ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်း ပုံကို ထောက် ခံပါကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနို က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး ရာ တွင် ပြောကြား ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။ "အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ နားလည်ပါတယ်။
ဒါတွေကို ဖြေရှင်းနေတဲ့ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကိုလည်း ထောက်ခံတယ်ဆိုပြီး သမ္မတကြီးကို ပြောခဲ့ပါတယ်" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြား သည်။ အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး အဖြစ် ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်များတွင် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော် တွင် တွေ့ဆုံ ကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး တိုးမြှင့်ရေး တို့ကို ဆွေးနွေးခဲ့သည်။ ထို့ပြင် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၊ လူ့စွမ်းရည် မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကို မြန်မာနိုင်ငံနှင့် ချုပ်ဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတက မိမိအနေဖြင့် ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက် ရှိခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် လာရောက်ချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးကဏ္ဍ၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး ကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍ များတွင် ထင်ရှားသည့် အောင်မြင်မှုများကို တွေ့ရှိရသဖြင့် များစွာချီးကျုး ဂုဏ်ပြုပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို ထောက် ခံအားပေးသကဲ့သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့် ဆောင် ရွက်သွား မည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ အစိုးရပိုင်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ အနေဖြင့် မြန်မာနိုင် ငံတွင် ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် တိုက်တွန်းသွား မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကိုလည်း လာမည့်နှစ် တွင် ဒေါ်လာသန်း ၁၀၀၀ ထိ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံဆွေးနွေး ရာတွင် ပြောကြား ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက် တွင် ထုတ်ပြန် ထားသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် တွင် ဖော်ပြထားပါသည်။
www.mmdailystar.com