Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ လိင်အလုပ်သမ ၉ ဦး ထိုင်းနိုင်ငံတွင် ကယ်ထုတ်နိုင်ခဲ့

$
0
0

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငရိုင်အတွင်း လိင်အလုပ်သမအဖြစ် ရောင်းစားခံရသည့် ကလေးငယ်များ အပါအဝင် မြန်မာ အမျိုးသမီး ၉ ဦးကို ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် အလုပ်ရုံမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) က ပြောသည်။

ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ရနောင်းမြို့နှင့် ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးသည့် ဖန်ငခရိုင်၊ ခူရပူရီမြို့နယ်၊ နန်ယောင် ငါးဖမ်းလှေဆိပ်ရှိ လိင်အလုပ်ရုံမှ ည ၈ နာရီ ဝန်းကျင်တွင် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း MAT ဒါရိုက်တာ ကိုကျော်သောင်း က ပြောသည်။

“ရဲတွေနဲ့ ကျနော်တို့ သွားဝိုင်းတဲ့အခါမှာ အလုပ်ရုံ ၅ ခုလုံး ပိတ်ထားတယ်။ တောဘက် ပုန်းခိုင်းထားတာပေါ့။ ဟိုရှာ ဒီရှာ လုပ်တဲ့အခါမှာ ထားဝယ်က ကောင်မလေး နှစ်ယောက် ထွက်လာတယ်။ ပုလိပ်လာဖမ်းရင် ငါတို့ လွတ်ပြီ ဆိုပြီး ထွက်လာကြတယ်။ ကျနော်တို့နဲ့ တွေ့တော့ သမီးတို့ကို လာဖမ်းတာ မဟုတ်ဘူး။ သမီးတို့ မိဘဆီကို ပြန်ပို့ဖို့ လာခေါ်တာ။ သမီးတို့ ထောင်ကျမှာ မဟုတ်ဘူး။ အကျိုးအကြောင်းကို ရှင်းပြတော့ သူတို့က နားလည်သွားတော့ ထပြီး ကကြတယ်။ ဟေး ငါတို့ လွတ်ပြီ ဆိုပြီး။ အဲဒီအခါကျမှ တခြားနေရာမှာ ပုန်းနေတဲ့ အမျိုးသမီးတွေကို လှမ်းခေါ်တာ” ဟု ကယ်ထုတ်ခဲ့ပုံကို ရှင်းပြသည်။

MAT မှ ရရှိထားသည့် သတင်းအရ အလုပ်ရုံ ၅ ရုံတွင် မြန်မာ လိင်အလုပ်သမ ၅၀ ဝန်းကျင် ရှိသည်ဟု ဆိုသည်။

လွတ်မြောက်လာသူများမှာ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့မှ ဖြစ်ကြပြီး အသက် ၁၆ နှစ်မှ ၂၄ နှစ် အရွယ်ကြား ရှိကာ လုပ်သက် ၅ လမှ ၈ နှစ်ကြား ရှိသည်ဟု ကိုကျော်သောင်း က ပြောသည်။ ၎င်းတွင် အသက် ၁၈ အောက် အမျိုးသမီးငယ် ၃ ဦးနှင့် ရိုက်နှက်ခံဒဏ်ရာ ရရှိခဲ့သူ ၃ ဦး ပါဝင်သည်။

၎င်းတို့ ၉ ဦးတွင် မိမိဆန္ဒအရ လာရောက် လုပ်ကိုင်သူဟု ယူဆရသူ တဦး ပါဝင်ပြီး ကျန်သူများမှာ လိမ်လည်လှည့်ဖြားကာ ရောင်းစားခံထားရသူများ ဖြစ်သည်ဟု ဆိုသည်။

ကလေးနှစ်ယောက် မိခင် တဦးနှင့် ကျန်းမာရေး ဆိုးရွားနေသည့် အမျိုးသမီးတဦးကို ကော့သောင်း လူကုန်ကူးမှု တားဆီးရေး အဖွဲ့သို့ ရနောင်းမှတဆင့် လွှဲပြောင်းပေးခဲ့ပြီး တဦးကို ခင်ပွန်းထံ လွှဲအပ်ကာ ကျန် ၆ ဦးကို ဖန်ဖခရိုင် အမျိုးသမီး ကယ်ဆယ်ရေး ဂေဟာတွင် ထိန်းသိမ်း စောင့်ရှောက်ထားသည်ဟု ဆိုသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး လွတ်မြောက်လာသူ အမျိုးသမီးများက လိင်အလုပ်ရုံ ပိုင်ရှင်များအား အရေးယူပေးရန်အတွက် ခူရပူရီ မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားပြီး လက်ရှိတွင် ဆိုင်မန်နေဂျာ နှစ်ဦးကို ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု ကိုကျော်သောင်း က ပြောသည်။

