၂၀၁၂ နိုဝင်ဘာ ၁ ရက်နေ့က တွေ့ရတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အနီး ABSDF ၂၄ နှစ်ပြည့်အခမ်းအနား မြင်ကွင်းတခု - See more at: http://blog.irrawaddy.org/2013/03/blog-post_8.html#sthash.o0IkXjKo.dpuf
၂၀၁၂ နိုဝင်ဘာ ၁ ရက်နေ့က တွေ့ရတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အနီး ABSDF ၂၄ နှစ်ပြည့်အခမ်းအနား မြင်ကွင်းတခု
သူပုန် ဆိုတဲ့ အသုံးအနှုန်းကိုတော့ စာနယ်ဇင်းသမားတချို့က ရှောင်ကြပါတယ်။ လက်နက်ကိုင် ထားသူတွေ ငြိုငြင်မှာကိုစိုးရိမ်လို့ ရှောင်တာ ဖြစ်နိုင်ပါတယ်။။
သူပုန်ဆိုတဲ့ အသုံးက ကျစ်လျစ်ပါတယ်။စာနယ်ဇင်းအရေးအသားက ကျစ်လျစ်ရင် ပိုကောင်းပါတယ်။
ဒါကြောင့် လိုအပ်ရင် သူပုန်လို့ သုံးတာ ပိုသင့်တော်ပါလိမ့်မယ်။လက်နက်ကိုင်ထားသူတွေ ငြိုငြင်နိုင်မ လားသိဖို့ မေးကြည့်ရအောင်။
ABSDF လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဗဟို ဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး - ABSDF ကို သူပုန် လို့ သုံးနှုန်း ရေးသားတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ - စကားလုံး နှစ်ခုထဲက တခုကိုရွေးရမယ်ဆိုရင်တော့ သူပုန်ကို ရွေးချင်ပါတယ်။
သူပုန်ဆိုတာကို လွယ်လွယ်ပြောရရင်တော့ ပုန်ကန်ခြားနားသူ၊ ဖိနှိပ်မှု မတရားမှုတွေကို တွန်းလှန် သူလို့ ပြောနိုင် ပါတယ်။ အုပ်စိုးသူနဲ့ အုပ်ချုပ်ခံအကြားမှာ ဖြစ်တဲ့ ပြဿနာဖြစ်ပါတယ်။ ကျနော်တို့က စနစ်ကို ပြောင်းလဲချင်သူတွေဖြစ်တယ်။ တနည်းအားဖြင့် စနစ်ကို တော်လှန် ဆန့်ကျင်နေ သူတွေဖြစ် ပါတယ်။
ပုန်ကန်ခြားနားသူ အမျိုးမျိုးရှိနိုင်တယ်။ ကျနော် တို့က အာဏာရလိုမှုအတွက် ပုန်ကန်ခြားနားတာ မဟုတ်ပါဘူး။ စနစ်ပြောင်းလဲရေးအတွက် ပုန်ကန် ခြားနားသူတွေဖြစ်ပါတယ်။
ပဒေသရာဇ်ခေတ်မှာ အာဏာရလိုမှုအတွက် ပုန်ကန်တာတွေ သမိုင်းမှာ တွေ့ခဲ့ရမှာဖြစ်တယ်။
အင်္ဂလိပ်လက်အောက်မှာ လယ်သမားအရေးအတွက် ဆရာစံ သူပုန်ထခဲ့တယ်။
ထို့အတူ တိုင်းပြည်လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်နဲ့ ရဲဘော်သုံးကျိပ်က သူပုန်ထခဲ့တာဖြစ်တယ်။
ကျနော်တို့က ဒီမိုကရေစီ ရရှိရေးအတွက် သူပုန်ထခဲ့တာဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီ စနစ်နဲ့ အစားထိုးဖို့ တော်လှန်ခဲ့တာဖြစ်တယ်။
ကျနော်တို့ ဘာလုပ်ချင်သလဲ ဘာဖြစ်ချင်သလဲ အဲဒီအတွက် နိုင်ငံရေးဦးတည်ချက်ရှိတယ်၊ လုပ်ငန်းစဉ်တွေ ရှိတယ်၊ ပရမ်းပတာလုပ်နေတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ဟာ ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံရေးဦးတည်ချက်၊ လုပ်ငန်းစဉ်တွေနဲ့ တော်လှန်တိုက်ပွဲဝင်နေတဲ့ သူပုန်အဖွဲ့အစည်းဖြစ်တယ်လို့ ပြောချင်ပါတယ်။
မေး - ABSDF ကို သောင်းကျန်းသူ လို့ ရေးမယ် ဆိုရင် ဘာပြောချင်ပါသလဲ။
ဖြေ - တိတိကျကျပြောရရင် ကန့်ကွက်ပါတယ်။
ဒီအသုံးအနှုံးက အစိုးရအဆက်ဆက်က ကျနော်တို့ အဖွဲ့အစည်းတွေ ဘာကြောင့် ပေါ်ပေါက်ခဲ့ရသလဲ ဆိုတဲ့ နိုင်ငံရေးသမိုင်းနောက်ခံ ဖြစ်ရပ်မှန်ကို မျက်ကွယ်ပြုပြီး လူထုအကြားမှာ အမြင်မှားအောင်၊ ကျနော်တို့အပေါ် ထုထောက်ခံမှုနဲ့ နိုင်ငံတကာက ထောက်ခံမှုတွေကျအောင်၊ နိုင်ငံရေးသိက္ခာကျအောင် ထိုးနှက်တဲ့ သုံးတဲ့ အသုံးအနှုံးဖြစ်တယ်လို့ ပြောချင်ပါတယ်။
အချိန်ယူ ဖြေကြားပေးတဲ့ ABSDF ဗဟို ဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် ကို ကျေးဇူး တင်ပါ တယ်။

From:ဧရာဝတီ