
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် အတော်အတန် ခရီးရောက်၍ တစ်နိုင်ငံလုံးအတွက် ငြိမ်းချမ်းရေးအလင်းရောင်ခြည်များ မျှော်လင့်
လာနိုင်ပြီဖြစ်သည်။ ကျည်ဆံများ မီးခိုးများ ယမ်းနံ့များ အကြား ညှော်စော်နံနေခဲ့သော မြန်မာပြည်သည် မကြာမီကာလအတွင်း ငြိမ်းချမ်းရေး ပန်းရနံ့၏ ထုံသင်းမွှေးကြိုင်မှုကို စောင့်မျှော်နေပြီဖြစ်သည်။
“တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ဆန္ဒနဲ့ ကတိက၀တ်ကို မြင်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အလားအလာဖြစ်တယ်”ဟု တစ်နိုင်ငံလုံးအပစ်အခတ်
ရပ်စဲရေးညှိနှိုင်းရေး(NCCT)မှ အကြံပေး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသွားသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးအပေါ် တပ်မတော်၏ အမှန်တကယ်လိုလိုလားလား
ကြိုးစားလာမှု အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ယုံကြည်လာကြပြီ ဖြစ်ကြောင်းလည်း သိရသည်။ ထိုသတင်းစကားများသည် ငြိမ်းချမ်းရေးအတွက် အရေးကြီးလှသော တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ယုံကြည်မှုကို တိုးပွားစေမည့် သတင်းကောင်းများပင် ဖြစ်သည်။
သို့သော် နေရာတကာကွင် အဖျက်ဟူသမျှရှိစမြဲ။ စုန်းပြူးဆိုသူများ ပေါ်လာစမြဲပင်။ အစိုးရနှင့် တပ်မတော်ဘက်မှ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးစားနေချိန်တွင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များမှ အချို့အဖွဲ့များသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အဖွဲ့အတွင်း
ငြင်းခုန်နေကြသည်။ သဘောထားများ ကွဲလွဲနေကြသည်။ ငြိမ်းချမ်းရေးအပေါ်လိုလားသူနှင့် မလိုလားသူဟု ယူဆရသူများ အားပြိုင်နေကြသည်။
ကေအိုင်အေမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ကေအိုင်အိုထိပ်ပိုင်းခေါင်းဆောင်တွေက လွန်ခဲ့တဲ့တစ်ပတ် လောက်ကတည်းက လုပ်ပိုင်ခွင့်တွေ ကန့်သတ်လိုက်တယ်ဆိုပြီး ကချင်လူထုကြားထဲမှာ သတင်းများပေါ်ထွက်လာသည်ကိုလည်း ဖတ်ရသည်။ ထိုသတင်းများသည်သာ အမှန်တကယ် ဖြစ်ပါက ငြိမ်းချမ်းရေးအတွက် အနှောင့်နှေးဆုံးဟု ဆိုရလောက်သော ကေအိုင်အေအဖွဲ့အတွင်း ငြိမ်းချမ်းရေးကို ခါးခါးသီးသီးမလိုလားလို့ ဒီလို ဂိုဏ်းကွဲမှုတွေဖြစ်လာရလားဆိုတာကို စိုးရိမ်မိသည်။
ထို့ပြင် KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး၏ ငြိမ်းချမ်းရေး လိုလားမှု လမ်းစဉ်များအပေါ် မကျေနပ်သူများလည်း
ရှိကြောင်း စိုးရိမ်ဖွယ် သတင်းများလည်း KNU အဖွဲ့အတွင်း ပေါ်ထွက်လာသည်ဟု ကြားရပြန်သည်။ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ငြိမ်းချမ်းရေးကိုလိုလား၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် အစိုးရ
