
သဘာဝထက် ပင်ကိုအရှိတရားထက် ကျော်လွန်လိုသော စိတ်ဆန္ဒမျိုးသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်တည်စေနိုင်သည်ကို အဲလိဇဘက်သ်စတားတစ်ယောက် ဘဝနှင့်ရင်းပြီး နားလည်နေပြီ ဖြစ်သည်။ ညစ်ညမ်းရုပ်ရှင် မင်းသမီး တစ်ဦးဖြစ်သော အဲလိဇဘက်သ်သည် သူမ၏ ရင်သားကို ကြီးမားဖွံ့ထွားအောင် ခွဲစိတ်မှုတစ်ရပ် ခံယူခဲ့သည်။ လွန်ခဲ့သည့် (၁၅)နှစ်က အဲလိဇဘက်သ် အနေဖြင့် တရားဝင်အဖြစ် သတ်မှတ်မထားသော ခွဲစိတ်မှု နည်းလမ်းတစ်ရပ် ခံယူထားပြီး ယခုအခါ ယင်းက သူမ၏ အသက်ကို ပြန်လည် ခြိမ်းခြောက်နေပြီ ဖြစ်သည်။
ကလေး(၂)ဦး၏ မိခင်ဖြစ်သော အဲလိဇဘက်သ်သည် ရင်သားကြီးထွားမှုအတွက် ပြုပြင်တည့်မတ်ပေးသည့် ခွဲစိတ်မှု (၆၃)ကြိမ် ပြုလုပ်ခဲ့ရပြီး ဖြစ်သည်။ ပေါင်စတာလင် (၃၀၀၀)တန် တရားမဝင် ခွဲစိတ်မှုတွင် ဖန်တီးပြုလုပ်ထားသည့် ကြိုးအတုတစ်ခုကို အဲလိဇဘက်သ်၏ ရင်သားအတွင်း ထည့်သွင်းခဲ့သည်။ အဆိုပါကြိုးသည် ရင်သားအတွင်း အရည်ဓာတ် ဖြစ်တည်ခြင်းကို အားပေးပြီး ရင်သားကို ကြီးထွားလာစေအောင် လှုံ့ဆော်ပေးသည်။ သို့သော်လည်း ဘေးထွက်ဆိုးကျိုးများ ရှိတတ်သဖြင့် အဆိုပါ ကုထုံးကို တရားမဝင် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ အဲလိဇဘက်သ် အနေဖြင့်မူ ရင်သားထွားကျိုင်းလိုဇော ကြီးမားစွာဖြင့် ယင်းကုထုံးကို ခံယူခဲ့သည်။
ကုထုံးစတင်ပြီး ရက်ပိုင်းအတွင်းမှာပင် ရှုပ်ထွေးမှားယွင်းမှု အကျိုးဆက်ကို အဲလိဇဘက်သ် စတင်၍ ခံစားခဲ့ရသည်။ ဆရာဝန်များက သူမအနေဖြင့် ချိန်ကိုက်ဗုံးနှစ်လုံး ချိတ်ဆွဲထားသည့်နှယ် အချိန်မရွေး အန္တရာယ် ပေးနိုင်သော ရင်သားနှစ်ဖက်ကို ဖြတ်ထုတ်ကုသမှု ခံယူရန် အကြံပြုထားသည်။ အသက်(၄၃)နှစ်ရှိ အဲလိဇဘက်သ်က "အခြေခံကျကျ ပြောရရင်တော့ ကျွန်မရဲ့ ဘဝက စမ်းသပ်မှုတစ်ခုရဲ့ သားကောင်ပါပဲ။ ကျွန်မအနေနဲ့ ရင်သားပိုကြီးလာတာဟာ ကိုယ့်အလုပ်အကိုင်အတွက် အထောက်အကူ ဖြစ်မယ်ဆိုတာကို နားလည်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပိုးဝင်မှုတွေ၊ သွေးခဲမှုတွေ ဖြစ်လာတယ်။ ဒီဖြစ်ရပ်တွေက ကျွန်မရဲ့ ဘဝကို ဖျက်ဆီးပစ်ခဲ့တာပါပဲ"ဟု ဖွင့်ဟခဲ့သည်။
(၁၉၉၉)ခုနှစ်က ပိုလီပရိုပိုင်လင်း ကြိုးမျှင်ကို ရင်သားအတွင်း ထည့်သွင်းစဉ်က အဲလိဇဘက်သ်၏ ရင်သားသည် 32 F အရွယ်အစားရှိခဲ့ပြီး ဖြစ်သည်။ "ခွဲစိတ်မှု ခံယူပြီး ရက်နည်းနည်း အကြာမှာတင် ဒုက္ခတွေ့တော့တာပဲ။ ကျွန်မရဲ့ ညာဘက်ရင်သားက နီရဲရောင်ကိုင်းလာတယ်။ ပြီးတော့ ကျွန်မ အားယုတ်သွားတယ်။ ခွဲစိတ်ဆရာဝန်က ရင်သားထဲက တစ်သျှူးတချို့ကို ဖြတ်ထုတ်ခဲ့တယ်။ အဲဒီကနေ ပိုးဝင်သွားတယ် ထင်ပါတယ်။ အဲဒီပိုးက ကျွန်မရဲ့ ညာဘက်ရင်သားကို ကိုက်ဖျက်ခဲ့တယ်။ (၁၀)ပဲနိဒင်္ဂါးစေ့လောက် အပေါက်ကြီး ဖြစ်သွားပြီး နာကျင်ပုံကတော့ ပြောမပြတတ်အောင်ပဲ"ဟုလည်း အဲလိဇဘက်သ်က ဆိုသည်။

