အမေရိကန် ထောက်လှမ်းရေး အဖွဲ့၏ လျှို့ဝှက်ချက် များကို ဖွင့်ဟ ထုတ်ဖော် ခဲ့ပြီး ယခုအခါ ဟောင်ကောင် တွင် ပုန်းခို နေထိုင်လျက် ရှိသော အက်ဒ်ဝပ်စနိုးဒန်က ၄င်းအနေနှင့် ထောက် လှမ်းရေး အဖွဲ့၏ လျှို့ဝှက်သော လုပ်ရပ်များကို ထပ်မံဖွင့်ချ သွားမည် ဖြစ်သည်ဟု ကတိပေး ပြောဆို သွားကြောင်း ဟောင်ကောင် သတင်းစာ South China Morning Post က ရေးသား ဖော်ပြသည်။
ဟောင်ကောင်တွင် ပုန်းအောင် နေထိုင်လျက်ရှိသော အက်ဒ်ဝပ်စနိုးဒန်ကို အဆိုပါ သတင်းစာ က တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ရာ ၄င်းက အထက်ပါ အတိုင်း ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ ထို့ပြင် မိမိကို အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည့် တရားရေးဆိုင်ရာ လုပ်ရပ်များကို ရင်ဆိုင် တိုက်ခိုက် သွားမည် ဖြစ်သည်ဟု ၄င်းက အသိပေးပြောဆိုသည်။
"ကျွန်တော့်ရဲ့ ကံကြမ္မာကို တရားရုံးတော်တွေနဲ့ ဟောင်ကောင်ပြည်သူတွေက ဆုံးဖြတ်ပေးစေ လိုပါ တယ်။ ဟောင်ကောင်ရဲ့ ဥပဒေစနစ်အပေါ် ကျွန်တော့်အနေနဲ့ သံသယဖြစ်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော် ဒီကို လာတာဟာ တရားစီရင်ရေး ကို ပုန်းရှောင်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် ဒီကိုလာ တာဟာ ပြစ်မှုမြောက်တဲ့ လုပ်ရပ်ကို ဖော်ထုတ်ဖို့ အတွက်ပါ" ဟု အက်ဒ်ဝပ်စနိုးဒန်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုမှ ထွက်ပြေး တိမ်းရှောင်လာသူ အက်ဒ်ဝပ်စနိုးဒန် သည် အဘယ့်ကြောင့် တရုတ်နိုင်ငံ၏ နယ်နိမိတ်အတွင်း လာရောက် ပုန်းခိုရသနည်း ဟူသောကိစ္စနှင့် ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှု အမျိုးမျိုး ထွက်ပေါ်နေချိန်တွင် အက်ဒ်ဝပ်စနိုးဒန်က အထက်ပါအတိုင်း အသိပေး ပြော ဆိုလိုက်ခြင်း ဖြစ်သည်။ South China Morning Post သတင်းစာရေး သားချက် အရ ဟောင်ကောင် သည် ပြစ်မှုကျူးလွန်သူ များကို ပြစ်မှု ကျူးလွန်ရာ တိုင်းပြည်သို့ လွှဲပြောင်းပေး အပ် နိုင်သည့် သဘောတူညီချက် စာချုပ်ကို အမေရိကန်ပြည်ထောင် စုနှင့် ရေးထိုး ထားကြောင်း၊ သို့သော် စနိုးဒန်အား အမေရိကန်ပြည် ထောင်စုသို့ လွှဲပြောင်းပေးမည့် ကြိုးပမ်းချက်များကို ဘေဂျင်းအစိုးရက အဟန့်အတား ပြုလုပ်နိုင်ကြောင်း သိရသည်။
သို့သော်လည်း စနိုးဒန်၏ အမှုကိစ္စသည် တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးအကြိမ် သွားရောက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်ရာ ၄င်းအား လွှဲပြောင်းမည့် ကြိုးပမ်းချက်များကို ဘေဂျင်းအစိုးရ အနေနှင့် အဟန့်အတားပြုလုပ်ဖွယ် နည်းပါးကြောင်း လေ့လာ ဆန်းစစ်သူ တို့က ဆိုသည်။
အက်ဒ်ဝပ်စနိုးဒန် ကမူ မိမိအနေနှင့် ဟောင်ကောင်တွင် နေထိုင်ရသည်မှာ လုံခြုံ စိတ်ချသည်ဟု ခံစားမိကြောင်း ထုတ်ဖော် ပြောဆိုပြီး ဟောင်ကောင်မှ ထွက်သွားရန် ဖိအားပေးမှုများ မရှိသေးသရွေ့ ဆက်လက် နေထိုင်သွားမည်ဟု အသိပေးလိုက်သည်။ Reuters သတင်းဌာန အဆိုအရ ယခုအခါ စနိုးဒန်ကို နိုင်ငံရေးခိုလှုံခွင့် ပေးရန် ရုရှားနိုင်ငံက ကမ်းလှမ်းထားကြောင်း သိရသည်။
From:The Voice
www.mmdailystar.com