြော်အမြင်လည်းနည်းတတ်ကြပါတယ်။ဒီတော့
လူထုဟာ ဆင်းရဲခြင်းမျိုးစုံ ကြုံတွေ့ခံစားရတတ်ပါတယ်။ ဥပမာအနေနဲ့ကမ္ဘာစစ်ဖန်တီးခဲ့သူ ဟစ်တလာနဲ့ လက်ရှိဆီးရီးယားသမ္မတအာဆတ် အကြောင်းနည်းနည်းပါးပါးပြောချင်ပါတယ်။ ဟစ်တလာဆိုတာ
နိုင်ငံရေးပါတီတစ်ခုရဲ့ ပါတီခေါင်းဆောင်ဖြစ်ပါတယ် ။နာဇီပါတီဆိုတာကဂျာမန်အမျိုးသားဆိုရှယ်လစ် အလုပ်သမားပါတီပါ။National Socialist German Workers Partyလို့ခေါ်ပါတယ်။ ၁၉၁၉ ခုနှစ်မှာ ဟစ်တလာ ပါတီဝင်ဖြစ်ပြီး ၁၉၂၁ ခုနှစ်မှာပါတီခေါင်းဆောင်ဖြစ်လာပါတယ်။နဂိုက အကျင့်စရိုက်
မကောင်းသူ စဉ်းလဲသူဖြစ်တဲ့အတိုင်း ၁၉၂၃ ခုနှစ်မှာ သူကအာဏာသိမ်းဖို့ကြိုးပမ်းလို့ ထောင်ကျပါ
တယ်။၁၉၂၄ မှာထောင်ကလွတ်ပြီး လူကြိုက်များအောင်လုပ်နိုင်ခဲ့ရာကနောက်ဆုံးဂျာမဏီရဲ့အဓိပတိ
ဖြစ်လာပြီး ကမ္ဘာကြီးကိုပါရန်ရှာလို့ကမ္ဘာစစ်ဖြစ်ခဲ့ရပါတယ်။ကမ္ဘာနဲ့အဝှမ်း သူ့ကြောင့် လူ့အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။
အာဆတ်ဆိုတာက အရင်ကဆရာဝန်ကြီးပါ။ဆီးရီးယားမှာဆေးကျောင်းတက်ခဲ့ပြီးနိုင်ငံရပ်ခြားမှာ
ဘွဲ့လွန်တက်ခဲ့သူပါ။ သမ္မတ ရာထူးရယူပြီးအာဏာရှင်ဖြစ်လာရာက နောက်ဆုံး ကိုယ့်တိုင်းပြည်ကလူထုကို ဓါတုလက်နက်နဲ့ပါအစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့သူဖြစ်ပါတယ်။
ဒီတော့ ပညာဗဟုသုတ ပြည့်စုံပြီးထူးချွန်ထက်မြင်ပေမယ့် နဂိုစိတ်ဓါတ်ကမကောင်းတဲ့သူ တစ်နည်းအားဖြင့် စရိုက်မကောင်းတဲ့သူအာဏာရလာရင် ကြောက်စရာကောင်းလောက်အောင်
ဖောက်ပြန်တတ်တယ်ဆိုတဲ့သဘောရှိပါတယ်။
Wisdom လို့ခေါ်တဲ့ ပညာဥာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့သူအကျင့်စရိုက်ကောင်းတဲ့သူမျိုးကို အာဏာအပ်နှင်းလိုက်ရင်တိုင်းပြည်ကို ဖျက်စီးပစ်လိုက်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ဒီတော့
ခေါင်းဆောင်တွေကိုရွေးချယ်တဲ့နေရာမှာ စရိုက်ကိုမဖြစ်မနေထည့်စဉ်းစားသင့်တယ်လို့ယူဆပါတယ်။
