Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအား လမ်းညွှန်မှာကြားခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

$
0
0
နေပြည်တော် ဇွန် ၁၀
ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီး များနှင့် ဒုတိယဝန်ကြီးများအား လမ်းညွှန်မှာကြားခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကို ဒီနေ့ တွေ့ဆုံတဲ့ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကျန်ရှိတဲ့ ကာလအတွင်း ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးမှာ အခြေခံအုတ်မြစ် ခိုင်မာအောင် ဆောင်ရွက်ပေးရမယ့်တာဝန်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွား ဦးစားပေး လိုအပ်ချက်တွေကို ဖြည့်ဆည်းရမယ့် တာဝန်တို့ကို တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wave) အဖြစ် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက် ရှိအောင် ဆောင်ကြဉ်းပေးခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူများ ရွေးချယ်တင်မြှောက်မှုကြောင့် လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့ဟာလည်း ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် တည်ဆောက်ရေးတာဝန်ကို ပြည်သူတို့နှင့်အတူ လက်တွဲ ဆောင်ရွက်ဖို့ တာဝန်ရှိလာခဲ့ပါတယ်။

ဒီတာဝန်ရဲ့ ပထမဆုံးအဆင့် (First Wave) အဖြစ် ရင်ဆိုင်ကျော်ဖြတ်ရတာကတော့ ခေတ်ဟောင်းစနစ်ဟောင်း တစ်ခုမှ ခေတ်သစ်စနစ်သစ်တစ်ခုဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်သစ်သို့ အသွင်ကူးပြောင်း ပေးခဲ့ရခြင်း ဖြစ်ပါတယ်။ တာဝန်ယူပြီး တစ်နှစ်ကျော် အတွင်းမှာပဲ လွှတ်တော်နဲ့ နိုင်ငံရေးပါတီအသီးသီးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အမြှော်အမြင်ကြီးမားတဲ့ ပြည်သူများရဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ပူးပါင်း ပါဝင်မှုတို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ညင်သာ ချောမွေ့စွာ ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုလို မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု အပေါ် နိုင်ငံတကာက အသိအမှတ်ပြု ချီးကျူးခဲ့ကြတဲ့အတွက် ကျွန်တော်တို့ အစိုးရရဲ့ စွမ်းဆောင်မှု မှတ်ကျောက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ညင်သာချောမွေ့တဲ့ အသွင်ကူးပြောင်းရေး ကာလအတွင်းမှာပဲ လွှတ်တော်နှစ်ရပ် ဖွဲ့စည်းပြင်ဆင်မှု၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ ဖွဲ့စည်း ပြင်ဆင်မှု စတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်နဲ့ ယန္တရားများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အချိန်ယူပြီး တည်ဆောက်ခဲ့ရပါတယ်။ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်မှု၊ အသစ်ရေးဆွဲမှုများကိုလည်း အချိန်ယူ ဆောင်ရွက်ခဲ့ရာ အချို့မှာ ပြီးစီးပြီး၊ အချို့မှာ ဆက်လက်ဆောင်ရွက်ဆဲဖြစ်တာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ ဒီမိုကရေစီ ခေတ်သစ် စနစ်သစ်နဲ့ လိုက်လျောညီထွေ ရှိပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွား တိုးတက်ရေး အတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းကို လေ့လာကြည့်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် နိုင်ငံ အတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပြီးတဲ့ အခါမှာ ကာလအတိုင်းအတာ တစ်ခုထိ လက်တွေ့ကျင့်သုံးကြည့်ပြီး အားသာချက်၊ အားနည်းချက်တွေကို အချိန်ယူ ပြန်လည် လေ့လာသုံးသပ်ပြီးမှ အမှားအယွင်း နည်းအောင် ရေရှည်မြော်မြင်ပြီး ပြင်ဆင် ဆောင်ရွက်လေ့ ရှိကြတာ တွေ့ရှိရပါတယ်။

လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက ဥပဒေပြုရေးတာဝန် အများအပြားကို ပြီးနိုင်သမျှပြီးစီးအောင် ကြိုးစား ဆောင်ရွက်နေကြတာ တွေ့ရှိရသလို၊ အချိန်မီ ဆက်လက်ပြုစုပြဋ္ဌာန်းရန် ကိစ္စတွေ အများအပြား ကျန်ရှိနေတာ ကိုလည်း တွေ့ရှိရပါတယ်။

