Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စွာတာတာ သတင်းထောက်၊ ဂိုဏ်းစတား မီဒီယာနဲ့ အကျင့်မကောင်းတဲ့ ကိုအောင်ဘ

$
0
0

"သတင်းရင်းမြစ်တွေကို ဘာမဆို သွားမေးသင့်တယ် ထင်တဲ့ သတင်းထောက်တွေ ဖတ်ဖို့"
------------------------------------------------------------------------------------------------
ခင်ဗျားက မီဒီယာ ပိုင်ရှင် တစ်ယောက် ဆိုပါတော့။ ခင်ဗျားဟာ လောင်းကစားကရတဲ့ငွေနဲ့
ထောက်လှမ်းရေးနဲ့ ပေါင်းပြီး ဂျာနယ်ထောင်တယ်။ မိန်းကလေးငယ်တွေကိုလည်း ခြေတော်တင်တယ်။ ရုံးခန်းနဲ့အတူ ကုတင်ကြီးတစ်လုံး ပါတဲ့ အခန်းတစ်ခန်းလည်း ဖွဲ့ထားတယ်ကြားတယ်။ အဲဒါတွေမှန်ပါသလား လို့ ခင်ဗျားကိုမေးမယ်။ ကဲ ခင်ဗျားဖြေမလား။
---------------------------------------------------------------------------------------------

“ စွာတာတာ သတင်းထောက်၊ ဂိုဏ်းစတား မီဒီယာနဲ့ အကျင့်မကောင်းတဲ့ ကိုအောင်ဘ”
အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၄၆)
စည်သူအောင်မြင့်
မြန်မာပို့စ် ဂလိုဘယ်၊ ၁၉-၁၂-၁၃။ စာ- ၂၃။

မောင်လှ - အောင်မလေးတော်၊ စွာချက်က၊ 9 လောက်ရှိတယ်။

အောင်ဘ - ဘာလဲဗျ။ ကိုမောင်လှ၊ မာမီသံ လေသံနဲ့ ကျွန်တော့်ကိုလာပြောနေတယ်။ လူမှားနေပြီထင်တယ်။

မောင်လှ - မမှားပါဘူး။ ခင်ဗျားတို့ စာနယ်ဇင်းသမားတွေကိုပြောတာပါ။ ငယ်ငယ် ငေါက်ငေါက် ကောင်လေးတွေ ကောင်မလေးတွေ အားလုံး။

အောင်ဘ - ဟောဗျာ။ အရင်းမရှိ အဖျားမရှိ။ ဘာမှမပြောရင် ကျွန်တော်က ဘာသိမှာလည်း ပြောစမ်းပါဦး။

မောင်လှ - ဒီလိုဗျ။ တစ်နေ့သားက Face book ခင်ဗျားတို့အခေါ် ဖွဘုတ်ကြည့်မိပါတယ်။ အဲဒီမှာ---------------

အောင်ဘ - ခင်ဗျားကို ကျွန်တော်ပြောထားတယ်လေ။ ဖွဘုတ်က မသေခြာ မရေရာတဲ့ဟာတွေကို လာလာမပြောနဲ့ အချိန်ကုန်တယ် ဆိုပြီးတော့လေ-

မောင်လှ - ဆုံးအောင်နားထောင်ပါဦး။ ဖွဘုတ်မှာက အစုံပါတာလေ။ ခင်ဗျားပဲပြောတယ် မဟုတ်လား၊ တရားဝင် ကိုယ့်နာမည်နဲ့ကိုယ် အသေအခြာ ရေးနေ တင်နေတဲ့သူတွေ၊ ဌာနတွေ၊ အင်န်၈ျီအိုတွေ၊ သတင်းဌာနတွေ အများကြီးရှိတာပဲဟာ ဘာဖြစ် ကျွန်တော့်ကို ပိတ်ပြီး လာပြောနေတာလဲ။

အောင်ဘ - ဆောရီး၊ ဆောရီး ခင်ဗျား ဖွဘုတ်ထဲက မကောမကန်းတွေ ထုတ်ပြီး ဟိုမေး ဒီမေး မေးမှာစိုးလို့ ဆောရီးဗျာ။