ကာရာအိုကေ အမည်ခံထားသည့် လိင်အလုပ်ရုံတွင် လိင် အလုပ်သမအဖြစ် ဧည့်ခံရာ၌ ဧည့်သည်တဦးထံမှ ထိုင်းဘတ် ၆၀၀ ရရှိပြီး ၎င်းအနက် ဆိုင်ရှင်ထံ ၃၅၀ နှင့် အခန်းကြေး ၁၀၀ ပေးဆောင်ရသည်။ ၎င်းပြင် လစဉ် ထမင်းကြေး ၃,၀၀၀ ဘတ်နှင့် ရဲကြေး ၂,၀၀၀ ဘတ် ပေးဆောင်ရသည့်အတွက် ငွေကျန် မရှိဘဲ အကြွေးတင်နေရသည်ဟုလည်း လွတ်မြောက်လာသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် က ပြောသည်။

၎င်းတို့သည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန် ဆန္ဒမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်ကာ အခြား အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သွားမည်ဟု ဆိုသည်။

“ဒီလိုမျိုးအလုပ်တော့ မလုပ်ချင်တော့ဘူး။ ဒီလိုမျိုး ဆိုင်မှာ ခင်သွားတဲ့အမ တယောက်က ကော့သောင်းမှာ ရှိတဲ့ ဆီအုန်းတောမှာ အလုပ်လုပ်ဖို့ ခေါ်တယ်။ အဲဒီအမနဲ့ပဲ အတူနေတော့မယ်။ အမအရင်းတော့ မဟုတ်ဘူးပေါ့နော်” ဟု အမျိုးသမီးငယ်က ပြောသည်။

MAT သည် ထိုင်းနိုင်ငံအတွင်း တရားဝင် အဖွဲ့အစည်းတခု အနေနှင့် ရပ်တည်နေခြင်း မဟုတ်သော်လည်း မြန်မာသံရုံး အရာရှိများနှင့် ပူးပေါင်း လုပ်ဆောင်နိုင်သကဲ့သို့ ထိုင်းအာဏာပိုင် အဖွဲ့အစည်းများကလည်း လာရောက် ပူးပေါင်းမှု ရှိသည်ဟု ကိုကျော်သောင်း က ပြောသည်။

“ကျနော်တို့ကို အခါအားလျော်စွာ (မြန်မာသံရုံးက) စရိတ်စက ကူညီပေးတာ ရှိတယ်။ တချို့နေရာတွေမှာ မြန်မာသံရုံးက ဖွင့်လှစ်ထားတဲ့ အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ ဆိုပြီးတော့ သံရုံးရဲ့ ဝိတ်နာမည်တွေကို သုံးစွဲခွင့်ရတာ ရှိတယ်။ ဒီ့အတွက်လည်း ကျနော်တို့မှာ အားရှိနေတာပေါ့။ ထိုင်းနိုင်ငံအတွင်းမှာ ကျနော်တို့ ဘာမှ တရားဝင် လုပ်ကိုင်ခွင့် မရှိဘူး။ ကျနော်တို့ လုပ်ရပ်အပေါ်မှာ ယုံကြည်ပြီး ထိုင်းအာဏာပိုင်တွေလည်း လာပြီး ပူးပေါင်းကြတယ်” ဟု ဆိုသည်။

MAT သည် ၂၀၁၂ ခုနှစ်အတွင်း ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းကာ လူကုန်ကူးမှု နှိမ်နှင်းခြင်း ၁၉ ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၂၉၂ ဦးကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူဟု ယူဆရသူ ၈ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း နှိမ်နှင်းခြင်း ၂၈ ကြိမ်တွင်မူ ၁၄၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ လိင်အလုပ်သမများကို ကယ်တင်နိုင်ခဲ့ခြင်းမှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

၎င်းတို့၏ လှုပ်ရှားမှုများကြောင့် ၂၀၁၂ ခုနှစ်တွင် တကြိမ်၊ ၂၀၁၃ တွင် တကြိမ် လက်နက်ကိုင် လူတစု၏ လာရောက်ရှာဖွေ ခြိမ်းခြောက်ခြင်းကို ခံရခဲ့ရပြီး ထိုကိစ္စကို မြန်မာ သံရုံး အရာရှိများ၊ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နှင့် ထိုင်းအဏာပိုင်များထံ တိုင်ကြားထားသည်ဟု MAT က ပြောသည်။   

From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>