လွှတ်တော်အတွင်း ဆွေးနွေးညှိနှိုင်းပြဋ္ဌာန်းလို့ ပြီးနိုင်တဲ့ ဥပဒေတွေရှိသလို တိုင်းရင်းသား လူမျိုးစုများ အားလုံးပါဝင်အောင် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ပြီးမှ အားလုံး ပါဝင်ပြီး ဆွေးနွေးညှိနှိုင်းသင့်တဲ့ ဥပဒေတွေရှိတာကို အလေးဂရုပြုကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲစရာတွေ များပြား တာကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှု၊ အစိုးရယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုစတဲ့ ပြုပြင်ပြောင်းလဲမှုတို့ကို မဟာဗျူဟာလုပ်ငန်းစဉ် များအဖြစ် ချမှတ်ပြီး ဒုတိယအဆင့် (Second Wave) အဖြစ် အရှိန်မြှင့်တင် ဆောင်ရွက် ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ရာမှာ လွှတ်တော်၊ ပြည်သူများရဲ့ ပူးပေါင်း ပါဝင်မှု သာမက နိုင်ငံတကာ မိတ်ဘက်အဖွဲ့အစည်းများကပါ နေပြည်တော် သဘောတူညီချက် Naypyitaw Accord နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်လာတာ အားရဖွယ် တွေ့ရှိခဲ့ရပါတယ်။

ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ လုပ်ငန်းစဉ်(၄)ရပ်ထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ အရေးအကြီးဆုံးနဲ့ အသိမ်မွေ့ဆုံး ဖြစ်ပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာ လုံခြုံမှုအတွက် နိုင်ငံရေးအခြေအနေများ တည်ငြိမ်စွာ ဖြစ်ထွန်း တိုးတက်ဖို့ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ နိုင်ငံအချို့မှာ ပြည်တွင်း ပဋိပက္ခစစ်ပွဲများနဲ့ ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရသလို မဖြစ်ရလေအောင် ကျွန်တော်တို့ အစိုးရနဲ့ ပြည်သူများ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ပဋိပက္ခများနဲ့ အကျပ်အတည်းများကို အချိန် ကာလ ကြာမြင့်စွာ ဖြတ်သန်းခဲ့ရတဲ့ အတွက် အခြားနိုင်ငံထက် ဖွံ့ဖြိုးမှု နောက်ကျခဲ့ရတယ် ဆိုတာကို ကျွန်တော်တို့အားလုံး သင်ခန်းစာ ရခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် တည်ငြိမ် အေးချမ်းတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်အဖြစ် နိုင်ငံရေး အင်အားစုများ အချင်းချင်းအကြား၌ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားပြီး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများကို ဆွေးနွေးညှိနှိုင်း အဖြေရှာ ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုအပ်တဲ့ လမ်းပြမြေပုံနဲ့ ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ရေးဆွဲ သတ်မှတ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံလျက် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး၊ ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးတို့ကို ဆက်လက်ဆောင်ရွက် သွားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။

စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများကို စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်(Framework on Economic and Social Reform-FESR)နဲ့ အညီ ဘဏ္ဍာရေးနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲရေး၊ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ပြုပြင်ပြောင်းလဲရေးတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ဗဟိုချက်မသဖွယ် ဖြစ်ပြီး ပြည်သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လုပ်ခဝင်ငွေ ရရှိရေးတို့နဲ့ပါ ဆက်စပ် နေတာကြောင့် တာဝန်ရှိတဲ့ ဌာနအဖွဲ့အစည်းများက ယခုထက် ပိုမို အဆင်ပြေ ချောမွေ့အောင် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများ အခက်အခဲ မရှိဘဲ စိတ်ကျေနပ်မှုရတဲ့အထိ စေတနာ အပြည့်အဝနဲ့ မြန်မြန်ဆန်ဆန် ကြိုးစား အကောင်အထည်ဖော် ကြစေလိုပါတယ်။

မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်စနစ်မှာ သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှုဟာ အနာဂတ်မှာ ပြည်သူများရဲ့ လူမှု စီးပွားရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အဆင့်ထိ ရောက်ရှိလာရေးနဲ့ e-government စနစ် ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဌာနတိုင်းက လ (၂၀) အစီအမံ ရေးဆွဲပြီး လက်တွေ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့အထိ ဝန်ထမ်းများကိုပါ ဖွဲ့စည်းလေ့ကျင့်ပြီး တစ်စိုက်မတ်မတ် တိုးတက်ရေး စီမံ ဆောင်ရွက် ကြရန် ဖြစ်ပါတယ်။ သို့မှသာ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝ လျှင်မြန် ချောမွေ့လာမှာ ဖြစ်ပါတယ်။

ပြည်သူများရဲ့ လူမှု စီးပွား လိုအပ်ချက်ကို အဓိကထား ဖြည့်ဆည်းနိုင်ရန် ဦးစားပေး လုပ်ငန်းစဉ် (၇) ရပ် ချမှတ် အကောင်အထည်ဖော်ခဲ့ရာမှာ လျှပ်စစ်မီး၊ သောက်သုံးရေ ရရှိရေးတို့ကို အထိုက်အလျောက် တိုးတက် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ရန် ကျန်ရှိတဲ့ မြို့ရွာများကို ဦးစားပေး အစီအစဉ် အလိုက် ဖြည့်ဆည်းသွားနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများမှ အကောင်အထည်ဖော်သွားကြဖို့ မှာကြားလိုပါတယ်။

ကျေးလက်နေ ပြည်သူများနဲ့ မြို့ပြရှိ ဆင်းရဲသူများရဲ့ လူမှု စီးပွားဘဝ တိုးတက်အောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရာမှာ-
-
လယ်ယာသီးနှံများ အထွက်ကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေးနဲ့ စက်မှု လယ်ယာကူးပြောင်းရေး အရှိန်မြှင့် တင် ဆောင်ရွက်ခြင်း။
-
မွေးမြူရေးနှင့် သားငါး ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် အချက်အချာ ကျတဲ့ မွေးမြူရေးအစာ စိုက်ပျိုးထုတ်လုပ်ပြီး သားငါး မွေးမြူ ထုတ်လုပ်မှု မြှင့်တင်လျက် ပြည်တွင်း ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် သာမက ပြည်ပ တိုးမြှင့် တင်ပို့နိုင်ရေး အတွက်ပါ မြှင့်တင်ဆောင်ရွက်ခြင်း။
-
ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာများ ဖြည့်ဆည်းဆောင်ရွက်ခြင်းတို့ အတွက် ဌာနအဖွဲ့အစည်းများ၊ သမဝါယမ အစုအဖွဲ့များနှင့် အသေးစား ငွေချေး လုပ်ငန်းများက ကုန်သည်၊ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ဒေသ တစ်ခုချင်း၊ မြို့နယ်တစ်ခုချင်း သိသိသာသာ တိုးတက် ဖြည့်ဆည်း ဆောင်ရွက်နိုင်အောင် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါတယ်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ၊ အထူး စီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ အစရှိတဲ့ လုပ်ငန်းများဟာ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ရေး အတွက် တိုးချဲ့ မြှင့်တင်ရမယ့် လုပ်ငန်းများ ဖြစ်တာကြောင့် တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက်အောင် ကြိုးစား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကုန်သွယ်ရေး မူဝါဒ၊ တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ပြည်သူ့ဘဝ အနာဂတ် အာမခံမှု ရှိတဲ့ အိမ်ယာစီမံကိန်းများ၊ သွားလာမှု လွယ်ကူရေးအတွက် ပို့ဆောင်ရေး အစီအမံများကို အလေးအနက်ထား အကောင်အထည်ဖော် သွားကြရန် ဖြစ်ပါတယ်။