ကျွန်တော်တို့တိုင်းပြည်မှာလည်းလက်တွေ့ သင်ခန်းစာတွေတပုံတပင်ရှိပြီးသားပါ။ ဒီမိုကရေစီ ကျင့်သုံးနိုင်ခဲ့တဲ့လွတ်လပ်ရေးရပြီးခါစပါလီမန်ခေတ်တုန်းက ဦးနုကိုဘယ်လောက်လူကြိုက်များခဲ့သလဲ အားလုံးသိမယ်ထင်ပါတယ်။လူထုတအားကြိုက်ပါတယ်။ လူထုကြိုက်လောက်မယ့် အနေအထိုင်ပြောအဆို
အပြုအမူများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သူပါ။တစ်ကယ်လည်းထူထုကအပ်နှင်းတဲ့ အာဏာကိုရခဲ့ပါတယ်။ ဦးနုစရိုက်ဘယ်လောက်ဆိုးတယ်ဆိုတာ သူကိုယ်တိုင် ရေးခဲ့တဲ့
စာအုပ်တွေဖတ်ရင်သိနိုင်ပါတယ်။ လူထုထောက်ခံမှုလွယ်လွယ်ရနိုင်ငံကိုလွယ်လွယ်ပဲစီမံ
အုပ်ချုပ်ခဲ့ပြီး နောက်ဆုံးမနိုင်မနင်းနဲ့တိုင်းပြည်ပျက်ခဲ့ရာက အခုအထိ ကျွန်တော်တို့
နိုင်ငံ နာလံမထူနိုင်သေးပါဘူး။ ဦးနုဟာလူတော်တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အကျင့်စရိုက်က
စံထားလောက်တဲ့ပုဂ္ဂိုလ်မဟုတ်ခဲ့ပါဘူး။သူ့ဆီက အာဏာသိမ်းခဲ့တဲ့ ဦးနေဝင်းကတော့ သူ့ထက်ပိုဆိုးတယ်လို့ထင်ပါတယ်။အာဏာရှင်လုံးလုံးဖြစ်ခဲ့သူပါ။အာဏာရစ်မူးနေလို့အောက်ခြေမှာဖြစ်
ချင်တိုင်းဖြစ်ပြီးတိုင်းပြည်ပျက်ခဲ့ရပြန်ပါတယ်။အာဏာရှင်ဆိုတာလည်းဆိုးတဲ့စရိုက်အပေါ်အခြေခံပါတယ်။
စရိုက်ကောင်းတဲ့သူအာဏာရှင်ဘယ်တော့မှမဖြစ်ပါဘူး။အာဏာရှင်တစ်ယောက်ဖြစ်ဖို့အခွင့်အလမ်းတွေကြုံ
လာခဲ့ရင်တောင်စရိုက်ကောင်းရင် အာဏာရှင်မဖြစ်ပါဘူး။အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရင်တောင် လူထုအပေါ်မဖိဆီးပါဘူး။တိုင်းပြည်လည်းတိုးတက်အောင်စွမ်းဆောင်နိုင်ကြပါတယ်။စင်္ကာပူရဲ့ လီကွမ်ယုကိုကြည့်ပါ။ တိုင်းပြည်တိုးတက်ဖို့တစ်ခုကိုပဲ အရူးအမူးဦးတည်ကြိုးပမ်းခဲ့လို့ အခု စင်္ကာပူ ထိတ်တန်းဖြစ်နေပါပြီ။သူကနဂိုကတည်းကချမ်းသာတဲ့မျိုးရိုးပါ။ရိုးရိုးသားသားနေထိုင်ပြုမူတတ်ပါတယ်။
ဒီကနေ့ဒီအချိန်အထိ သူ့နိုင်ငံလူထုကသူမရှိတော့မှာကို စိုးရိမ်ပူပန်နေကြပါတယ်။
နောက်ဆုံးသက်ဦးဆံပိုင်ဘုရင်စနစ်တွေမှာတောင် ဘုရင်တွေရဲ့ စရိုက်အကောင်းအဆိုးက တိုင်းပြည်နဲ့လူထုရဲ့ အပေါ်များစွာသက်ရောက်မှုရှိတာတွေ့ရပါတယ်။မင်းကျင့်တရားနဲကအညီ အုပ်ချုပ်တယ်ဆိုတာမျိုးကို စရိုက်ကောင်းတဲ့ဘုရင်တွေကသာ ပြုမူဆောင်ရွက်နိုင်ခဲ့ပြီး စရိုက်မကောင်းတဲ့ ဘုရင်တွေကြောင့်ရာဇဝင်တွေထဲမှာ မင်းဆိုးမင်းညစ်ဆိုတဲ့ စကားလုံးကျန်ရစ်ခဲ့ရခြင်းဖြစ်ပါတယ်။
