Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ထောင်ချောက်ထဲ တိုးဝင်တော့မှာလား

$
0
0

အခုတလောမှာ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ အမျိုးသားရေးဆန်တဲ့ ဦးဝီရသူကို အကြောင်းပြုပြီး သံဃာထုအပေါ်မှာ ရိုင်းစိုင်းစွာစော်ကားမှုတွေ အတော်ကြီးကို များပြားလာတာကို တွေ့မြင်ခဲ့ရတယ်။ လစ်ဘရယ်လို့ ကိုယ့်ကိုကိုယ်အမည်တပ်ထားသူတွေဟာ စည်းလွတ်ဝါးလွတ်ကိုပဲ သံဃာထုအပေါ်ကို တိုက်ခိုက်လာခဲ့တာကိုမမြင်ချင်ဘဲ မြင်တွေ့နေရတယ်။ ၀မ်းနည်းစရာအကောင်းဆုံးကတော့ သံဃာထုအပေါ်မှာ မိုက်ရိုင်းစွာစော်ကားလာသူတွေဟာ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို တင်လေ့ရှိတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီး လိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက လူတွေဖြစ်နေတာပါပဲ။ အများအားဖြင့် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်တွေကိုသာ တင်ပြလေ့ရှိတဲ့အတွက် ဒီလိုမျိုး သံဃာထုအပေါ် ရိုင်းစိုင်းစွာ စော်ကားပြီး အမျိုးသားရေးကိစ္စနဲ့ ထိပ်တိုက်တွေ့နေတာဟာလည်း ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလိုမျိုး လူတွေထင်မြင်လာကြတယ်။

 

မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒီဆန်တဲ့ အင်စတီကျူးရှင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ စစ်တပ်ပါ။ နောက်တစ်ခုကတော့ သံဃာ့အဖွဲ့အစည်းပါ။ ဘာသာရေးခေါင်းဆောင်တွေဖြစ်နေတဲ့အတွက် သံဃာတော်တွေဟာ အမျိုးဘာသာစောင့်ရှောက်ရေးအတွက် အမျိုးသားရေးဝါဒီတွေဖြစ်လာကြပါတယ်။ သံဃာတော်တွေဟာ တိုက်ရိုက်မဲပေးပိုင်ခွင့်မရှိဘူး၊ ဒါပေမယ့် ဒီသံဃာတော်တွေဟာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့၇၀ရာခိုင်နှုန်းလောက်ထိရှိနိုင်တဲ့ ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ ကျေးလက်တောရွာတွေမှာ သံဃာတော်တွေဟာ ဆုံးမပြုပြင်သူတွေ၊ လမ်းညွှန်သင်ကြားပေးသူတွေပါ။အရင်တုန်းကတည်းက သံဃာအဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လိုလားလက်ခံကြတယ်။ ဒီအကြောင်းဟာ NLD အတွက် ၁၉၉၀နဲ့ ၂၀၁၂ Landslide နိုင်ရခြင်းရဲ့ အကြောင်းရင်းတွေဖြစ်လာပါတယ်။ ဒါပေမယ့် အခုတော့ NLD နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းဟာ အမျိုးသားရေးဝါဒီဆန်တဲ့ ဦးဝီရသူနဲ့ လစ်ဘရယ်ဝါဒကို အကြောင်းပြုပြီး သံဃာတော်တွေနဲ့ ထိပ်တိုက်တိုးလာတယ်။ မြန်မာပြည်မှာ သံဃာတော် ငါးသိန်းကျော်ရှိပါတယ်။ ဒီထဲမှာ ၀ိနည်းမလေးစားမလိုက်နာတဲ့ သံဃာဟာ ဆယ်ရာခိုင်နှုန်းထက်မပိုနိုင်ပါဘူး။ ဒါ့ကြောင့်သာ အခုချိန်ထိ မြန်မာနိုင်ငံဟာ ထေရ၀ါဒ နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေတာပါ။ အခုလို အနည်းစုသံဃာကိုထောက်ပြီး ဘာသာရေးပုတ်ခတ်မှုတွေလုပ်လာတာ၊ သံဃာထုနဲ့ ထိပ်တိုက်တွေ့ဖို့ကြိုးစားလာတာ၊ အမျိုးသားရေးဝါဒကို အစွန်းရောက်အဖြစ်ပုံဖော်လာတာတွေဟာ NLD အတွက် ကောင်းတဲ့အလားအလာတစ်ခုမဖြစ်နိုင်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မဟုတ်မမှန် ဝေဖန်ထားတဲ့ TIME မဂ္ဂဇင်းနဲ့ပတ်သက်လို့လည်း NLD ထောက်ခံသူအချို့ရဲ့ သဘောထားဟာ ဗုဒ္ဓဘာသာဝင်အများစုတုန့်ပြန်တဲ့ သဘောထားကို ဆန့်ကျင်နေပြန်တယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် ၈၅ရာခိုင်နှုန်းကျော်နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ TIME မဂ္ဂဇင်းရဲ့ စွပ်စွဲဝေဖန်မှုတွေဟာ ဦးဝီရသူတစ်ယောက်တည်းသာမဟုတ်ဘဲ အခြားဗုဒ္ဓဘာသာများကိုပါ နှိမ့်ချသလိုဖြစ်နေတယ်။ ဒီအတွက်ဗုဒ္ဓဘာသာဝင်အများစုဟာ မကျေမနပ်နဲ့ ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒါပေမယ့် ဒီတစ်ခါမှာလည်း NLD ထောက်ခံသူတွေဟာ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုကိုပြုလုပ်ပြီး TIME မဂ္ဂဇင်းကို အားပေးထောက်ခံခဲ့ကာ TIME မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign ကိုတောင် ရှုတ်ချပြစ်တင်ခဲ့တယ်။ TIME ကိုကန့်ကွက်ခဲ့ကြတာဟာ ဦးဝီရသူကို ထိခိုက်တာတစ်ချက်တည်းကြောင့်မဟုတ်ပါဘူး။ နောက်ကွယ်က အကြောင်းရင်းတွေကို မဖော်ပြဘဲ ဗုဒ္ဓဘာသာကိုသာ သေးသိမ်အောင်စော်ကားတဲ့ ပုတ်ခတ်မှုတွေကြောင့်လည်းပါပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ ယုံကြည်မှုပြင်းထန်ပြီး လူဦးရေသိပ်သည်းဆလည်း များလွန်းတဲ့နိုင်ငံတွေကြားက တစ်နိုင်ငံပါ။ ဒီလိုအချိန်မှာ လုံးဝ ဘာသာရေးအမျိုးသားရေးမပါတဲ့ နိုင်ငံရေးဆိုတာဟာ မဖြစ်နိုင်သေးဘူး။ ဒီအတွက် ညှိနှိုင်းယူရမယ့်အစားကို လစ်ဘရယ်လို့ ယူဆထားတဲ့ NLD ထောက်ခံသူတွေဟာ Total Secularism ကိုင်တွယ်ပြီး အမျိုးသားရေးဝါဒီတွေအပေါ်မှာအပြင်းထန်တိုက်ခိုက်နေတာဟာ လူထုအားတွေ အများကြီးဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံရေးအရ ပါးရည်နပ်ရည် မရှိဘူးဆိုရမယ်ထင်တယ်။ လစ်ဘရယ်တွေဟာ တချို့ကိစ္စတွေမှာ လက်ရှောင်နေသင့်တဲ့အစား မိုက်မိုက်ကန်းကန်းကို ပြည်သူနဲ့ ထိပ်တိုက်တွေ့နေတယ်။

