
(27.6.2013 ရက်စွဲဖြင့် Venus ဂျာနယ်ပါ စစ်ငြိမ်းအေး၏ ဆောင်းပါး)
ဇူလိုင်လ (၁) ရက်နေ့မှာထွက်ရှိတဲ့ TIME မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဆောင်းပါးရှင် ဟန်နာဘိခ်ျ ရဲ့ The Face OF Buddhist Terror ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်က ဒေသအသီးသီးကို လိုက်ပြီး ပုံစံအမျိုးမျိုးနဲ့ ထုတ်ဝေတဲ့ TIME မဂ္ဂဇင်းဟာ အမေရိကန် ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ ဗားရှင်းကလွဲပြီး ကျန်တဲ့ဥရောပ၊ အရှေ့အလည်ပိုင်း၊ အာဖရိကနဲ့၊ အာရှမှထုတ်ဝေမယ့် မဂ္ဂဇင်းတွေအားလုံးရဲ့ မျက်နှာဖုံးမှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ၉၆၉ လှုပ်ရှားမှု အယူအဆများကို ဦးဆောင်လှုပ်ရှားသူ အရှင်ဝီရသူရဲ့ ဓာတ်ပုံနဲ့ အတူ ဒီဆောင်းပါးကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဆောင်းပါးခေါင်းစဉ်ကို တိုက်ရိုက်ဘာသာပြန်ကြည့်မယ်ဆိုရင်လည်း "ဗုဒ္ဓဘာသာ အကြမ်းဖတ်မှု၏ မျက်နှာစာ" လို့ အဓိပ္ပါယ်ရပါတယ်။
လူအများကိုးကွယ်ရာ ဘာသာတရားတစ်ခုကို အကြမ်းဖတ်တယ်လို့ လွယ်လွယ်ကူကူ စွပ်စွဲဖို့ဆိုတာတော့ အာရပ် ကမ္ဘာ့အခြေစိုက် သတင်းဋ္ဌာနတွေက မကြာခဏလုပ်လေ့ရှိကြပေမယ့် TIME မဂ္ဂဇင်းလို ကမ္ဘာကျော်ဂုဏ်သိက္ခာရှိ မဂ္ဂဇင်းကြီးတစ်စောင်အတွက် မအပ်စပ်လှပါဘူး။
လူသန်းပေါင်းများစွာ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားတစ်ခုကို အကြမ်းဖတ်မှုလို့ စွပ်စွဲဖို့ဆိုတာ တိကျသေချာတဲ့ ကိန်းဂဏန်းတစ်ခု ပြောပြနိုင်ဖို့လိုပါတယ်။
ဆောင်းပါးရဲ့အဖွင့် Anecdote လို့ခေါ်တဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံး ပုံတိုပတ်စအဖွင့်မှာတော့ မန္တလေးမြို့က မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူရဲ့ တရားပွဲတစ်ခုနဲ့စထားပါတယ်။
အဲဒီအဖွင့်မှာ တရားပွဲမြင်ကွင်းက အေးချမ်းမှုရှိပေမယ့် တရားဟောသံက အမုန်းတရားများနဲ့ ပြည့်နက်နေတယ်လို့ ဆိုထားပါတယ်။ ဒါကိုကြည့်ရင် ဆောင်းပါးရှင် ဟန်နာဘိခ်ျ ဟာ လက်ရှိရေးသားနေတဲ့ ဆောင်းပါးအကြောင်းအရာတစ်ခုကိုသာ အာရုံထားပြီး လိုအပ်တဲ့ သုတေသန၊ အထူးသဖြင့် ဗုဒ္ဓဘာသာကို အကြမ်းဖတ်မှုလို့ စွပ်စွဲမယ်ဆိုရင် ဗုဒ္ဓဘာသာရဲ့အကြောင်း တရားပွဲတွေအကြောင်းကို သုတေသန လုပ်ထားခြင်းမရှိဘူးလို့ ခန့်မှန်းမိပါတယ်။