အုပ်ချုပ်ရေး ယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု နှင့် စပ်လျဉ်းပြီး ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဖြစ်သော်လည်း အချို့ဌာနများသည် သိသာစွာ တိုးတက်ပြောင်းလဲ ကောင်းမွန် လာပြီး အချို့ဌာနများတွင် ရှေးယခင်လုပ်နည်း လုပ်ဟန်အတိုင်း ဆက်လက် လုပ်ဆောင်နေခြင်း၊ စွမ်းဆောင်မှု အရည်အချင်း ကျဆင်းနေခြင်းတို့ကြောင့် အောက်ခြေ အထိ ပြန်လည် ကွင်းဆင်း လေ့လာသုံးသပ်ပြီး ဝန်ထမ်းများရဲ့ စိတ်ဓာတ် စည်းကမ်းနဲ့ စွမ်းဆောင်ရည် ပြည့်ဝအောင် (Capacity Building) တည်ဆောက်ခြင်း၊ ယှဉ်ပြိုင် ကြိုးစားမှုဖြင့် ရာထူးအဆင့် တိုး၍ ချီးမြှင့်ခြင်း၊ အရေးယူသင့်သူကို အရေးယူခြင်း တို့ဖြင့် အုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် မြင့်မားတိုးတက်အောင် ဝန်ကြီး၊ ဒုတိယဝန်ကြီးများက မိမိတို့ ကိုယ်တိုင် အရည်အသွေး မြင့်မားရေးနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် တစ်ဖက်က ကြိုးစားရင်း တစ်ဖက်မှာ လည်း အောက်ခြေအဆင့်ဆင့် အပေါ် ခေါင်းဆောင်မှု ကောင်းကောင်းနဲ့ ပြုပြင်ပြောင်းလဲဆောင်ရွက်သွားဖို့ မှာကြားလို ပါတယ်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် အနေနဲ့လည်း လာဘ်ပေးလာဘ်ယူမှု များကို စုံစမ်းစစ်ဆေး အရေးယူနိုင်ရေးအတွက် ဥပဒေနဲ့အညီ ပေးအပ်ထားသော တာဝန်များကို လွတ်လပ်စွာ ရပ်တည်ပြီး ပီပြင်စွာ ဆောင်ရွက်သွားဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

စီမံခန့်ခွဲ အုပ်ချုပ်မှု အပိုင်းမှာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး/ပြည်နယ် အဆင့် စီမံခန့်ခွဲမှု ပိုင်းခြားခွဲဝေ ဆောင်ရွက်နိုင်ရေးဟာ အုပ်ချုပ်မှုယန္တရား တိုးတက် ကောင်းမွန်ရေး အတွက် အဓိက ကျပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနများက မူဝါဒနှင့် ဥပဒေမူဘောင်ကို အဓိကထား စီမံပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက လက်တွေ့ မြေပြင်မှာ လုပ်ငန်းများ အောင်မြင်အောင် စီမံခန့်ခွဲ လမ်းညွှန်ကြီးကြပ် စစ်ဆေး ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ဗဟို ချုပ်ကိုင်မှု လျှော့ချခြင်း Decentralization ကို ပီပီပြင်ပြင် ဖြစ်အောင် ခွဲဝေ ပိုင်းခြား ဆောင်ရွက်ကြရန် အလေးထား မှာကြားလိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား လုပ်ငန်းများ ခွဲဝေ ပိုင်းခြား ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉၆) ဇယား (၁) နဲ့ ပုဒ်မ (၁၈၈) ဇယား (၂) တို့ကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီး လိုအပ်တဲ့ ဥပဒေ ပြင်ဆင် ဖြည့်စွက်မှုနဲ့ အသစ်ရေးဆွဲမှု၊ နည်းဥပဒေ ရေးဆွဲမှုတို့ကို လွှတ်တော်သို့ ဥပဒေကြမ်း အမြန်ဆုံး ပေးပို့နိုင်ရန် ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။

အခြေခံကျတဲ့ မြို့နယ်အဆင့်များမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်သော စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ရာမှ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများရဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြည်သူများရဲ့ ဆန္ဒနဲ့အမြင်ကို ရယူပြီး ပြည်သူများရဲ့ လိုအပ်ချက်များကို ပိုမို ဖြည့်ဆည်းပေးလာနိုင်တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။ သို့ရာတွင် အချို့သော မြို့နယ် ဒေသတွေမှာ အပြန်အလှန်ပေါင်းစပ် ညှိနှိုင်းမှု အားနည်းနေခြင်းများကို ပြုပြင်ဆောင်ရွက် သွားကြဖို့ မှာကြားလိုပါတယ်။