မောင်လှ - အဲဒီမှာ ဒေါက်တာမင်းဇော်ဦးက ပို့စ် တစ်ခုတင်တယ်။ သူ တင်တာက ရိုးရိုးလေး။ သူ့ကို သတင်းထောက် တစ်ယောက်က မရေရာတဲ့ သတင်းရင်းမြစ် တစ်ခုနဲ့ မေးခွန်းထုတ်တယ်။ သူက အဲဒီ သတင်းထောက်ကို ပြန်မေးတယ်။ ဟိုက မရေရာတော့ ဟိုရောက် သည်ရောက်ပေါ့။ အဲဒါလေး တင်တာ။

အောင်ဘ - ကျွန်တော်လည်း ဖတ်ရပါတယ်။

မောင်လှ - အဲဒါပေါ့။ အဲဒါပေါ့။ အဲဒီမှာ အောက်မှာ ကွန်မန့်တွေ ပေးလိုက်ကြတာ။ တစ်ချို့ဆို စွာမှစွာ။

အောင်ဘ - ဘယ်သူတွေကို ပြောတာလဲ။

မောင်လှ - ခင်ဗျားတို့ သတင်းထောက်တွေကို ပြောတာ ငတ ရဲ့။

အောင်ဘ - အင်းလေ အဲဒါလည်းကောင်းတာပဲ။

မောင်လှ - ဘာကောင်းတာလဲ။

အောင်ဘ - အော် ကျွန်တော်တို့ သတင်းထောက်တွေ ဘယ်လိုမျိုးတွေလဲ ဆိုတာ အများပြည်သူ သိသွားတာပေါ့။ မကောင်းဘူးလား။ အဆင့်အတန်း ရှိမရှိလဲ သိသွားတာပေါ့။

မောင်လှ - အဲလိုဆို စိတ်ညစ်စရာကြီး၊ အဲဒီမှာတင်ပြီး အဲဒီ အဆက် သတင်းထောက် ကောင်မလေးတစ်ယောက်က ပို့စ် တစ်ခု တင်တယ်ဗျာ။ ရိုင်းလိုက်တာမှ။ ရိုင်းလိုက်တာမှ။

အောင်ဘ - သတင်းထောက်တွေ ယဉ်ကျေးတယ်လို့ ခင်ဗျားကို ဘယ်သူပြောသလဲ။ လူပေါင်းစုံ ပါနေတယ်လို့ ပြောထားတဲ့ဟာ။

မောင်လှ - ခင်ဗျားကလည်းဗျာ။ စကားအကောင်းမပြောဘူး။

အောင်ဘ - ဘယ်ပြောမလဲ။ ကျွန်တော်လည်း ညစ်နေတဲ့ဟာ။

မောင်လှ - ကောင်းပြီ။ ခင်ဗျားကိုပဲ ကျွန်တော်မေးတော့မယ်။ ကျွန်တော်က သတင်းဆို့စ် တစ်ခုခုရမယ်။ ဘယ်က ရရဗျာ။ အဲဒါ ခင်ဗျားကို မေးမယ်။ ဘာမဆို ခင်ဗျားဖြေမလား။

အောင်ဘ - ခင်ဗျားကို ကျွန်တော်ပြန်မေးမယ်။ ခင်ဗျားက မီဒီယာ ပိုင်ရှင် တစ်ယောက် ဆိုပါတော့။ ခင်ဗျားဟာ လောင်းကစားကရတဲ့ ငွေနဲ့ ထောက်လှမ်းရေးနဲ့ ပေါင်းပြီး ဂျာနယ်ထောင်တယ်။ မိန်းကလေးငယ်တွေကိုလည်း ခြေတော်တင်တယ်။ ရုံးခန်းနဲ့အတူ ကုတင်ကြီးတစ်လုံး ပါတဲ့ အခန်းတစ်ခန်းလည်း ဖွဲ့ထားတယ်ကြားတယ်။ အဲဒါတွေမှန်ပါသလား လို့ ခင်ဗျားကိုမေးမယ်။ ကဲ ခင်ဗျားဖြေမလား။