ဦးဝီရသူ အပါအ၀င် သံဃာအချို့က ဗုဒ္ဓတရားတော်မှာ ပြင်ပကိစ္စတွေကို အနည်းအကျဉ်း ထည့်သွင်းဟောပြောလေ့ရှိပေမယ့် ဆောင်းပါးမှာ ဖော်ပြခဲ့သလို အမုန်းတရားများနဲ့ ပြည့်နက်နေတယ်လို့ ပြောရလောက်အောင်တော့ ဘယ်လိုမှ မများနိုင်ပါဘူး။ ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့ တရားပွဲတွေအကြောင်းကို ဆောင်းပါးရှင် အနေနဲ့ သေသေချာချာ လေ့လာမထားဘူးဆိုတာ ထင်ရှားပါတယ်။
နောက်ထပ် ပြဿနာတစ်ခုကတော့ နိုင်ငံတကာ သတင်းစာတွေ လာပြီဆိုရင် ကူညီဆောင်ရွက်ပေးတဲ့ FiXer တွေရဲ့ အခန်းကဏ္ဍ ပါပဲ။ နိုင်ငံတကာသတင်းဌာနတွေ Fixer ခေါ် Coordinator တွေဟာ အင်တာဗျူးတွေ ချိန်းဆိုပေးဖို့နဲ့ ဘာသာပြန်ပေးဖို့အတွက် FiXer ခေါ် Coordinator တွေ ငှားရမ်းရပါတယ်။ ဒါမှမဟုတ် Stringer လို့ခေါ်တဲ့ ဒေသတွင်း သတင်းအချက်အလက်ပေးပို့သူတွေ ထားရှိပါတယ်။
အဲဒီသူတွေက သတင်းရေးသားသူ၊ ဆောင်းပါးရှင်ရဲ့ မေးမြန်းမှုလောက်ကိုပဲ ဘာသာပြန်ပေး ဖြေဆိုပေးပြီး နောက်ပိုင်လိုအပ်တဲ့အချက်အလက်တွေ ရှင်းမပြဘူးဆိုရင် သူတို့ရဲ့ ရေးသားချက်တွေဟာ ပကတိ အခြေအနေမှန်နဲ့ လွဲနေတတ်ပါတယ်။
ဒီဆောင်းပါးအတွက် အချက်အလက်ပံ့ပိုးသူ ဒါမှမဟုတ် Fexer လုပ်တဲ့သူက ဦးဝီရသူရဲ့ တရားပွဲကြီးတစ်ခုလုံးအကြောင်းကို ပြောမပြပဲ မွတ်ဆလင်ဆန့်ကျင်ရေး စကားလုံးတွေကိုပဲ ရွေးချယ်ပြီး ဘာသာပြန်ပေးလိုက်လို့ "တရားဟောသံက အမုန်းတရားများနဲ့ ပြည့်နက်နေတယ်" ဆိုတဲ့ ရေးသားမှုမျိုးကို တွေ့ရတာပါ။
ဒါပေမယ့် ဒီတရားပွဲကို ဆောင်းပါးရှင် ဟန်နာဘိခ်ျ ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် တွေ့ခဲ့တာလား တစ်ခြားတစ်ယောက်ယောက်က သတင်းပေးပို့ခဲ့တာလား ဒါမှမဟုတ် ဦးဝီရသူနဲ့ ဆန့်ကျင်ဘက် အခြားတစ်ဖက်က လူတစ်ယောက်ယောက်ရဲ့ ပေးပို့ချက်ကို အခြေခံခဲ့တာလားဆိုတာ မသိနိုင်ပါဘူး။ Anecdote ကို ဖော်ပြပေမယ့် ဘယ်အချိန်ကလည်းဆိုတာလည်း မသိရပါဘူး။ တကယ်လို့သာ ဒေသတွင်း Stringer ဒါမှမဟုတ် Fixer က ပြည့်ပြည့်စုံစုံ အချက်အလက်ပေးခဲ့တယ်ဆိုရင်တော့ ပြည်တွင်းမီဒီယာတစ်ချို့စွပ်စွဲသလို ဆောင်းပါးရှင်နှင့် TIME မဂ္ဂဇင်းရဲ့ နောက်ကွယ်က အကြောင်းလို့သာ ယူဆရပါလိမ့်မယ်။