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းဟာ  နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုသာမက ပြည်သူတို့ရဲ့ လူမှု စီးပွား တိုးတက်ရေး အတွက်ပါ အဓိက ကျပါတယ်။ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ဟာ ပုဂ္ဂလိက ကဏ္ဍကဖြစ်ပြီး ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်တဲ့ ကဏ္ဍ ဖြစ်တဲ့ အတွက် အစိုးရဌာနများရဲ့ လုပ်ထုံးလုပ်နည်းများကို လုပ်သာကိုင်သာရှိအောင် ဖြေလျှော့ ပေးခြင်း၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ခြင်း၊ ငွေကြေး ဈေးကွက် ဖွံ့ဖြိုးရေးနှင့် ကုန်စည်ဈေးကွက် ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်းကျောင်း နည်းပညာနဲ့ ကျွမ်းကျင်မှု နည်းပညာများ ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း၊ လျှပ်စစ်အပါအဝင် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းခြင်း စတဲ့ လုပ်ငန်းစဉ်များကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက် သွားကြဖို့ မှာကြားလိုပါတယ်။

နိဂုံးချုပ်အားဖြင့်
ကျွန်တော်တို့အစိုးရအတွက် တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) အဖြစ် ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရန် ရေရှည်အတွက် အခြေခံ အုတ်မြစ် ခိုင်မာအောင် ချမှတ်မယ့် အပိုင်းနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွား ဦးစားပေး လိုအပ်ချက်တွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ့် အပိုင်း နှစ်ပိုင်းတို့ကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ရေရှည်အတွက် အခြေခံအုတ်မြစ် ချမှတ်ပေးရမယ့်အပိုင်းမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး အတွက် တရားဥပဒေစိုးမိုးရေးကို ထိရောက်အောင် ဆောင်ရွက်ပြီး ဒီမိုကရေစီ အလေ့အကျင့် ရင့်သန်မှုဖြင့် ဒီမိုကရေစီနိုင်ငံ အသွင် ကူးပြောင်းမှု ချောမွေ့ အောင်မြင်အောင် ဆောင်ရွက်ရေးနဲ့ လူမှုစီးပွားရေး တိုးတက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။

လူမှုစီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရမယ့် လုပ်ငန်းများကို အမျိုးသားဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (National Comprehensive Development Plan) နဲ့အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကဏ္ဍအလိုက် လက်တွေ့ကျကျ အကောင်အထည် ဖော်ရမယ့် အစီအမံများကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။

ကဏ္ဍများစွာ ရှိသည့်အနက် အဓိကကဏ္ဍကြီး နှစ်ခုကတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစီအမံပြုလုပ်ခြင်းနှင့် သဘာဝသယံဇာတ အရင်းမြစ်များကို နောင် သားစဉ် မြေးဆက် စဉ်ဆက်မပြတ် သုံးစွဲနိုင်တဲ့ သယံဇာတအရင်းအမြစ် ထုတ်ယူ သုံးစွဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် စီမံခန့်ခွဲခြင်းတို့ ဖြစ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့ဟာ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ပညာရေးကဏ္ဍမှာ မူကြိုအဆင့်မှ အဆင့်မြင့်ပညာရေးအထိ အရည်အသွေး အရည်အချင်း မြင့်မားအောင် မြှင့်တင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးဆောင်ကြမယ့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင် လုပ်သားများ လေ့ကျင့်မွေးထုတ်နိုင်မှသာလျှင် ခေတ်သစ်ရဲ့ ပညာအခြေပြု စီးပွားရေး နယ်ပယ်မှာ အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းပြီး ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍကို လာမယ့်နှစ်မှာလည်း ဘဏ္ဍာငွေကြေး ပိုမိုခွဲဝေသုံးစွဲပြီး အရှိန်အဟုန်နဲ့ မြှင့်တင်မှာ ဖြစ်လို့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက အဓိက စွမ်းဆောင်မယ့် ပုဂ္ဂိုလ်များဖြစ်ကြတဲ့ ဆရာများ၊ ကျောင်းသားများ၊ မိဘများ၊ ပညာရှင်များနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ  နီးနီးကပ်ကပ် ညှိနှိုင်းပူးပေါင်း ကြိုးပမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