မောင်လှ - ဟေ့လူ ဟေ့လူ မစော်ကားနဲ့လေ။ ကျွန်တော်က စကားအကောင်းပြောမလို့။ ကဲ ကဲ မဟုတ်ရင် ခင်ဗျားနဲ့ ကျွန်တော် ရန်ဖြစ်တာပဲ အဖတ်တင်မယ်။ ခင်ဗျားသာဆို မေးခွန်းတွေမေးတဲ့ဆီမှာ ဘယ်လို မူတွေ ထားသလဲ။

အောင်ဘ - ကျွန်တော်ကတော့ သတင်းရင်းမြစ် တစ်ခုခုဟာ မခိုင်မာဘူးလို့ ယူဆရင် မေးကို မမေးဘူး။ ဥပမာ ဂျာနယ်တစ်စောင်ထဲမှာ သတင်းတစ်ခု ဖော်ပြထားမယ်။ ကျွန်တော် ကြည့်လိုက်မယ်။ အဲဒါ မဖြစ်နိုင်ဘူး လုံးဝ မခိုင်မာ ဘူးလို့ ယူဆရင် အဲဒါ ကာယကံရှင်ကို ထပ်ကို မမေးဘူး။ မေးချင်းမေးရင် အဲဒီ ဖော်ပြတဲ့ ဂျာနယ်ကိုပဲ အရင်မေးမယ်။ ခင်ဗျားတို့ ဘယ်က သိသလဲလို့။ မဟုတ်ရင် ကာယကံရှင်ကို သွားစော်ကားသလို ဖြစ်တတ်တယ်။

မောင်လှ - အဲ သတင်းထောက်တွေပြောသလို ပြောရရင် ဘယ်က သိရသိရ မေးမှာပဲ။ မေးပိုင်ခွင့်ရှိတယ်ဆိုပြီး ပြောတာကိုရော။

အောင်ဘ - ကျွန်တော် လက်ခံတဲ့ စာနယ်ဇင်း ကျင့်ဝတ်၊ တိတိကျကျ ပြောရရင် ၁၉၆၁ စာနယ်ဇင်းကောင်စီ ရဲ့ စာနယ်ဇင်း ကျင့်ဝတ် နံပါတ်(၁) ထိပ်ဆုံးမှာ “စာနယ်ဇင်းတို့သည် အများပြည်သူ သိရှိရန် အလို့ငှာ ထုတ်ပြန်သော သတင်းတိုင်း၌ အချက်အလက် မှန်ကန် တိကျစေရန် အစွမ်းကုန် စိစစ်ရမည်။ ” ဆိုပြီး ဖော်ပြထားတယ်။ အဲဒါဟာ ကျယ်ပြန့်တယ်။ သတင်းအစအန စ ရတာကနေ နောက်ဆုံး ပုံနှိပ်ဖော်ပြတဲ့အထိ စိစစ်ရမယ်လို့ ကျွန်တော် နားလည်တယ်။ ဒါကြောင့် လမ်းဘေးမှာ ဟာ ဟို နိုင်ငံရေးခေါင်းဆောင်တော့ ဒီလိုဖြစ်နေပြီ။ ဒီ ၀န်ကြီးသတင်း ဒီလိုကြားလိုက်ရုံနဲ့ အဲဒီ လူတွေကို သွားမေးတာမျိုး မလုပ်သင့်ဘူး၊ ပြောတဲ့သူ ရတဲ့နေရာကနေ အရင် စိစစ်ကြည့်ဦး။ အဲဒါမျိုး ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး။ ရေးသားဖော်ပြဖို့ ဆိုရင် ဝေးရောပဲ။

မောင်လှ - အခုမေးရုံမက ရေးလည်း ရေးနေကြတာ ကျွန်တော် တွေ့နေရတာပဲ။

အောင်ဘ - သိက္ခာရှိတဲ့ သတင်းစာ၊ ဂျာနယ်တွေ မရေးပါဘူးဗျ။ ကျွန်တော် အတော်များများ ဖတ်ပါတယ်ဗျ။

မောင်လှ - ဟ ရောင်းကောင်း စောင်ရေ အလွန်များတဲ့ သတင်းစာ၊ ဂျာနယ်ကြီးတွေလည်း ရေးတဲ့အထဲ ပါတယ်၊ သက်သေ ထုတ်ပြရမလား။

