ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် လူနေအိမ်တွေကို ၃ လအတွင်း အပြီးဆောက်လုပ်ပေးဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားလိုက်ပါတယ်။ ဧပြီ ၉ ရက် မနက်က နေပြည်တော်မှာကျင်းပတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ကော် မတီအစည်းအဝေးမှာ ပြောကြား ခဲ့တာပါ။
သမ္မတရဲ့ ညွှန်ကြားချက်သာ အကောင်အထည်ပေါ်မယ်ဆိုရင် လာမယ့်လပိုင်းအတွင်း ကျရောက်တော့မယ့် မိုးရာသီ ကာလ မှာ နေစရာအတွက် စိုးရိမ်ပူပန်နေကြတဲ့ ဒုက္ခသည်တွေအတွက် စိတ်သက်သာ ရာရစေမှာ ဖြစ်ပါတယ်။ ဒီအိမ်ယာ ဆောက်လုပ်တဲ့ကိစ္စကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ကိုယ်စား လှယ်တွေပါ တဲ့ အဖွဲ့တဖွဲ့ဖွဲ့ပြီး စစ်တွေမြို့မှာ အခြေပြုရုံးဖွင့်ကာ အကူအညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ သမ္မတက ထည့်သွင်း ညွှန်ကြားခဲ့ပါတယ်။
မနှစ် ဇွန်လကစဖြစ်တဲ့ ရခိုင်ပြည်နယ်အကြမ်းဖက်မှုမှာ အိုးအိမ်နဲ့ အဆောက်အဦ ၁ သောင်းကျော် ပျက်စီးခဲ့ရပြီး သူတို့ အတွက် အဆောက်အဦ ဆောက်လုပ်နေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိနေတာ ပါ။ လူနေအိမ်ခြေတွေ ဆောက် လုပ်နေရာချထားမှုနဲ့ ပတ်သက်လို့ စစ်တွေဒေသခံ တဦး ကို မေးမြန်းကြည့် တဲ့အခါ အစိုးရ အနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်ပြီးမှ နိုင်ငံ သားတွေအတွက် လူနေအိမ်ခြေတွေ ဆောက်လုပ် သင့်တယ်လို့ ပြောပါတယ်။
“မနက်တုန်းကတော့ သမ္မတပြောတာ ကျနော်တို့ ကြားသိလိုက်ပါတယ်။ ဒါပေမယ့် ရှိသင့်တဲ့ ဥပဒေအတိုင်း နိုင်ငံသား ဖြစ်ခွင့်ရသူတွေကို အိမ်ဆောက်ပေးတာတော့ ပြဿနာမရှိဘူး။ သို့သော် နိုင်ငံသားဖြစ်ခွင့် လည်း မရှိဘူး။ တခြား တိုင်းပြည် က ခိုးဝင်လာသူတွေကို အိုးပိုင်အိမ်ပိုင်ပေးမှာ ကိုတော့ ဒေသ ခံတွေ က သဘောလည်းမကျဘူး။ အရင်တုန်းကလည်း မြို့တော်တော်များများမှာ ဆန္ဒပြတာတွေ ရှိ ထားတယ်။” ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှမောင်သိန်း ကတော့ ဒီအစီအစဉ်ကို စောင့်ကြည့်သွားမှာပါလို့ ပြောပါတယ်။
“ယာယီလောက်လုပ်ပေးရင် လုပ်ပေးရမှာလေ။ မိုးတွင်းဆို သူတို့လည်း အခက်အခဲဖြစ်မှာပေါ့။ လုပ်သင့်သလောက်တော့ လုပ်သင့်တယ်။ ဒါပေမယ့် လုပ်သင့်တာထက် ပိုလုပ်ပေးရင်တော့ ဆူပူ မှုတွေ ဖြစ် လာနိုင်တယ်။”
သမ္မတဦးသိန်းစိန်က ရခိုင် ပြည်နယ်မှာ လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ ငါးဖမ်းလှေ၊ ငါးဖမ်းပိုက် ပံ့ပိုးေ ရးကိစ္စကို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ ပူးပေါင်းဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်။
ဒီညွှန်ကြားချက်နဲ့ပတ်သက်လို့ ရသေ့တောင်အမတ် ဦးလှမောင်သိန်းက လွန်ခဲ့တဲ့ သီတင်းပတ် ရခိုင်ပြည်နယ် လွှတ်တော် မှာ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ လွတ်လပ်စွာ ငါးဖမ်းဆီးရှာဖွေစားသောက်နိုင်ဖို့ ငါးဖမ်းခွင့် ကန်ထရိုက် မပေးတော့တဲ့ ဆုံးဖြတ်ချက် ကျသွားပြီးဖြစ်လို့ အများသူငါ သက်သာချောင်ချိတော့မယ်လို့ ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ကို မနှစ်ဒီဇင်ဘာလကတည်းက ပထမတကြိမ်ချထားပြီးဖြစ်ပေမယ့် မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနက ပြန်ဆွေးနွေးဖို့ တင်ပြတာကြောင့် မဲခွဲဆုံးဖြတ်ပြီး ထပ်မံအနိုင်ရခဲ့တတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတက ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကော်မတီအလိုက် အချိန်မဆိုင်းဘဲ လုပ်ဆောင်သွားဖို့နဲ့ စားရေးနေရေးကိစ္စတွေ ဆောင်ရွက်ပေးသလိုပဲ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကိုလည်း ဆက်လုပ်ဆောင်ပေးကြဖို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
www.mmdailystar.com