နောက်တစ်ခုကတော့ "မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေ သွေးကြွနေပြီး မွတ်ဆလင်ဘာသာဝင်ကို သွေးစွန်းနေတယ်" ဆိုတဲ့ ဖော်ပြမှုဟာလည်း မြန်မာပြည်က ဘာသာရေး အဓိဂရုဏ်းတွေကြောင့် သေဆုံးခဲ့တာဟာ ရခိုင်၊ မိတ္ထီလာ၊ ဥက္ကံနဲ့ လာရှိုး ဗုဒ္ဓဘာသာရော မူစလင်အားလုံးပေါင်း လူ နှစ်ရာဝန်းကျင်သာရှိပါတယ်။ ဒီပမာဏဟာ ဘင်္ဂလားဒေရှ့်တို့ တရုတ်တို့မှာ စက်ရုံတစ်ရုံပြိုကျလို့ သေတဲ့ပမာဏတောင် မရှိပါဘူး။
အာဖရိကတို့ ဥရောပတို့မှာ ဖြစ်ပွားခဲ့တဲ့ တစ်ခြားသော ဘာသာရေးအဓိကရုဏ်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး အရင်ရေးသားထားတဲ့ မီဒီယာတွေကို မှီငြမ်းပြီး ကောက်ချက်ချထားတဲ့ စာရေးသူရဲ့ ထင်မြင်ယူဆချက် Assumption တစ်ခုသာ ဖြစ်ပါတယ်။
သတင်းစာပြင်တာမှာတော့ Do Not Assume လို့ တိတိကျကျ ပြဌာန်းထားပြီးသားပါ။
Assume လုပ်မယ်ဆိုရင်တော့ Ass u & Me ဆိုပြီး ဆဲတာနဲ့တောင် တူတယ်လို့ သတင်းစာပညာဆရာရှင်တွေက ပြောထားဖူးပါတယ်။ ဒါအပြင် ဆောင်းပါးရှင် ဟန်နာဘိခ်ျက အရှင်ဝီရသူရဲ့ မွတ်ဆလင်ဆန့်ကျင်ရေးတရားတွေလို့ ဆိုကာ "ဒီအချိန်ဟာ အေးအေးဆေးဆေးနေရမယ့်အချိန်မဟုတ်ဘူး ဒီအချိန်ဟာ နိုးကြားတက်ကြွရမယ့်အချိန် သွေးပူနေရမယ်" "မွတ်ဆလင်တွေက သားဖွားနှုံးလည်းမြန်တယ် ကျုပ်တို့မြန်မာအမျိုးသမီးတွေကိုလည်း ခိုးတယ် မုဒိန်းကျင့်တယ် သူတို့က နိုင်ငံကိုသိမ်းချင်တယ် ဒါမျိုးတော့ ကျုပ်က အဖြစ်မခံနိုင်ဘူး မြန်မာ ဗုဒ္ဓဘာသာပဲဖြစ်ရမယ်" စတဲ့ အရှင်ဝီရသူရဲ့ ပြောစကားတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီဆောင်းပါးထဲမှာ ဆရာတော် အရှင်ဝီရသူကို ဗိလိန်ဖြစ်စေမယ့် အဆိုးတကာအဆိုးဆုံးလို့ ပြောရမယ့်စကားတစ်ခွန်းကတော့ "ကိုယ့်ဘာသာ သာသနာနဲ့ လူမျိုးကို ကာကွယ်တာဟာ ဒီမိုကရေစီထက် ပိုအရေးကြီးတယ်" ဆိုတဲ့ တိုက်ရိုက်ပြောစရာတစ်ခွန်းပါ။ ဒါပေမယ့် ဆရာတော်ဝီရသူနဲ့ လွတ်လပ်သော အာရှအသံ RFA အင်တာဗျူးတစ်ခုမှာ TIME မဂ္ဂဇင်းက ဆောင်းပါးရှင်ရဲ့ ဖော်ပြမှုတွေဟာ သူ့ရဲ့ ပြောစကားတွေမဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။