အောင်ဘ - ဒီကိစ္စ ဒီလိုရှိတယ်။

မောင်လှ - ဟိုကိစ္စ ဟိုလိုမရှိဘူးပြောမလို့လား၊ ခင်ဗျားက ဝေ့လည်ကြောင်ပတ် ပြောတတ်လာပြီ။

အောင်ဘ - မဟုတ်ပါဘူးဗျာ။ ခုနင်က ကိစ္စကိုပဲ ခွဲခြားပြောမှာပါ။ တကယ် စာနယ်ဇင်း ကျင့်ဝတ် သိပ်မသိတဲ့ သတင်းထောက်တွေဟာ သတင်း အစ တစ်ခု ကြားတယ်။ ဒါကို အဲဒီထက်ပို သိအောင် ထပ် ထပ်ပြီး လုပ်ရမယ်၊ မေးရမယ်၊ စူးစမ်းရမယ်၊ အဲလို လုပ်ပြီးနောက်ဆုံးမှ ကာယကံရှင်ကို မေးသင့်တယ် ဆိုတာ သူတို့ တကယ်မသိဘူး၊ ရိုးရိုးသားသား မသိတာ၊ တစ်ချို့ အယ်ဒီတာတွေလည်း မသိကြဘူး။ ဒီတော့ ကဲ ကာယကံရှင်ကို မေးကွာ ဆိုပြီး ဖြစ်ရော၊ ပိုဆိုးတာက မဟုတ်က ဟုတ်က ကို သွားမေး၊ ကာယကံရှင်က မဟုတ်အကြောင်း ပြန်ပြောရင်လည်း အမြတ်ပဲ ဆိုပြီး အဲဒါကို စာမျက်နှာပေါ်တင်၊ အဲလို ဖြစ်နေကြတာ။

မောင်လှ - ကျွန်တော် အခု ပြောနေတာ အဲဒါပဲလေ။

အောင်ဘ - အင်းပါ။ အခုပြောတာက တကယ် မသိလို့ မေးကြ၊ လုပ်နေကြ၊ စာမျက်နှာပေါ် မတင်သင့်ပဲ တင်နေကြတဲ့ ကိစ္စ။ အဲ တစ်ချို့ ခင်ဗျားစောစောက ပြောတဲ့ မီဒီယာ အကြီးကြီးတွေကျတော့ အဲလို မဟုတ်ဘူး။ သတင်းအစ ဟာ မဟုတ်ဘူး ဆိုတာ ကောင်းကောင်းသိတယ်၊ ဒါပေမယ့် သူတို့ ထိုးနှက်ချင်တဲ့ ပုဂ္ဂိုလ်၊ ထိုးနှက်ချင်တဲ့ အကြောင်းအရာ ဆိုရင် မသေချာ မရေရာတာ သိသိကြီးနဲ့ မေးတာပဲ၊ ပြီးရင် အဲဒီ မဟုတ်တာကြီးကို မဟုတ်မှန်းသိသိကြီးနဲ့ ဖော်ပြတော့တာပဲ။

မောင်လှ - အဲလို မလုပ်ရဘူးလား။

အောင်ဘ - အော် ခင်ဗျားစဉ်းစားကြည့်ပေါ့။ ဘယ်လူ့အဖွဲ့အစည်းမှာ မဆို ကောလဟာလတွေ မမှန်တဲ့ အကြောင်းအရာတွေ၊ တစ်ချို့ တမင်ကလာ ဖြန့်ချီနေတဲ့ ကောလဟလ အမှားတွေ အချိန်တိုင်းထွက်နေတာပဲ။ အဲဒါတွေကို မရမက မေး၊ ပြန်ဖြေလည်း ရေးထည့် ပြန်မဖြေလည်း ရေးထည့်ဆို ကျွန်တော်တို့ သတင်းစာလောက ဘာဖြစ်သွားမလဲ။ နောက် အဲဒီလူတွေ၊ အဲဒီ မီဒီယာတွေ ဒေါ်အောင်ဆန်းစုကြည်ကို အဲလို မရေမရာ မဟုတ်မဟတ် ကောလာဟလတွေ သွားမေးရဲမလား။ ခင်ဗျားနားလည်ဖို့က သတင်းထောက်ဆိုတာ ဘက်တိုင်းကို မျှမျှတတ ဆက်ဆံရတယ်။

