မတော်တဆ ထိခိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် နာကျင်မှု ဒဏ်ရာရရှိခဲ့သူများအား ရဲဆေးစာမပါဘဲ ဆေးကုသမှုပေးမည်ဟု ဒုတိယရဲမှူးကြီးဝင်းစိန်က နေပြည်တော်ရှိ ရဲချုပ်ရုံးတွင် ဇူလိုင်လ ၁၅ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
![မန္တလေးမြို့ တွင် ဆိုင်ကယ် မတော်တဆဖြစ်ခါ လဲနေသော သူများကို ဇူလိုင်လ အတွင်းကတွေ့ ရစဉ်။ ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ 15j6]()
“ရဲဆေးစာမပါရင်လည်း လက်ခံကုသပေးနိုင်ပါတယ်၊ ဘယ်ဆေးရုံ၊ ဆေးခန်းတွေမှာမဆို ကုသပေးနိုင်ပါတယ်၊ အဲဒီအတွက် ဆေးရုံဆေးခန်းတွေကို အရေးယူတာမရှိပါဘူး၊ ရဲစခန်းတွေကို အချိန်နဲ့တပြေးညီ သတင်းပေးရင်လည်း ရဲဆေးစာ ချက်ချင်းလုပ်ပေးမှာဖြစ်ပါတယ်” ဟု ဒု-ရဲမှူးကြီး ဝင်းစိန်က ရှင်းပြသည်။
မိမိအလိုအလျှောက် နာကျင်မှုတွေမှာ ဒဏ်ရာရရှိသူကို ဆေးရုံတွေ၊ ဆေးခန်းတွေက ဆေးစာမပါရင် လက်မခံသည့်အပေါ် မီဒီယာများ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ တာဝန်ရှိသူ မပိုပိုကမူ “ပွန်းပဲ့တာမျိုး၊ အပေါ်ယံဒဏ်ရာ တွေကိုတော့ လူနာရဲ့ ကိုယ်ရေးအကျဉ်းနဲ့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ကုသပေးပါတယ်၊ ပြင်းထန်တဲ့ ဒဏ်ရာမျိုးတွေကိုတော့ ပြည်သူ့ဆေးရုံ ကုတင်တစ်ထောင်ကိုပဲ ချက်ချင်းလွှတ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ထို့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများတွင် ရဲတပ်ဖွဲ့မှ ၂၄ နာရီ သီးသန့်တာဝန်ချထားပြီး ရာဇဝတ်မကင်းသော ပြစ်မှုနှင့်ဆက်နွယ်ပြီး အရေးပေါ်ရောက်လာသော လူနာများကို ချက်ချင်းဆေးစာပေးနိုင်အောင် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဒုရဲမှူးကြီး ဝင်းစိန်က ထပ်လောင်းဖြေကြားခဲ့သည်။
From:Mizzima

www.mmdailystar.com