ကျန်းမာရေးကဏ္ဍမှာ ပြည်သူများအနေနဲ့ အရေးကြုံလျှင် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးများသို့ ငွေကုန်ကြေးကျခံပြီး သွားရောက်ကုသနေရတဲ့ ဝန်ထုပ်ဝန်ပိုး လျှော့ချနိုင်အောင် တိုင်းဒေသကြီး/ ပြည်နယ်မြို့ကြီးများမှာ ရန်ကုန်နှင့် မန္တလေးကဲ့သို့ အထူးကု ဆရာဝန်ကြီး များနဲ့ ဆေးရုံသုံး ခေတ်မီ စက်ကိရိယာဆေးဝါးများ ဖြည့်ဆည်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြို့နယ်များ အတွက် ဆေးရုံအဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်နေ ပြည်သူများ အတွက် တိုက်နယ်ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာနများနဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုဖြည့်ဆည်းနိုင်ရေး စီမံသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများရဲ့ မြေပြင် လိုအပ်ချက်ကို သိရှိတဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံသုံး ကိရိယာ၊ ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်းပေးမယ့် ကျန်းမာရေး ဝန်ကြီးဌာနတို့က ဒေသအလိုက် ကွင်းဆင်းတွက်ချက်ပြီး ပြည်သူ့ ဘဏ္ဍာများကို အကျိုးရှိ ထိရောက်အောင် လိုအပ်တဲ့နေရာမှာ လိုအပ်သလို မြှင့်တင် သုံးစွဲသွားရေး ညှိနှိုင်း စီမံ သွားကြရန် တိုက်တွန်းမှာကြားလိုပါတယ်။

မကြာမီက ကောက်ယူပြီးစီးခဲ့တဲ့ သန်းခေါင်စာရင်းမှာ ပြည်သူတို့ရဲ့ လူမှုစီးပွားဆိုင်ရာ အကြောင်းအရာတွေ ရရှိမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာနနဲ့ ကဏ္ဍအလိုက် လူမှုစီးပွား ညွှန်းကိန်းတွေ တိုးတက်မှုရှိ/ မရှိနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လိုအပ်ချက်တွေကို အစီအမံရေးဆွဲပြီး တိုးတက်မှုရှိအောင် ဝန်ကြီး၊ ဒုတိယဝန်ကြီးများက အာရုံစူးစိုက် လေ့လာသုံးသပ်ပြီး တိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ပြည်သူတို့ရဲ့ လူမှုစီးပွား လိုအပ်ချက်ထဲမှာ အဓိကအကျဆုံးဖြစ်တဲ့ အလုပ်လက်မဲ့ စာရင်းများ ကောက်ယူပြီး အလုပ်အကိုင်နှင့် ဝင်ငွေရရှိနိုင်တဲ့ အခွင့်အလမ်းများ ဖန်တီးပေးရေး စီမံ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။  အလုပ်သမားများရဲ့ အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု၊ အလုပ်သမား၊ အလုပ်ရှင် သဟဇာတဖြစ်ရေး ညှိနှိုင်းဖြေရှင်းမှု တို့ကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်းနှင့် လူမှုရေးအကာအကွယ်ပေးမှုဆိုင်ရာ လုပ်ငန်းတွေကို သက်ဆိုင်ရာ ကော်မရှင်/ အဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာ ဌာနများက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြား လိုပါတယ်။

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူမြန်ဆန်စွာ တိုးချဲ့လုပ်ကိုင်နိုင်အောင် ကြိုးနီစနစ်တွေ လျှော့ချပြီး ကမ္ဘာ့ဘဏ် IFC ရဲ့ Doing Business Report မှာ ဖော်ပြပါရှိတဲ့အတိုင်း အချိန်ကြန့်ကြာ နှောင့်နှေးမှု မရှိရေး၊ မလိုအပ်သော ငွေကုန်ကြေးကျ မရှိရေး၊ လုပ်ထုံးလုပ်နည်းများ လွယ်ကူ ရှင်းလင်းရေးတို့အတွက် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ဆောင်ရွက် ပေးသွားရန် လိုအပ်ပါတယ်။ သို့မှာသာ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ လွယ်ကူ အဆင်ပြေ ချော့မွေ့စွာ တိုးချဲ့လုပ်ဆောင်လာနိုင်မှာ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ကုန်စည်အဝင်အထွက် ဆိပ်ကမ်းများ၊ လေဆိပ်များ၊ ပြည်သူတွေနဲ့ အများဆုံး ထိတွေ့နေရတဲ့ ရုံးဌာနအသီးသီးနဲ့ စည်ပင်သာယာ အဖွဲ့အစည်းတွေမှာ ပြည်သူတွေ မနှစ်မြို့ မလိုလားတဲ့ ဆက်ဆံဆောင်ရွက်မှုတွေ ရှိနေခြင်းအပေါ် တာဝန်ရှိတဲ့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက မသိကျိုးကျွံမနေဘဲ ပြည်သူတွေ ကျေနပ်မှု၊ ယုံကြည်မှုရှိလာတဲ့အထိ ဝန်ဆောင်မှုတွေ လျှင်မြန်တိုးတက်ကောင်းမွန်အောင် ဖိဖိစီးစီး ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။