မောင်လှ - ဘာမှ မဖြစ်ပါဘူး။ ခုကိုပဲ ခင်ဗျားတို့လောကကို လူပြောသူပြောများနေပြီပဲ။ ဘာတဲ့ အ၀ါရောင်တွေတဲ့။ ဘက်လိုက်ရေးတယ်တဲ့။ အများကြီးမှ အများကြီးပဲ။

အောင်ဘ - တကယ်တော့ ဒါတွေက အဆန်းတကြယ်တော့ မဟုတ်ဘူးဗျ။ အရင် စစ်အစိုးရ ဖိနှိပ်ထားစဉ်တုန်းက မဂ္ဂဇင်းလောက်ပဲ ထုတ်ခွင့်ရတဲ့ အချိန်ရှိခဲ့တယ်၊ အဲဒီ အချိန် ရုပ်ရှင်၊ ဂီတ၊ စာပေ အနုပညာလောက အကြောင်းလောက်ပဲ ရေးခွင့်ရတယ်။ ဘယ်လိုရေးကြသလဲဆို ခုနက ခင်ဗျားပြောသလို အ၀ါရောင်ပေါ့။ ကိုယ် မကျေနပ်တဲ့ ကိုယ့်ကို သိပ် အရေးမထားတဲ့ အနုပညာသည်တွေ ထိသွား၊ နာသွားအောင် နည်းပေါင်းစုံနဲ့ လုပ်တယ်။ အဲလို အလုပ်မခံချင်ရင် အဲဒီ စာနယ်ဇင်းသမားတွေဆီသွား၊ ပေါင်းထား၊ ငယ်ရင် ဂါရ၀ ပြုထား။ အဲဒီ စာနယ်ဇင်းသမား ဆိုတဲ့သူတွေက အနုပညာသည်တွေကို တစ်ခါတစ်လေ Black Mail လုပ်တာတွေတောင် ရှိတယ်။

မောင်လှ - လူဆိုး လူညစ်တွေပဲ။ ပြောတော့ စတုတ္ထမဏ္ဍိုင်လေး ဘာလေးနဲ့။

အောင်ဘ - အဲဒါ ဟိုးအရင်က အစဉ်အလာ။ အခု စာနယ်ဇင်း လွတ်လပ်ခွင့်ရပြီ။ တစ်ချို့ သတင်းမီဒီယာကြီးတွေ အဲဒီ လမ်းအတိုင်း လိုက်နေကြဆဲပဲ။ နိုင်ငံရေးသမား၊ စီးပွားရေးသမား သူတို့နဲ့ မကြည်ရင်၊ သူတို့ကို အရေးမစိုက်သလို နေရင်၊ ကိုယ်ကျိုးစီးပွား ထိလာရင် အခွင့်အရတာနဲ့ ဆော်လိုက်မှာပဲ၊ အသရေ ဖျက်လိုက်မှာပဲ ဆိုတာ လုပ်တယ်။ ဒါပေမယ့် အရေးကြီးတာ သူတို့ မရေးပဲ ချန်ထားတဲ့ ပုဂ္ဂိုလ်တွေ ဆိုတာ သပ်သပ်ရှိတယ်။ အသေအခြာ လေ့လာကြည့်ရင် အဲဒါတွေ တွေ့နိုင်တယ်။

မောင်လှ - ခင်ဗျားမှာ အထောက်အထား ရှိသလား။

အောင်ဘ - ရှိတာပေါ့။ ပူပူနွေးနွေးပြောရရင် အခု မိုဘိုင်းတင်းမ်က သာကေတ မှာ ၀ိုင်တွေ၊ အရက်ပုလင်းတွေ ဖမ်းမိတဲ့ သတင်း၊ နေ့စဉ်ရက်ဆက် ရေးသားဖော်ပြနေတဲ့ သတင်းစာတောင်ရှိတယ်။ ရေးသမျှ ဖတ်ကြည့်လိုက်ရင် အဲဒါ ဥပဒေ ချိုးဖေါက်နေတာ၊ အပစ်ပေးခံရရင် ထောင်ဘယ်နှစ်နှစ် ကျနိုင်တယ်၊ အဲဒါပဲ တောက်လျောက်ရေးတာ။ နာအောင်ရေးတာ၊ သူတို့ဆီ ဒူးထောက်လာအောင် ရေးတာ၊ တောက်လျောက် ဖော်ပြနေတာ။