အကြီးအကဲများနှင့် တွေ့ဆုံမှုများအပေါ် အခြား KNU ခေါင်းဆောင်များက မကျေမနပ်ဖြစ်ကာ ငြိမ်းချမ်းရေး
လမ်းစဉ်ကို နှောင့်ယှက်လိုခြင်း ဖြစ်ဟန်တူပေလိမ့်မည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တွင်လည်း ပြီးခဲ့သည့် ဥက္ကဋ္ဌသစ်
ရွေးချယ်ပွဲမှ အစပြု၍ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ထောက်ခံသူနှင့် မထောက်ခံသူတို့ကြား
အဖွဲ့အတွင်း မကျေနပ်မှုများကလည်း ဖွဲမီးကဲ့သို့ တငွေ့ငွေ့ လောင်ကျွမ်းနေသည်။
ဒါ့အပြင် လူသစ်စုမှု၊ ဆက်ကြေးကောက်မှုစသည့် ကြိုကြားကြိုကြားရော ခပ်စိပ်စိပ်ရော ကြားရသည့် သတင်းများနှင့် တချို့သောလက်နက်ကိုင်အဖွဲ့များ၏ ဥပဒေမဲ့လုပ်ရပ်များကလည်း
ငြိမ်းချမ်းရေးကိုေ၀၀ါးစေနေတာ တွေ့ရသည်။
အစိုးရရော တပ်မတော်ကပါ ငြိမ်းချမ်းရေးကို လိုလိုလားလား လုပ်ဆောင်နေချိန် တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့များအတွင်း ငြိမ်းချမ်းရေးမလိုလားသူတို့၏ စင်ပြိုင်လုပ်လိုမှု၊ တစ်ဦးပေါ် တစ်ဦး
သံသယ ၀င်နေမှုက ငြိမ်းချမ်းရေးကို နှောင့်နှေးစေနေသလို အမှန်တကယ် ငြိမ်းချမ်းရေး
လိုချင်မှု ရှိမရှိ ဆိုတာကို ပြည်သူများအကြား သံသယ ဖြစ်ပေါ်စေသည်။
“တစ်ဦးနှင့်တစ်ဦး စိုးရိမ်ကြောင့်ကြမှုမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် ယုံယုံကြည်ကြည်
လေးလေးစားစားနှင့်လုပ်ဆောင်မည်ဆိုပါက မြန်မြန်ဆန်ဆန်ဖြစ်လာမှာဖြစ်ကြောင်း” ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန၀န်ကြီးဦးအောင်မင်းကတော့ ဆိုသည်။
သူပြောသွားသည့် တစ်ဦးနှင့် တစ်ဦးဆိုသော စကားသည် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအပေါ်
ရည်ညွှန်းခြင်း ဖြစ်သော်လည်း လက်တွေ့ဖြစ်နေသည်က တိုင်းရင်းသားအဖွဲ့များအချင်းချင်း ညီညွတ်မှု
လိုနေခြင်းသာ ဖြစ်ပေမည်။ ပြည်သူများကလည်း မကြုံစဖူး ရရှိလာမည့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကို
လိုလားနေသည်။ အစိုးရကလည်း သူ့လက်ထက်တွင် တစ်နိုင်ငံလုံး ငြိမ်းချမ်းချင်သည့် အာသီသပြင်းပြနေသည်။ တပ်မတော်ကလည်း အချိန်ကုန် ငွေကုန် လူလက်နက် ဆုံးရှုံးရသည့်
ပြည်တွင်း တိုက်ပွဲမှ စွန့်ခွာလို၍ အနာဂတ်မြန်မာနိုင်ငံကို ကာကွယ်နိုင်မည့် ယခုထက်အင်အားပိုမိုတောင့်တင်းသည့် ခေတ်မီတပ်မတော်ဖြစ်အောင်
သာ ကြိုးပမ်းဆောင်ရွက်လိုနေသည်။ အချို့တိုင်းရင်းသားအဖွဲ့များမှ ငြိမ်းချမ်းရေးကို အမှန်တကယ် မြတ်နိုးမှု ရယူလိုမှု ရှိသူတို့သာ မိမိအဖွဲ့တွင်းရှိ ငြိမ်းချမ်းရေးမလိုလားသော အာဏာသာ ဆုပ်ကိုင်လိုနေသော စုန်းပြူးများအပေါ် စည်းရုံးနိုင်မည်၊ မိမိအဖွဲ့များအတွင်း အကွဲအပြဲများကိုသာ ဖာထေးနိုင်မည် ဆိုလျှင် ငြိမ်းချမ်းရေးခရီး နီးယုံတင်မဟုတ် ငြိမ်းချမ်းရေးကားကြီးစီး၍ပန်းတိုင်ပါ ရောက်ပြီး ဖြစ်မည်မှာ မလွဲဧကန်ပင်။
www.mmdailystar.com