အတိုက်အခံဟာ တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်လို့ ထောင်ချောက်တစ်ခုမိခဲ့တယ်။ အစိုးရစီမံကိန်းတွေနဲ့ပတ်သက်လို့ ထောင်ချောက်တစ်ခုမိတယ်၊ နောက်တစ်ခါ ခိုးဝင်ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ ထောင်ချောက်တစ်ခုထပ်မိပြန်တယ်။ အခုချိန်ထိတော့ အတိုက်အခံဟာ ဒီထောင်ချောက်တွေအပေါ်မှာ ခံနိုင်ရည်ရှိသေးတယ်။ လူထုအားကိုရထားတဲ့ အဓိကပါတီကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေသေးတယ်။ ဒါပေမယ့် ကိစ္စတစ်ခုဖြစ်ပြီးတိုင်းမှာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ယုံကြည်ထောက်ခံမှုတွေ ကျကျလာတာကို တွေ့မြင်နိုင်မှာပါ။ NLD ဟာ ၂၀၁၅မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ချင်တယ်ဆိုရင် ဒါတွေကို သတိပြုမှဖြစ်လိမ့်မယ်။ ဒီထောင်ချောက်တွေအကုန်လုံးဟာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိသွားတဲ့အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောက်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ။ အခုလို အမျိုးသားရေးဝါဒကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူကြိုက်နည်းအောင်လုပ်လာတာဟာ ထောင်ချောက်တစ်ခုဖြစ်တယ်ဆိုတာ အသိသာကြီးပါ။ လက်ရှိမှာလည်း NLD လစ်ဘရယ်များနဲ့ အမျိုးသားရေးဝါဒီတွေအကြား အတော်ကြီးကို အမုန်းပွားနေကြပြီ။ အမျိုးသားရေးဝါဒီတွေအနေနဲ့ NLD အပေါ် ထောက်ခံမှုကျဆင်းလာနေပြီ။ ဒီအချိန်မှာ NLD အနေနဲ့ ထောင်ချောက်တိုင်းကို ငါအင်အားကြီးတာပဲဆိုပြီး တိုးလို့မရနိုင်ဘူး။ အခုလည်း ဒီအမျိုးသားရေးထောင်ချောက်ကို NLD ဟာ သိသိကြီးနဲ့ ၀င်တိုးနေပြန်တယ်။ စည်းရုံးညှိနှိုင်းလုပ်ဆောင်ရမယ့်အစား NLD ဘက်တော်သားတွေဟာ အမျိုးသားရေးဝါဒီတွေအပေါ်မှာပြင်းပြင်းထန်ထန်တိုက်ခိုက်လာတယ်။ အထူးသဖြင့်တော့ သံဃာတော်တွေအပေါ်မှာပါ စော်ကားမှုတွေပြုလုပ်လာခြင်းက NLD အနေနဲ့ ထောင်ချောက်ထဲကို တိုးဝင်နေတယ်ဆိုတာကို ပိုသိသာလာတယ်။ အာဏာရှင်တွေ ကိုင်အသုံးချနေတဲ့ အမျိုးသားရေးဝါဒအပေါ် လျှော့တွက်လိုက်ခြင်းဟာ NLD ကျဆုံးခန်းဖြစ်သွားဖို့အတွက် လမ်းစဖြစ်သွားမှာကို တကယ်စိုးရိမ်မိတယ်။ ကျွန်တော်ဟာ လူမှန်းသိတတ်စအရွယ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်သက်သဘောကျခဲ့သူတစ်ယောက်ပါ။ ကျွန်တော်ဟာ နိုင်ငံရေးကျွမ်းကျင်သူတစ်ယောက်မဟုတ်ပါဘူး၊ ဘာသာရေးကျွမ်းကျင်သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေ၊ ဒီအကြောင်းအရာတွေဟာ လူငယ်တစ်ယောက်အနေနဲ့ မြင်မိတဲ့အရာတွေပါ။ ဒါပေမယ့် ကျွန်တော်လို လူငယ်တစ်ယောက်တောင်တွေ့မြင်နိုင်တဲ့ NLD ကို မဲဖယ်နေတာ သိသာလွန်းတဲ့ ထောင်ချောက်တွေကို ဘာ့ကြောင့် NLD နဲ့ NLD ဘက်တော်သားတွေ သိသိကြီးတိုးဝင်နေတာလဲဆိုတာကိုတော့ တကယ်နားမလည်နိုင်ဘူး။