"သူလာပြီတော့ မေးတုန်းက ဒီစကားတွေမပါဘူး ဦးဇင်းဖြေတဲ့အထဲမှာလည်း ဒီစကားတွေမပါဘူး ဒါပေမယ့် သူ့ဘာသာသူ ရေးချင်တာရေးချသွားတာကို အဲ့ဒါကြောင့်မို့ မီဒီယာတွေကို မွတ်ဆလင်တွေက ချုပ်ကိုင်ထားတယ်ဆိုတာ ဒီ တိုင်းမဂ္ဂဇင်းမှာ ထင်းရှားသွားတာပေါ့နော်" လို့ ဦးဝီရသူက RFA ကို ဖြေကြားထားပါတယ်။
နောက်ထပ် အချက်တစ်ချက်ကတော့ Context လို့ခေါ်တဲ့ ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြမှုပါပဲ။ မြန်မာပြည်မှာ ဘာသာရေးပဋိပက္ခအကြောင်း ရေးသားတဲ့ဆောင်းပါးမှာ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံက အကြောင်းတွေကို တွဲဖက်ဖော်ပြထားပါတယ်။
ဒီလိုဖော်ပြတဲ့နေရာမှာ ဆောင်းပါးရှင်ရဲ့ မူလရည်ရွယ်ချက်ကို မသိနိုင်ပေမယ့် ဖတ်ကြည့်တဲ့အခါမှာတော့ မြန်မာပြည်က ပဋိပက္ခတွေကြောင့်ပဲ အဲဒီနိုင်ငံတွေကို ပျံ့နှံ့သွားတယ်လို့ ထင်ရပါတယ်။
ထိုင်းတောင်းပိုင်းက ကိစ္စတွေဆို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဖြစ်ပျက်နေတာဖြစ်ပြီးတော့ ရဟန်းတော်တွေ ဆွမ်းခံထွက်တာကို ထိုင်းစစ်သားတွေက လိုက်ပြီးစောက်ရှောက်ပေးတယ် ဆိုတာကလည်း မွတ်ဆလင်ခွဲထွက်ရေး သူပုန်တွေက ရဟန်းတော်တွေကို မကြာခဏ သတ်ဖြတ်တာတွေ လုပ်ခဲ့လို့သာဖြစ်ပါတယ်။
ဆောင်းပါးရှင်က ဒီလိုဆက်စပ်မှုကိုဖော်ပြတော့ ရဟန်းတော်တွေကို ထိုင်းစစ်သားတွေ လိုက်စောင့်ရှောက်တယ်ဆိုတဲ့ အချက်ပဲပါပြီး ရဟန်းတော်တွေ မကြာခဏ သတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာမပါတာကတော့ စာဖတ်သူတွေ ရှင်းလင်းအောင်ဖော်ပြတဲ့ Context နဲ့ မတူဘဲ လွဲမှားတဲ့ နားလည်သဘောပေါက်မှုကိုသာ ဖြစ်စေပါတယ်။
သူ့ရဲ့ဆောင်းပါးမှာ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ဒေသတွင်းနိုင်ငံတွေကိုပါ ကူးစက်တဲ့ပုံစံ ဖော်ပြထားပေမယ့် တကယ်တော့ ထိုင်းတောင်ပိုင်းက ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားနေတာပါ သီရိလင်္ကာက ဖြစ်ရပ်ဟာလည်း မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြစ်ပွားချိန်နဲ့ တစ်ချိန်တည်းဖြစ်ခဲ့တာပါ။