မောင်လှ - ရေးလို့မရဘူးလား။

အောင်ဘ - ရတယ်။ ဒါပေမယ့် အဲဒါဟာ ထိန်ချန်မှုတွေနဲ့ ရေးနေတာ၊ မြန်မာပြည်မှာ ၁၉၉၆ ကတည်းက နိုင်ငံခြားဖြစ် အရက် ဘီယာ၊ ၀ိုင် တင်သွင်းခွင့် ပိတ်ပင်ထားတာနဲ့ ပါတ်သက်ပြီး လုံးဝ မဖော်ပြဘူး။ ဒီနေရာမှာ အစိုးရရဲ့ တကယ့် အရေးကြီးတဲ့ ပေါ်လစီ အမှားကြီးကို မရေးပဲ ထိန်ချန်ထားတယ်။ နောက် သတင်းအမှားတွေကိုလည်း ထည့်တယ်။
အဓိက အဖမ်းခံရတဲ့ အလွန်ကျော်ကြားနေတဲ့ ကုမ္ပဏီနဲ့ အောင်မြင်နေတဲ့ လူငယ် လုပ်ငန်းရှင် အမျိုးသမီးကို ဆော်ချင်လို့။

မောင်လှ - တကယ် ပြည့်ပြည့်စုံစုံ ဖော်ပြတဲ့ စာစောင်တွေရော ရှိရဲ့လားဗျာ။

အောင်ဘ - ဟ ရှိတာပေါ့။ မြန်မာတိုင်းမ်၊ မြန်မာပို့စ်၊ ဂလိုဘယ်၊ ရန်ကုန်တိုင်းမ်၊ ဖလားဝါး၊ သည်ဗွိုက်စ်၊ ဆဲဗင်းဒေး အားလုံး သတင်းအင်္ဂါ ပြည့်ပြည့်စုံစုံဖော်ပြကြတယ်။ ဟီး ကြော်ငြာတော့ ဟုတ်ဖူးနော်။ ရှိသေးတယ်။ နာမည်တွေ ကျန်သွားရင် ခွင့်လွှတ်။

မောင်လှ - အေးဗျာ။ မီဒီယာတွေမှာ အဲလိုဖြစ်နေ၊ သတင်းထောက်ငယ်လေးတွေ ကလည်း တစ်မှု။

အောင်ဘ - ကျွန်တော့်စိတ်ထင် ခုချိန် သူတို့ ရည်မှန်းချက် ပျောက်နေကြတယ်။ အရင်ခေတ်က စစ်အစိုးရကို ဘယ်လိုနည်းနဲ့ ဝေဖန် ဝေဖန် ဖော်ထုတ်ထုတ် မှန်တာပဲ၊ သူရဲကောင်းပဲ။ ဘာကြောင့်ဆို ကင်မရာလေး လက်ထဲတွေ့ရင်တောင် ထောင်ကျနိုင်တဲ့ခေတ်၊ အစိုးရကိုဆို ထိလို့မရ ရေးလို့မရ၊ အာဏာပိုင် မိသားစုတင်မက သူ့ ယောက်ခမ၊ ယောက်ဖ၊ ခယ်မ၊ သူငယ်ချင်း၊ သူငယ်ချင်းတစ်ဝမ်းကွဲ ကုမ္ပဏီတွေ လုပ်ငန်းတွေဆို ရေးမရ၊ တို့မရ၊ ထိမရ အဲလောက် ပိတ်ပင်ခံထားရတဲ့ အခြေအနေ။