အမျိုးသားရေးဝါဒီဆိုတာ နိုင်ငံတိုင်းမှာရှိမှာပါပဲ။ အမေရိကန်ကို ဒီမိုကရေစီရှေ့ဆောင်နိုင်ငံအဖြစ် သတ်မှတ်မယ်ဆိုရင် အမေရိကန်က ရီပတ်ပလေကန်တွေဟာ အမျိုးသားရေးဝါဒီတွေများတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် သူတို့တိုင်းပြည်အတွက် ညှိနှိုင်းဆောင်ရွက်နေကြတယ်။ဒီလိုပဲ မြန်မာနိုင်ငံမှာလည်းဘက်နှစ်ဘက်ရှိနေတယ်ဆိုပေမယ့် အဓိကက နိုင်ငံအတွက်ဆိုတဲ့ရည်ရွယ်ချက်ရှိရင် ကျန်တဲ့မတူညီတာတွေကို ညှိနှိုင်းအဖြေရှာရမှာပါ။ ဒါပေမယ့် တစ်ဘက်တော့ ပြုတ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ အခုလိုမျိုး သံဃာတော်တွေအပါအ၀င် အမျိုးသားရေးဝါဒီတွေအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေပြုလုပ်ရင်းအစွန်းရောက်တွေအဖြစ် ပုံဖော်လာနေတဲ့ NLD ရဲ့ ဘက်တော်သားတွေကြောင့် NLD ဟာ ပုံရိပ်ထိခိုက်လာနိုင်ပါတယ်။ ပြည်သူတွေနဲ့ ထိပ်တိုက်တိုးလာနိုင်တယ်။ ဒါဆိုရင် ၂၀၁၅အတွက် NLD ရဲ့ မျှော်လင့်ချက်ဟာ ထိခိုက်သွားနိုင်တဲ့အတွက် NLD အနေနဲ့ ထောင်ချောက်ထဲကို မတိုးဝင်သွားဖို့ မျှော်လင့်ပါတယ်။


From: Thurein Hlaing Win

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>