မြန်မာနိုင်ငံကို ပို့ကုန်ပစ္စည်းများအတွက် အထူးအခွန်သက်သာခွင့် (GSP- Generalized Scheme of Preferences) ပြန်လည်ပေးအပ်ခဲ့သည့် ဥရောပသမဂ္ဂနိုင်ငံများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇူလိုင်လ ဒုတိယပတ်တွင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ အဆိုပါ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ဗြိတိန်၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယင်းခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ မသိရှိသေးကြောင်း၊ ခရီးစဉ်ရှိပါက ထုတ်ြပန်ကြေညာသွားမည် ဖြစ်ကြောင်းသာ ပြန်လည် ဖြေကြားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဥရောပသမဂ္ဂက ပေးအပ်သော ပို့ကုန်ပစ္စည်းများအတွက် အထူး အခွန်သက်သာခွင့် (GSP- Generalized Scheme of Preferences) ကို မြန်မာနိုင်ငံအတွက် ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇွန်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ GSP ရရှိပါက အခွန်နှုန်း သက်သက်သာသာဖြင့် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံသို့ ပြည်တွင်းထွက် ကုန်ပစ္စည်းများကို တင်ပို့နိုင်မည်ဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်သည်။ သမ္မတဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် မတ်လအတွင်း ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ နော်ဝေ စသည့် ဥရောပနိုင်ငံ ခုနစ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့သည်။
ယင်းဥရောပ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose Manuel၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Van Pompuy တို့နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီမိုကရေစီလမ်းစဉ်သို့ ဦးတည်ရွေ့လျားနေသော မြန်မာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ဥရောပသမဂ္ဂက ယူရိုသန်း ၁၅၀ ထောက်ပံ့မည်ဟု ကတိကဝတ်ပြုလိုက်ကြောင်း ဥရောပသမဂ္ဂက တရားဝင် သတင်း ထုတ်ပြန်သည်။ ဥရောပသမဂ္ဂ (EU) သည် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး စသည့် အရေးယူပိတ်ဆို့မှု အားလုံး (လက်နက် အရောင်းအဝယ်မှအပ) ကို ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော EU နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ရုပ်သိမ်းခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.mmdailystar.com