မောင်လှ - အေးလေ။ ခု ရေးလို့ရတော့ရော-

အောင်ဘ - ရတော့ ဘာမှပြန်မပြောတဲ့ အစိုးရကို ဘာဘာညာညာ အဆိုးအကောင်း မခွဲခြားပဲ စွတ်ဆဲတော့ပေါ့။ တစ်ဖက်က ဘာမှ ပြန်အရေးယူတာ မရှိတော့ သူတို့လည်း ညစ်လာတယ်နဲ့ တူတယ်။ တကယ့်တကယ်ကျတော့ ခုအချိန်မှာ ရေးသားဖော်ထုတ်ရမှာတွေ အများကြီး၊ အစိုးရ မကောင်းကြောင်း ဆဲဖို့ မဟုတ်ဘူး၊ အချက်နဲ့ အလက်နဲ့ တိတိကျကျ ဖော်ထုတ်ဖို့။ ခရိုနီတွေကို ဆဲဖို့ မဟုတ်ဘူး၊ မဟုတ်တာ မမှန်တာတွေကို အချက်အလက် ခိုင်ခိုင်လုံလုံ တိတိကျကျ ရအောင် ရှာဖွေဖော်ထုတ်ရေးသားဖို့။ အတိုက်အခံတွေ၊ တောတွင်းလက်နက်ကိုင်တွေဘက်က မှားရင်လည်း ရဲရဲဝန့်ဝန့် ထောက်ပြဖို့။

မောင်လှ - အဲဒါတွေက ခက်တယ်ဗျ။

အောင်ဘ - လွယ်တာ လုပ်ချင်ရင် အိမ်သာကျင်းသွားတူးလေ။ အဲဒါတောင် လွယ်မှတ်လို့။

မောင်လှ - ပြောရင်းပြောရင်း ခင်ဗျား ညစ်ပတ်လာပြီ။

အောင်ဘ - တကယ်ရေးရမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဘယ်သူ တားဆီးနေလဲ။ အဲဒါရေးရဲသလား၊ ရေးရဲရင်ရော ကိုယ့်စာစောင် အယ်ဒီတာ ထည့်ရဲမလား၊ ပိုင်ရှင်က ဖော်ပြရဲမလား။ စာနယ်ဇင်း လွတ်လပ်ခွင့်ရဖို့၊ ကိုယ့်လောက သန့်ရှင်းဖို့၊ ကျင့်ဝတ် လိုက်နာသူ များလာဖို့ အဲဒါတွေ သတ္တိရှိရှိ လုပ်ဖို့လိုတယ်။ ရုပ်သံ၊ ရေဒီယို အစိုးရက လုံးဝ လက်ဝါးကြီးအုပ်ထားဆဲ ဒါတွေ ပြောဖို့ လိုတယ်ဗျ။ ခုတော့ ဟိုလူ့အပစ်ရှာ၊ ဒီလူ့အပစ်ပြော၊ ခင်ဗျား ရိုင်းတယ်ပြောလဲ မမှားပါဘူး။

မောင်လှ - အင်း ကျွန်တော်စ လိုက်တာ ခင်ဗျားကို သတင်းထောက် အငယ်တွေ၊ အကြီးတွေ စာနယ်ဇင်း ပိုင်ရှင်တွေ ဆဲဖို့ ဖြစ်လာတော့မှာပဲ။

အောင်ဘ -ေ-ာက်သုံးမကျတဲ့ အောင်ဘ၊ အသက်ကြီးသလောက် အချိန်မစီးတဲ့ အောင်ဘ၊ အကျင့်ယုတ်တဲ့ အောင်ဘ၊ ကဲ ကဲ သူတို့ မဆဲခင် ကိုယ့်ဖာသာကိုယ် ဆဲပြီးပြီ။ ထပ်ဆဲချင်လည်း ဆဲပါစေ။ ကျွန်တော်က ငယ်ငယ် အသက် ၂၀ ကျော်လောက်ကတည်းက ကိုယ့်ကိုယ် သတ်ချင်သူ သတ်ဖို့ ရှင်းဖို့ ကြံစည်တာတောင် ရှိဖူးတဲ့အထိ သူများမေတ္တာရခဲ့တဲ့သူ ဆိုတော့ ဆဲလည်း ထူး မထူးပါဘူးဗျာ။ ပြောစရာရှိတာ ပြောဖို့ လိုတာကိုးဗျနော။

စည်သူအောင်မြင့်။
From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...