မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်တဲ့အနေနဲ့ ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအထူးခံစားခွင့် အစီအစဉ် ပြန်လည်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုကနေတဆင့် ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ဖို့အတွက် ခုလို ပြန်လည်ပေးအပ်တာဖြစ်တယ်လို့ အီးယူအဖွဲ့က မနေ့က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အရင်တုန်းက ကုန်သွယ်ရေး အထူးခံစားခွင့် အဖွဲ့ဝင်ဖြစ်ခဲ့ပေမယ့် စစ်အစိုးရလက်ထက်အတွင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ လုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်က ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ခုအခါမှာ မြန်မာနိုင်ငံက လိုအပ်တဲ့ တိုးတက်ပြောင်းလဲမှုတွေ လုပ်လာပြီလို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ရဲ့ အစီရင်ခံစာမှာ ဖော်ပြပြီးနောက် ခုအခါ ကုန်သွယ်ရေးအထူးခံစားခွင့် ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကုန်သွယ်ရေးအထူးခံစားခွင့် ပြန်လည်ပေးဖို့ နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကသဘောတူပြီး အီးယူ ပါလီမာန်ဥက္ကဌနဲ့ အီးယူဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ အိုင်ယာလန်နိုင်ငံတို့က လက်မှတ်ရေးထိုး အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီလိုကုန်သွယ်ရေးအထူးခံစားခွင့်ရတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ အီးယူနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ လွတ်လွတ်လပ်လပ် ကုန်သွယ်ခွင့်တွေ၊ အခွန်ကင်းလွတ်ခွင့် ဒါမှမဟုတ် အခွန်လျော့ပေးပြီး ကုန်သွယ်ရေး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
အီးယူအဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကပဲ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ တသီးပုဂ္ဂလတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပြီး ခုအခါမှာ စစ်လက်နက်ရောင်းဝယ်ရေးဒဏ်ခတ်ပိတ်ဆို့မှု တစ်ခုသာ ချမှတ်ထားကြောင်း သိရပါတယ်။
www.mmdailystar.com