ဒီတော့ တိုင်းပြည်တိုးတက်ဖို့ တည်တည်ငြိမ်ငြိမ်ရှိဖို့ လူထုလည်းလွတ်လပ်ပြီး ပျော်ရွှင်အေားချမ်းဖို့ အုပ်ချုပ်သူမင်းအစိုးရများရဲ့အကျင့်စရိုက်ကောင်းဖို့ကလည်းလိုအပ်ချက်ဖြစ်နေပါတယ်။ကိုယ်ကျိုးကြည့်
တတ်သူ၊ အာဏာရှင်စရိုက်ရှိသူ ၊ရက်စက်ကြမ်းကြုတ်သူ၊ လောဘ ကြီးလွန်းသူ၊ အမြော်အမြင်ကင်းမဲ့သူကို လူထုကအာဏာအပ်နှင်းမိရင် တိုင်းပြည်လည်းထိခိုက် လူထုလည်းဆင်းရဲခြင်းမျိုးစုံကိုမုချခံစားရမှာဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ အများနဲ့ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင် လုပ်ကိုင်ဆောင်ရွက်တတ်သူ( အာဏာရှင်စိတ်ဓါတ်မရှိဘဲ
ဒီမိုကရက်တစ်စိတ်ဓါတ်ရှိသူ ) ၊ သနားကြင်နာတတ်သူ၊ လောဘနည်းသူ၊အမြော်အမြင်ကြီး
သူကို ရွေးချယ်တင်မြှောက်မိရင်တိုင်းပြည်လည်းတည်ငြိမ်အေးချမ်းမှုရှိပြီး လူထုလည်း ချမ်းသာပြည့်စုံမှု၊လွတ်လပ်ပျော်ရွှင်မှု များရရှိခံစားရမှာမုချဖြစ်ပါတယ်။
ဒီတော့ လူထုပဲအဓိက ဖြစ်ပါတယ်။လူထုကပဲ တွေးတွေးဆဆ နဲ့ခေါင်းဆောင်များကိုရွေးချယ်ကြဖို့ပါ။နှလုံးသားနဲ့သာမက ဦးနှောက်နဲ့ပါရွေးချယ်နိုင်ကြဖို့ပါ။
လူထုက မိမိတို့ပိုင်တဲ့အာဏာကို အကျင့်စရိုက်ကောင်းသူလက်ထဲအပ်နှင်းနိုင်ဖို့ပါ။
စရိုက်ဆိုးသူခေါင်းဆောင်တွေကိုအာဏာရယူသွားနိုင်တဲ့အနေအထားကနေဖယ်ထုတ်နိုင်ကြဖို့ပါ။
တိုင်းပြည်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ပေးမယ့် သူများ ၊ လူထုအပေါ်လည်းကျောသားရင်သားမခွဲခြား
ပဲ မေတ္တာတရားနဲ့ အုပ်ချုပ်မယ့်သူများ၊ကိုယ်ကျိုးလည်းမကြည့်သူများစိတ်နှလုံး နူးညံ့သိမ်မွေ့ပြီး အကြင်နာတရားပြည့်ဝသူများကို သေသေချာချာရွေးချယ်တာဝန်ပေးနိုင်ဖို့ပါ။လူထုက စရိုက်ကောင်းသော ခေါင်းဆောင်ကောင်းတွေကို ရွေးချယ်ပြီးအာဏာအပ်နှင်းနိုင်ကြဖို့ဆိုတာ နိုင်ငံတော်နဲ့ လူထုရဲ့ကံကြမ္မာကောင်းနိုင်ဖို့အရေးပင် ဖြစ်ပါကြောင်း။
။
www.mmdailystar.com