Y Talk မှတစ်ဆင့် မလေးရှားနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုပေးမည့် အစီအစဉ် ကားဖြင့်လှည့်လည်၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း Y Talk ဝန်ဆောင်မှုမှ မဖြိုးမီမီရှိန်က ပြောသည်။ အဆိုပါ Y Talk On The Road အစီအစဉ်ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ “လောလောဆယ်တော့ ရန်ကုန်မြို့အနှံ့ ကားနဲ့လှည့် လည်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့ကနေ စတင်မှာဖြစ်ပြီး ရက်အကန့်အသတ်ကတော့ စီစဉ်နေဆဲပါ” ဟု မဖြိုးမီမီရှိန်က ပြောသည်။ ၄င်းအပြင် ဇွန်လ ၃၀ ရက်နေ့အထိ Y Talk မှတစ်ဆင့် မိနစ်အကန့်အသတ်မရှိ အခမဲ့ဖုန်းခေါ်ဆိုနိုင်သည့် အစီအစဉ်ကိုလည်း ရက်ထပ်တိုးထားကြောင်း သိရသည်။ Y Talk On The Road အစီအစဉ်တွင်လည်း မလေးရှားနိုင်ငံသို့ မိနစ်အကန့်အသတ်မရှိ အခမဲ့ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း၊ ကားရပ်ထားရာ နေရာသို့ လာရောက် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“Y Talk Calling Center နှစ်ခုမှာ အခမဲ့ ခေါ်ဆိုနိုင်တယ် ဆိုပေမယ့် အဲ့ဒီနေရာတွေကို လာရောက်ဖို့ အခက်အခဲရှိတဲ့ သူတွေအတွက် Y Talk on the road အစီအစဉ်ကို ဆောင်ရွက်တာပါ” ဟု ဆက်လက် ပြောကြားသည်။ Y Talk Calling Center နှစ်ခုတွင် ဇူလိုင် လ ၁၅ ရက်နေ့အထိ အခမဲ့ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း၊ ၁၅ ရက် ထပ်တိုးသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ခေါ်ဆိုနိုင်မည့် နေရာများမှာ- ကျောက်မြောင်း၊ သတိပဋ္ဌာန်လမ်းရှိ Y Talk Calling Center နှင့် ဗဟန်း ရေတာရှည်လမ်းရှိ Y Talk Calling Center ဖြစ်ကြောင်း၊ တစ်ဦးလျှင် မိနစ်မည်မျှ ပြောရမည်ကို ကန့်သတ်မထားကြောင်း သိရသည်။ ပုံမှန်အားဖြင့် မလေးရှားနိုင်ငံသို့ Y Talk မှတစ်ဆင့် ဖုန်းခေါ်ဆိုပါက ၂၅ ကျပ်နှင့် ၅၁ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ Y Talk ကတ် အသုံးပြုပြီး ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်မည်ဖြစ်ကာ ကတ်အသုံးမပြုဘဲ Y Talk Calling Center များတွင် သွားရောက်ခေါ်ဆိုမည် ဆိုပါက တစ်မိနစ်လျှင် ၅၁ ကျပ် ကျသင့်မည်ဖြစ်သည်။ Y Talk မှာ ကြိုးဖုန်း၊ မိုဘိုင်းဖုန်းတို့ဖြင့် နိုင်ငံတကာသို့ အွန်လိုင်းမှ ဖုန်းခေါ်ဆိုနိုင်မည့် စနစ်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.mmdailystar.com