သူမသည်ကိုးစညာဘက်ရင်သားမှ ကြိုးစအတော်များများကို ခွဲထုတ်နိုင်ခဲ့သော်လည်း ဘယ်ဘက်ခြမ်းမှ ကြိုးစကိုမူ ထုတ်ယူရန် မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးစွာ တည်ရှိနေသည်။ ထို့ကြောင့်လည်း ဆက်လက်ကြီးထွားမြဲ ဖြစ်နေပြီး အဲလိဇဘက်သ် အနေဖြင့် သူမ၏ ရင်သားနှစ်ဖက် တူညီစေရန် ခွဲစိတ်မှု အကြိမ်ကြိမ် ခံယူခဲ့ရသည်။ "ကျွန်မရဲ့ ညာဘက်ရင်သားက တစ်သျှူးတွေက ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ အကောင်းမကျန်တော့သလောက်ပဲ။ အဲဒီတော့ နောက်ကျောက တစ်သျှူးကိုယူပြီး အစားထိုးရတယ်။ ပြန်ကောင်းလာတဲ့ထိ ကျွန်မ အောက်စီဂျင်ပေးတဲ့ ကန်ထဲမှာ နေခဲ့ရတယ်။ သေလုနီးနီး အခြေအနေ ဆိုးသွားတာ (၃)ခါတောင်ပဲ"ဟုလည်း ရှင်းပြခဲ့သည်။
သူမ၏ ရင်သားအတွင်း သွေးကြောလည်ပတ်မှု စနစ်မှာလည်း ရှုပ်ထွေးမှုများ ဖြစ်နေပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်လျှက် ရှိသည်။ "ကျွန်မရဲ့ ရင်သားအတွင်းပိုင်းမှာ တစ်သျှူးပျက်စီးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ အများကြီး ရှိနေတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ သွေးကြောလည်ပတ်မှုကို သက်ရောက်စေတယ်လို့ ဆရာဝန်တွေက ပြောပြပါတယ်။ သေလောက်တဲ့အထိ အခြေအနေဆိုးတဲ့ သွေးခဲမှုမျိုး ဖြစ်သွားနိုင်တယ်။ ကျွန်မရဲ့ အဖြစ်က ချိန်ကိုက်ဗုံးကို လွယ်ထားရသလိုပါပဲ။ ဘယ်အချိန် ဘာထဖောက်မယ်ဆိုတာ ကြိုတွေးလို့ မရဘူး။ ကျွန်မ တကယ်ပဲ တုန်လှုပ်မိပါတယ်"ဟုလည်း အဲလိဇဘက်သ်က ဝမ်းနည်းကြေကွဲစွာ ပြောကြားသွားသည်။

အဲလိဇဘက်သ်၏ ရင်သားအတွင်းရှိ ကြိုးမျှင်များက ရင်သားနှစ်ဖက်စလုံးထဲ အရည်များ စိမ့်ဝင်နေစေရန် လှုံဆော်နေဆဲဖြစ်ပြီး ဘောလုံးကြီးများသဖွယ် ဖြစ်လာစေသည်။ သူမကို ကုသပေးနေသည့် ပလပ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန် ဒေါက်တာ အလက်ဇန္ဒဒါး ဆင်ကလဲယားက "ပိုလီပရိုပိုင်လင်း ကြိုးမျှင်ရဲ့ အကျိုးဆက်တွေ ကြုံလာတဲ့ သူတွေကို ကျွန်တော် ကုသပေးဖူးပါတယ်။ ဒါပေမဲ့ အဲလိဇဘက်သ်ရဲ့ ဖြစ်ရပ်ကတော့ မကြုံဖူးလောက်အောင်ပဲ။ ရိုးရိုးသားသား ပြောရရင် သူ့အနာဂတ်ကို ကျွန်တော်တို့ ဘာမှ ကြိုပြောလို့ မရဘူး။ လောလောဆယ်မှာတော့ ဒေသခံ ဆေးဘက်ဆိုင်ရာ ပညာရှင်အသင်းနဲ့ တိုင်ပင်မှုအရ သူ့ရင်သား နှစ်ဖက်လုံးကို ဖြတ်တောက်ကုသမှု ခံယူသင့်ကြောင်း အကြံပြုထားကြပါတယ်"ဟု မှတ်ချက်ပြုသွားခဲ့သည်။
www.mmdailystar.com