လွန်ခဲ့တဲ့ လ က ထိုင်း-မြန်မာနယ်စပ် အုန်းပြန့် ဒုက္ခသည်စခန်းကို သွားခဲ့တယ်။ ကျောင်းတက်ရမယ့် အရွယ် ကျောင်းမတက်နိုင်တဲ့ ငိုနေတဲ့ ကလေးငယ်ရဲ့ မျက်ဝန်းကို အမိအရ ဓာတ်ပုံ ရိုက်ယူခဲ့တယ်။
ဘ၀မှာ တသက်နဲ့ တကိုယ် အရင်က တခါမှ မကြားဖူးတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့က ဒုက္ခ သည် စခန်းဆိုတဲ့နေရာက ကလေးငယ် တယောက်ရဲ့ မျက်ဝန်း တေဇလှိုင်က ရိုက်ယူဖော်ပြ လာတယ်။ တူညီမှုတွေ၊ မတူညီမှုတွေကို ဒီဓာတ်ပုံတွေက စကားပြောနေတယ်။
မိတ္ထီလာ ဒုက္ခသည်စခန်းက ကလေးငယ်
ဒီဓာတ်ပုံတွေထဲက မိန်းကလေး ၂ ဦးလုံးဟာ အငိုမျက်ဝန်းတွေနဲ့ပါ။ သူတို့ ၂ ယောက်လုံး ဒုက္ခသည် ဆို တဲ့ စကားလုံးကြီးအောက်မှာ ရှိနေကြသူတွေ ဖြစ်တာ တူညီချက်တခုပါ။
အုန်းပြန့် ဒုက္ခသည်စခန်းက ကလေးမလေးကတော့ စစ်ပြေးဒုက္ခသည်၊ မိတ္ထီလာမြို့က ဒုက္ခသည်စခန်းက မိန်းကလေးက ရုတ်တရုက်ကြီး ရက်ပိုင်းအတွင်း ဒုက္ခသည်အဖြစ်ရောက်သွားရသူပါ။
ဒါပေမယ့် အဲဒီ ကလေးငယ်မလေးတွေရဲ့ ဓာတ်ပုံတွေက ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။
မိတ္ထီလာမြို့ခံတွေနဲ့ ပဋိပက္ခအကြောင်း နယ်ပေါင်းစုံကို သေသေချာချာ ဂဃနဏ မေးကြည့်ဖြစ်ပါတယ်။
ဘယ်လိုဖြစ်ရတာလဲပေါ့။
ဖြစ်စဉ်က ရွှေရောင်းချရာမှာ ရွှေဆိုင်ပိုင်ရှင် မွတ်ဆလင်နဲ့ လာရောင်းသူ ဗမာ တို့ အချင်းများကြရာက စတာ ဆိုပေမယ့် အဲဒီဖြစ်ရပ်က ဆိုင်ကို ဖြိုဖျက်ပြီးနောက် နောက်ထပ် အမှုတခု ထပ်ပေါ်လာတယ်လို့ ဆိုပါတယ်။
ဟံဇားက မိတ္ထီလာ တက်လာတဲ့ ရဟန်းတပါး ပျံလွန်တော်မူသွားတဲ့ကိစ္စက ဒီပြဿနာကို ထိုးဆွ မီးထိုးပေး လိုက်တာလို့ မြို့ခံတွေက ပြောကြပါတယ်။
ဒီလို ရဟန်းတော်တပါး သေဆုံးတာကိုတော့ မကျေမနပ်ဖြစ်တဲ့သူတွေရှိကြပေမယ့် အခုလို ထိ ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့သူတွေထဲတော့ မြို့ခံတွေက မပါဝင်ခဲ့ကြပါဘူး တဲ့။
မြို့ခံတွေ ပြောသမျှ စကားတွေထဲမှာ ထူးဆန်းတာတွေ ရှိနေတာ တပုံတပင်ကြီးပါ။ တူညီတဲ့ တခုကတော့ အခု ဆူပူလှုံ့ဆော် အကြမ်းဖက်ကြသူတွေက မျက်နှာစိမ်းတွေဖြစ်နေတာပါ တဲ့။
လူစိမ်းတွေ ဆိုတာ လတ်လတ်ဆတ်ဆတ် ဆံရိပ်ထားတဲ့ ရဟန်းငယ်တချို့နဲ့ လက်နက် ဒုတ်၊ ဓားတွေ ကိုင်ဆောင် ထား သူတွေပါပဲ တဲ့။ ရုတ်တရက်ကြီးဆိုတော့ ဒီလိုလည်း မျှော်လင့်မထားကြဘူးလို့ မြို့ခံ ဗမာတွေရော မွတ်ဆလင်တွေကပါ ဆိုပါတယ်။
မီးတွေရှို့၊ လူတွေသတ် နဲ့ ဗမာအိမ်တွေရော၊ မွတ်ဆလင်အိမ်တွေရော၊ အဆောက်အအုံတွေပါ ပျက်စီး ဆုံးရှုံးခဲ့ကြ ပါတယ်။
ဒါဆို ဒီဖြစ်ရပ်ကြီး နောက်ကွယ်က ဘယ်သူတွေရှိနေသလဲ စဉ်းစားစရာပါ။

www.mmdailystar.com