Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စေတနာ့ဝန်ထမ်းလူငယ်မောင်မယ်များသို့ နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြု နှုတ်ခွန်းဆက် အမှာစကား

$
0
0
ယနေ့ညနေပိုင်းက နေပြည်တော် မြို့တော်ခန်းမရင်ပြင်၌ ကျင်းပ ပြုလုပ်သည့် (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေးအတွက် ကူညီထောက်ပံ့ ပေးသည့် အဖွဲ့များအား တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲ အခမ်းအနား၌ ဗီဒီယို ရုပ်သံဖြင့် ထုတ်လွှင့်ပြသခဲ့သည့် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်၏ ဂုဏ်ပြု နှုတ်ခွန်းဆက် အမှာစကား အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်-

ချစ်ခင်လေးစားရပါသော လူငယ်မောင်မယ်များခင်ဗျား-

● (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီအားကစားပွဲတော်ကြီးဟာ (၄၄)နှစ်ကြာမှ မြန်မာနိုင်ငံမှာ ပြန်လည် ကျင်းပနိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

● ယခင်က အကြောင်း အမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်း မရှိရာကနေ ယခုအချိန်မှ ပြန်လည် ကျင်းပနိုင်ခွင့်ရ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ အခွင့်အရေး လေးခု ရရှိခဲ့ပါတယ်။ ပထမ အခွင့်အရေး ကတော့ ယခုကဲ့သို့ နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ အနေဖြင့် ကျင်းပနိုင်စွမ်း ရှိပါ့မလားလို့ ပြည်တွင်း ပြည်ပမှ သံသယ ရှိနေသူတွေကို မြန်မာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အနေဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

● ဒုတိယ အခွင့်အရေး ကတော့ မြန်မာ့ အားကစား သမားများရဲ့ စိတ်ဓာတ်၊ စွမ်းရည်၊ သန့်ရှင်းစွာ ယှဉ်ပြိုင်မှု၊ ရဲစွမ်းသတ္တိရှိမှုတို့ကို ပြသနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ တတိယအနေဖြင့် နိုင်ငံတကာမှ အားကစား သမားများ၊ လာရောက် လေ့လာ ကြည့်ရှု သူများကို မြန်မာလူမျိုးများ၏ ယဉ်ကျေး သိမ်မွေ့မှု၊ ဖော်ရွေမှု၊ ကူညီစောင့်ရှောက်မှု၊ ကိုယ်ကျင့်တရား မြင့်မားမှုများကို ပြသနိုင်တဲ့အခွင့် အရေးပဲဖြစ်ပါတယ်။ နောက်ဆုံး အခွင့်အရေးကတော့ နိုင်ငံခြားသားများ အနေဖြင့် အားကစား ပြိုင်ပွဲများသာမက မြန်မာနိုင်ငံ၏ အခြား စိတ်ဝင်စားစရာ နေရာများကိုပါ လေ့လာခွင့် ရရှိသွားတဲ့ အတွက် နိုင်ငံနှင့်လူမျိုး၏ ပုံရိပ်ကို မြှင့်တင်နိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

● အရှေ့တောင်အာရှ အားကစား ပွဲတော်ကြီးမှာ နိုင်ငံအသီးသီးက အားကစား မောင်မယ်များ၊ ဧည့်သည်တော်များ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက မီဒီယာသမား အမြောက်အမြား ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

● ဒီဧည့်သည်တော်များကို မြန်မာနိုင်ငံရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ ဖော်ရွေမှု၊ ကူညီစောင့်ရှောက်မှု၊ ကိုယ်ကျင့် တရား မြင့်မားမှုများကို ပြသနိုင်ရေး၊ မြန်မာနိုင်ငံ အနေနဲ့ လုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို ပြသနိုင်ရေးဟာ အားကစား ပြိုင်ပွဲများမှာ မြန်မာ အားကစား မောင်မယ်များ အနိုင်ရရှိရေးလိုပဲ အရေး ကြီးလှပါတယ်။ အဲဒီတာဝန်ကို ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများမှာ ပါဝင်ဖျော်ဖြေခဲ့ကြတဲ့ မောင်မယ်များ၊ ဆက်သွယ် ဆက်ဆံရေး အရာရှိများ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေး လူငယ်များက တာဝန်ယူ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

