အမျိုးသမီး များသည် ၎င်းတို့၏ ဖခင်နှင့် အဆိုပါကိစ္စကို စကားများကြပြီး နောက်တွင် တူးမြောင်း အတွင်းသို့ ခုန်ချပြီး သတ်သေ သွားကြခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသော ဒေသမှာ ပါကစ္စတန် ပန်ဂျပ်ပြည်နယ် တောင်ပိုင်း ကျေးလက်မြို့ကလေး မေစီတွင် ဖြစ်သည်။ ရေထဲခုန်ချ သွားစဉ်က ညီအစ်မငါးဦး ဖြစ်သော်လည်း တစ်ဦးကိုမူ ပြန်လည် ကယ်တင် လိုက်နိုင်ကြောင်း ယင်းသတင်း က ဖော်ပြ ထားသည်။
“ဆင်းရဲသား လယ်သမား ဘာရှာအာမက်ရာပွတ်က သူ့သမီး ငါးယောက်ကို အိမ်ထောင် ရက်သား ချမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တင်တောင်းငွေ မတတ်နိုင်လို့ပါ” ဟု ရဲအရာရှိကြီး မာလစ်ဒါယွတ်ဟက်စ်နင်က မှတ်ချက်ပြုသည်။ “ဒီကိစ္စကို မနေ့က သမီးတွေနဲ့ သူနဲ့ စကားများကြပြီး စိတ်ညစ် သွားကြတဲ့ သမီးတွေက တူးမြောင်းထဲကို တူတူပဲ ခုန်ချလိုက်ကြတာပါ” ဟုလည်း ၎င်းက ပြန်ပြောင်း ပြောပြသည်။ အမျိုးသမီးများမှာ အသက် ၄၅၊ ၄၃၊ ၃၈၊ ၃၅ နှင့် ၃၁ နှစ်တို့ အသီးသီး ဖြစ်ကြသည်။
“အငယ်ဆုံး ညီမလေး ဖာတီမာကို ကျွန်တော်တို့ ကယ်လိုက်နိုင်ပါတယ်။ အလောင်းနှစ်လောင်း ကိုတော့ တွေ့ထားပါပြီ။ ကျန်အလောင်းတွေကိုတော့ ရှာဖွေဆဲပါ” ဟု ရဲအရာရှိကြီးက ဆိုသည်။ လက်ထပ်ရန်အ တွက် တင်တောင်းရခြင်း ကိစ္စသည် ပါကစ္စတန် ကျေးလက်ဒေသ တွင် ပြဿနာ တစ်ရပ် ဖြစ်နေပြီး သတို့သားဘက် က တောင်းသည့် ငွေကြေးနှင့် လက်ဆောင်ကို မတတ်နိုင်ကြသဖြင့် အမျိုးသမီးများစွာ အိမ်ထောင်ထိမ်းမြားခွင့် မရကြရှာပေ။
ပါကစ္စတန်တွင် မိန်းကလေးများ လက်ထပ်သည့် အရွယ်သည် ၁၈ နှစ်မှ ၂၈ နှစ်အတွင်းဖြစ်ပြီး ထို့ထက်ပိုကြီး သွားပါက အိမ်ထောင်ဖက် ရှာဖွေရန် ပိုမိုခက်ခဲ သွားသည်။ ခင်ပွန်းမရှိသော အမျိုးသမီးကြီး များကို အိမ်နီးချင်းများနှင့် ဆွေမျိုးများက မထေမဲ့မြင် ပြုကြပြီး နွမ်းပါးသည့် အခြေအနေ ဖြစ်သောကြောင့် ကျွေးမွေး ထောက်ပံ့မည့် လူလည်း ရှားပါးသည်။
www.mmdailystar.com