ဆောင်းပါးအဆုံးသတ်မှာလဲ ဦးဝီရသူရဲ့ တရားပွဲက ဟောပြောချက်တစ်ခုဖြစ်တဲ့ "ဗုဒ္ဓဘာသာမှာ သူများကို ရန်စဖို့ ခွင့်မပြုထားဘူး ဒါပေမယ့် ကိုယ့်ရဲ့အသိုင်းအ၀ိုင်းကို ကာကွယ်ခုခံပိုင်ခွင့် ကျုပ်တို့မှာရှိတယ်" လို့ ရေးသားပြီး နောက်တစ်ပိုဒ်မှာတော့ အမျိုးသမီးတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေက ဦးဝီရသူတိုင်ပေးတဲ့အတိုင်း သံပြိုင်လိုက် ဆိုတယ်လို့ ဆိုထားပါတယ်။
ဦးဝီရသူရဲ့ ပြောစကားဟာ တရားပွဲမှာ လူပရိတ်သက် လိုက်ဆိုရမယ့် စကားတွေမဟုတ်ပါဘူး ဒါကို ဆောင်းပါးရှင်က ရောထွေးဖော်ပြထားပါတယ် မြန်မာနိုင်ငံသားမဟုတ်တဲ့ တစ်ခြားတစ်ခြားသော နိုင်ငံက စာဖတ်ပရိသတ်တွေ ဖတ်ကြည့်လိုက်မယ်ဆိုရင် ဟုတ်နိုးနိုးလည်း ထင်နိုင်သလို ဘုန်းကြီးတွေရဲ့ တရားပွဲတွေမှာ လူပရိသတ်က လိုက်ဆိုနေတာတွေဟာ မွတ်ဆလင်ဆန့်ကျင်ရေး သံချပ်တွေလို့ ထင်သွားနိုင်ပါတယ်။
သတင်းစာပညာ ချဉ်းကပ်မှုအရ လိုအပ်ချက်တွေရှိတာ လိုတာထက်ပိုပြီး ချဲ့ကားရေးသားထားတာတွေ ရှိပေမယ့် ဆောင်းပါးတစ်ပုဒ်လုံး ခြုံငုံကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဟာ အကြမ်းဖတ်တဲ့ ဘာသာတစ်ခုလို့ ပြောကြားထားတာမျိုး မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တစ်ချို့ သူ့ရဲ့စကားလုံးအတိုင်းဆို ဗုဒ္ဓဘာသာဝင် အကြမ်းဖတ်သမားတစ်ချို့ဟာ ဗုဒ္ဓတရားတော်နဲ့ ဗုဒ္ဓဘာသာရဲ့ လမ်းစဉ်တွေကို သွေဖည်ပြီး ဘာသာရေးအမုန်းတရားများ ပြန့်ပွားအောင် လုပ်နေတယ်လို့ ဆိုထားပါတယ်။
သူ့ရဲ့ဆောင်းပါးထဲမှာဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က ဂေါတမ မြတ်စွာဘုရားက အကြမ်းမဖတ်ဝါဒနဲ့ မေတ္တာထားမှုတွေကိုသာ အကြိမ်ကြိမ် ကျင့်ကြံဟောပြောခဲ့ပေမယ့် နှစ်ပေါင်းအတော်ကြာတဲ့အခါမှာ ဒီလမ်းစဉ်တွေက သွေဖည်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကိုတော့ ဗုဒ္ဓဘာသာကိုးကွယ်သူမဟုတ်တဲ့ သတင်းစာဆရာတစ်ယောက်ရဲ့အမြင်ကို တင်ပြတာလို့ ယူဆရပါတယ်။ တစ်ခုပြောစရာရှိတာကတော့ သူ့ရဲ့ရေးသားချက်တွေအားလုံးဟာ အဖြစ်မှန်နဲ့ တိုက်ရိုက်မေးမြန်းချက်တွေအပေါ်ကို အခြေခံထားတယ်ဆိုတာကိုတော့ ငြင်းလို့မရပေမယ့် ဘာသာဝင်အားလုံးနဲ့ မသက်ဆိုင်တဲ့ လူနည်းစုရဲ့ ဘာသာတရားတစ်ခုလုံး ဆွဲထည့်ထားတာကတော့ ဆောင်းပါးရှင်ရဲ့ ချဲ့ကားမှုသာဖြစ်ပါတယ်။
စစ်ငြိမ်းအေး။
www.mmdailystar.com