သဘာဝသယံဇာတ အရင်းအမြစ်များကို နောင် သားစဉ်မြေးဆက် စဉ်ဆက်မပြတ် သုံးစွဲနိုင်အောင် သယံဇာတ အရင်းအမြစ် ထုတ်ယူသုံးစွဲမှုနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် စီမံခန့်ခွဲရာမှာ ရေရှည် ဆောင်ရွက်ရမယ့် မြေသယံဇာတ စီမံခန့်ခွဲမှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ စွမ်းအင်စီမံခန့်ခွဲမှု၊ သစ်တော သယံဇာတ စီမံခန့်ခွဲမှု၊ သတ္တု၊ ကျောက်မျက် သယံဇာတ စီမံခန့်ခွဲမှု တို့ကို သက်ဆိုင်ရာ ကော်မတီများနဲ့ ဌာနဆိုင်ရာများက ပညာရှင်များနဲ့ ညှိနှိုင်းပြီး ဒေသ/ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနဲ့အညီ အစီအမံများ ရေးဆွဲချမှတ် ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံမှုများကို ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိရေးအတွက် ဆောင်ရွက်ခွင့်ပြုသော်လည်း တာဝန်သိမှု၊ တာဝန်ယူမှု ရှိပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူများရဲ့ လူမှုစီးပွား မထိခိုက်အောင် စိစစ်ခွင့်ပြု ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ မြေယာအသုံးချမှု မူဝါဒနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးအတွက် ပြည်တွင်းပြည်ပ ပညာရှင်များ၊ Stake – holder များ ညှိနှိုင်း ရေးဆွဲပြီး တိုးတက်လာသော လူဦးရေနှင့် မြေမဲ့ ယာမဲ့ ပြည်သူများအတွက် သစ်တောမြေ၊ မြေလွတ်မြေရိုင်းနဲ့ ရွာမြေ အခင်းအကျင်းများ ပြင်ဆင် စီမံချထားရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် သောက်သုံးရေ ရှားပါးလာမှု အပေါ် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးအတွက် သစ်တော ပြုစုပျိုးထောင်မှု အစီအမံများကို ဥပဒေနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက် ရှိပါတယ်။ သစ်တောမြေ အဖြစ်မှ စွန့်လွှတ်လျက် ကျေးရွာပေါင်း (၁၂၁၃) ရွာကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ အတည်ပြု ချထားပေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။ ဆက်လက်၍ မြေလွတ်မြေရိုင်းများကို စိစစ်ပြီး ဥပဒေနဲ့အညီ ဒေသခံ ပြည်သူများရဲ့ လိုအပ်ချက်နဲ့အညီ မြေယာ အခင်းအကျင်းများ စီမံ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ဥပဒေမဲ့ ကျူးကျော်မှု များကို ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း၊ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်သူ မြေမဲ့၊ ယာမဲ့များ အတွက် မြေယာချထားပေးခြင်းတို့ကို မမှန်မကန် ပြုလုပ်မှုများ မပါဝင်ရအောင် ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့က စိစစ် ဆောင်ရွက် ပေးသွားကြရန် ဖြစ်ပါတယ်။ သို့မှသာ မြေမဲ့ယာမဲ့များအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာမှာ ဖြစ်သလို ဝင်ငွေများလည်း တိုးတက်ရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

အထက်ကမှာကြားခဲ့သည့် ဆောင်ရွက်ရန်အချက်များမှာ မိမိတို့အစိုးရ၏ ပြုပြင် ပြောင်းလဲရေး မူဝါဒဖြစ်သော ပြည်သူအားလုံး၏ဆန္ဒဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူတို့၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိက ဦးတည် အကောင်အထည်ဖော်နေခြင်း ဖြစ်သည့်အတွက် ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့်တာဝန်ရှိသူအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက်တိုးတက် အောင်မြင် အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။


From:သမ္မတ၇ုံး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


စနေမင်း နှင့် တနင်္ဂနွေမင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အကြောတစ်ထောင်ရွက်


နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>