● မောင်တို့မယ်တို့ဟာ ဒီတာဝန်များကို မိမိတို့ ဆန္ဒအလျောက် တာဝန်ယူဆောင်ရွက်ခဲ့ကြ တာဖြစ်ပါတယ်၊ စေတနာ့ဝန်ထမ်း တာဝန် ထမ်းဆောင်သူ ဆိုတာဟာ အကျိုး၊ အမြတ် အခွင့်အရေး တစ်စုံတစ်ရာကို ရည်ရွယ်ခြင်း မရှိဘဲ အများအကျိုး၊ နိုင်ငံအကျိုး အတွက် မိမိ တတ်စွမ်းသမျှ ကူညီ ဖြည့်ဆည်းပေး သူပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီတာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ အခါမှာ မောင်တို့ မယ်တို့ဟာ မိမိတို့ နှလုံးသားထဲမှာ နိုင်ငံ့ဂုဏ်သိက္ခာ မြင့်မားစေဖို့အတွက် အစွမ်းကုန် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပျော်ရွှင် တက်ကြွစွာ ထမ်းဆောင် ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ပြိုင်ပွဲကာလ တစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများ၊ အဆင်မပြေမှု များကိုလည်း နားလည် သည်းခံ ခွင့်လွှတ်တဲ့ စိတ်ထားနဲ့ ရင်ဆိုင် ကျော်လွှားခဲ့ကြပါတယ်။ နိုင်ငံရဲ့ နေရာဒေသ အသီးသီးက ရောက်ရှိလာကြတဲ့ တိုင်းရင်းသား မောင်မယ်များဟာ အရှေ့တောင်အာရှ အားကစား ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်နဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့တာဟာ ဂုဏ်ယူစရာ ဖြစ်ပါတယ်။

● မောင်တို့မယ်တို့လိုပဲ ပြိုင်ပွဲဦးစီး ကော်မတီများ၊ အထောက်အကူပြု အဖွဲ့များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ ဂီတ အနုပညာရှင်များ၊ အတတ်ပညာရှင်များဟာလည်း (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အင်တိုက် အားတိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခဲ့ကြပါတယ်။

● ဒါ့ကြောင့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူ အားလုံးရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။ ဒီအောင်ပွဲကို မောင်တို့ မယ်တို့ အပါအဝင် ပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်၊ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ရယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

● ဒီကနေ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်နေတဲ့ အသွင်ကူးပြောင်းစ ဒီမိုကရေစီ လမ်းခရီးမှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကို အရေးတကြီး တည်ဆောက်နေ ရတဲ့အချိန် ဖြစ်ပါတယ်။ ဒီလို အချိန်ကာလမှာ အခုလို လူ့အဖွဲ့အစည်း အသီးသီး၊ လူထု လူတန်းစား အလွှာ အသီးသီးက အမျိုးသားရေး တာဝန်တစ်ရပ်ကို အောင်အောင်မြင်မြင် ပူးပေါင်း အကောင်အထည် ဖော်နိုင်ခဲ့တာဟာ ရှေ့ဆက်မယ့် ခရီးလမ်းအတွက် ခွန်အားသစ်တွေ ဖြစ်ထွန်းစေပါတယ်။ ဒီလိုသာ အမျိုးသား ညီညွတ်ရေးကို တည်ဆောက် နိုင်မယ်ဆိုရင် ငြိမ်းချမ်း သာယာဝပြောတဲ့ ခေတ် တစ်ခေတ်ကို တည်ဆောက်နိုင်မှာ သေချာပါတယ်။

● ဒါ့ကြောင့် မောင်တို့မယ်တို့ အနေနဲ့ အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးက ရရှိလာတဲ့ စိတ်ဓာတ်များ၊ အတွေ့အကြုံများကို နိုင်ငံ တည်ဆောက်ရေး အတွက် ဆက်လက် အသုံးပြုသွားဖို့ တိုက်တွန်းအပ်ပါတယ်။

မောင်တို့မယ်တို့ အားလုံး ကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေ။

From:Hmuu Zaw

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>