
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် နာဂရာ ကျေးရွာအုပ်စု မြင်းကြပ် ကျေးရွာတွင် ကျောင်းဆရာမ တစ်ဦးနှင့် ကျောင်းသူ တစ်ဦး ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းတွင် နေအိမ်နှင့် ကိုက် ၃၀ခန့် ဝေးသည့် ချောင်းကမ်းစပ်တွင် အခင်းသွားပြီး ထပြန်ချိန်တွင် အမျိုးသား နှစ်ဦးက တိုက်ခိုက်ကာ ပစ္စည်းများ လုယက် ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်း ထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က ပြောကြားသည်။
စပါးပေး၍ ငှားရမ်းခန့် ထားသည့် အသက် ၂၀နှစ် အရွယ် ကျောင်းဆရာမ ဒေါ်ဆန်းဆန်းနွယ်နှင့် အသက် ၁၂ နှစ် အရွယ် ကျောင်းသူ တစ်ဦးတို့သည့် အခင်းသွားရန် ချောင်းကမ်းစပ်သို့ ည ၈နာရီ ၃၀ မိနစ်ခန့်က သွားရာတွင် ငါးဖမ်းနေသည့် ဘင်္ဂါလီဟု ယူဆရသူ နှစ်ဦးက အဆိုပါ အမျိုးသမီးနှစ်ဦးကို ပါးစပ်ပိတ်၍ ခန္ဓာကိုယ်ကို ချုပ်ကာ ရွှေထည်ပစ္စည်းများ လုယူခဲ့ပြီး ရိုက်နှက်ခဲ့သဖြင့် အမျိုးသမီး နှစ်ဦးလုံး သတိလစ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်ထားချက်အရ သိရှိရသည်။
"ကျွန်မရဲ့ ခန္ဓာကိုယ် လာချုပ်ပြီး ပါးစပ်ကို ပိတ်တယ်။ လည်ပင်းကို ညှစ်တယ်။ ကယ်ကြပါဦး လို့ တစ်ခါပဲ အော်နိုင်ခဲ့တယ်။ ကျွန်မ သတိလစ် သွားတယ်" ဟု ကျောင်းဆရာမ ဒေါ်ဆန်းဆန်းနွယ်က ပြောကြားသည်။ လုယက် တိုက်ခိုက် ခံရမှုကြောင့် ဒေါ်ဆန်းဆန်းနွယ် ဝတ်ဆင်သော ရွှေနားဆွဲ တန်ဖိုးကျပ် ၄၅,၀၀၀ ခန့်နှင့် ကျောင်းသူထံမှ ရွှေနားကပ်တစ်စုံ တန်ဖိုးကျပ် ၄၅,၀၀၀ ခန့် လုယူ ခံခဲ့ရကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပစ္စည်းလု ရိုက်နှက် ခံခဲ့ရသဖြင့် လည်ပင်းနာနေပြီး နားကပ် ဆွဲဖြုတ်ခံ ရသဖြင့် နားနှစ် ဖက်လုံး ဖူးရောင်နေကြောင်း၊ ကျောင်းဆရာမကို ရေစပ်တွင် တွေ့ရှိရကြောင်း ကျောင်းသူက ဆိုသည်။ ပစ္စည်းလု ရိုက်နှက်ခဲ့သူ အမျိုးသားနှစ်ဦးသည် ဘင်္ဂါလီပြောဆိုသည့် စကားများကို ပြောဆိုကြကြောင်း အဆိုပါ အမျိုးသမီး နှစ်ဦးက ပြောဆိုကြသည်။
အခင်းဖြစ်ပွားသည့် နေရာသည် ကျေးရွာနှင့် အလှမ်းဝေးပြီး အော်ဟစ်အကူ အညီတောင်းသော်လည်း ရွာကလူများ ကြားနိုင်ခြင်း မရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားစဉ် သတိပြန်ရလာသည့် ကျောင်းသူက ရွာကို လာရောက်ကာ အကူအညီ တောင်းခဲ့ကြောင်း၊ သတိလစ်နေသည့် ဒေါ်ဆန်းဆန်းနွယ် ကို ညတွင်းချင်း ကျောက်တော်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ဇူလိုင်လ ၄ ရက်နေ့တွင် သတိပြန်ရလာပြီ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ဆိုသည်။ "ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့ ကျေးရွာကို သွားနေပါပြီ" ဟု ၄င်းက ရှင်းပြသည်။
ကျောင်းဆရာမကို ကျောက်တော် ဆေးရုံတွင် ကုသနေပြီး ဆေးစစ်ထားရာ ဆေးအဖြေ မရရှိသေးကြောင်း ကာယကံရှင်က ပြောကြားသည်။ အဆိုပါ ကျေးရွာတွင် ရွာသူရွာသား များသည် အိမ်သာ အသုံးပြုခြင်းမရှိဘဲ ရွာပြင်တောစပ်တွင် အခင်းသွားလေ့ ရှိကြသည်။
From:ရိုးရာလေး
www.mmdailystar.com