Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၁၅၀၀ တန်ဆင်းကတ် ထပ်ဆင့်ရောင်းချမှု အရေးယူမည်မဟုတ်

$
0
0

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် အချိုးကျ ရောင်းချပေးနေသည့် မိုဘိုင်းလ်ဆင်းကတ်များကို ပြင်ပဈေးကွက် တွင် ကျပ်သိန်းဂဏန်းဖြင့် ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ကျပ် ၁၅၀၀ နှုန်းဖြင့် ချထားပေးသည့် GSM မိုဘိုင်းလ်ဖုန်းများကို အမှန်တကယ် အသုံးပြုရန် လိုအပ်သူများက မူရင်းဈေးနှုန်းထက် အဆရာချီ ပိုမိုကာ ငွေကျပ်သိန်းဂဏန်း အထိ ပေးချေဝယ်ယူနေ ရခြင်းကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ရန်ရှိ မရှိ The Voice ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

GSM ဖုန်းများရောင်းချခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် မဲနှိုက်ခွဲဝေမှုကို ထင်သာ မြင်သာရှိစွာ မျှမျှတတ ဆောင်ရွက်ပေးနေကြောင်း၊ မဲပေါက်သူများက ထပ်ဆင့် ပြန် လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိပေးနေ သည့် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းအထိရှိကာ အမှန်တကယ် အသုံးပြုလိုသူ အများစုမှာ ယင်းပြင်ပဈေးနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း ဖုန်းသုံးစွဲလို သူများက တညီတညွတ်တည်း ပြောကြားသည်။

“တစ်သိန်းခွဲတန် GSM ဟန်းဆက်တစ်လုံး အစ်ကိုက လက်ဆောင်ပေးထားတာ ဆင်းကတ်မ ဝယ်နိုင်သေးတော့ သီချင်းနားထောင်ဖို့အတွက်ပဲ သုံးနေရတယ်” ဟု ရေနံချောင်း ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ နယ်ဒေသများ၌ပင် ကျပ်တစ်သိန်းငါးသောင်း အထိ ဈေးပေါက်နေ၍ ဖုန်းလျှောက်ထားသူ အဆမတန် များပြားလာခြင်းကြောင့် ဆက်သွယ်ရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု အခက်တွေ့စေကြောင်း၊ အမှန်အတိုင်း ဆောင်ရွက်ခြင်းကိုပင် မယုံကြည် ဘဲ ပြစ်တင် စွပ်စွဲခံရ ကြောင်း မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံအ ရာရှိတစ်ဦးက ဆိုသည်။

ဧပြီလမှစတင်၍ မိုဘိုင်းလ် ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် စတင်ဖြန့်ချိရာတွင် ထပ်ဆင့်ရောင်းချခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ဆင်းကတ် သက်တမ်းသတ်မှတ်ခြင်း၊ လစဉ်အသုံးပြုရမည့် ငွေပမာဏ သတ်မှတ်ခြင်း စသဖြင့် ဆောင်ရွက်ခဲ့သော် လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက CDMA ဆင်းကတ်များ စတင်ဖြန့်ချိသည့်နေ့၌ပင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်းအထိ မြင့်တက်ခဲ့သည်။

From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>