အလုပ်သမားခေါင်းဆောင် တစ်ယောက်နဲ့ ထမင်းစားဖြစ်ရင်း အကြောင်းအရာ တစ်ခုကို နားထောင်ခဲ့ရတယ်။ စက်ရုံတစ်ခုက ဝန်ထမ်းတွေ ဆန္ဒပြတဲ့ ကိစ္စပါ။ စက်ရုံက ငါးအစိမ်းတွေကို ဗိုက်ခွဲ
မလိုတာတွေ ထုတ်ပြီး ရေခဲရိုက် နိုင်ငံခြားကို ပို့ရတဲ့ လုပ်ငန်းပေါ့။
ဝန်ထမ်းတွေကို နှာခေါင်းဖုံးလေးတွေ တပ်ဖို့ပေးထားတယ်။ ဝန်ထမ်းလေးယောက်က မတပ်ဘူး။
ဒါကို အလုပ်ရှင်တရုတ်က ခေါ်ဆူတယ်။ အဲဒီမှာ မိန်းကလေးတွေက .. အလုပ်သမားခေါင်းဆောင် တစ်ယောက်ကို တိုင်တယ်။ အလုပ်သမားခေါင်းဆောင်က အလုပ်ရှင်ကို .. ငါကွဆိုပြီး အလုပ်ရှင်ကို သွားကောတယ်။ အလုပ်ရှင်က အလုပ်သမားခေါင်းဆောင်ကို အလုပ်ဖြုတ်တယ်။ အဲဒါနဲ့ ဆန္ဒပြကြရော။
ငါးတွေ ပို့ပေးဖို့ အလုပ်ရှင်မှာ စာချုပ်မိထားတယ်။ မပို့ရတော့ လျော်ရတယ်။ ငါးတွေ ဝယ်ဖို့လည်း စာချုပ်ထားပြီးသားမို့ ငါးတွေက အဝင်မပျက်ဘူး။ လုပ်မယ့် အလုပ်သမားတွေက ဆန္ဒပြနေကြတယ်။
ငါးတွေ ပျက်ကုန်တယ်။ ဆန္ဒပြတဲ့ ရက်ပိုင်းမှာ အလုပ်ရှင်အတွက် .. ငွေရေးကြေးရေး အတော်ထိခိုက်သွားတယ်။ ဒါနဲ့ အလုပ်သမားတွေ တောင်းဆိုတာကို လက်ခံပြီး အလုပ်သမားခေါင်းဆောင်ကို အလုပ်ပြန်ခန့်တယ်။
အလုပ်သမားတွေ ပျော်ကြတယ်။ ဂုဏ်ယူကြတယ်။ အောင်သီးကို ချက်ချင်းစားကြတယ်။ စက်ရုံရှေ့မှာ မီဒီယာတွေခေါ်ပြီး .. သတင်းစာရှင်းလင်းပွဲ အကြီးအကျယ် လုပ်တယ်။ အလုပ်ပြန်ရတဲ့ အလုပ်သမားခေါင်းဆောင်နဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ပန်းကုံးတွေ ဘာတွေစွပ်ကြတယ်။ သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုကြိုဆိုကြတယ်။
ပြောမဆုံးဖြစ်နေတဲ့ ဂုဏ်ယူစရာတွေကို ကြည့်နေတဲ့ အလုပ်ရှင်ဟာ ... ဆုံးရှုံးခဲ့တဲ့ ငွေကြေးတွေကို တွက်ချက်နေခဲ့တယ်။ နောက်တစ်ကြိမ် ထပ်မဆုံးရှုံးဖို့ .. ဘယ်သူ အာမခံပေးမလဲဆိုတာကို သူတွေးနေခဲ့တယ်။
နောက်တစ်ပတ်မှာ စက်ရုံကို အပြီး ဖျက်သိမ်းလိုက်တယ်။ အလုပ်သမား အားလုံး လျော်ကြေးရတယ်။
ဒါပေမယ့် သူတို့ အလုပ်မရှိတော့။ တချို့က နယ်က တချို့က မှီခိုသူတွေနဲ့။ မျက်ရည်တွေ။
ဘယ်သူမှန်တယ် ဘယ်သူမှားတယ်က အဓိက မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ အလုပ်ရုံမှာ ဆန္ဒပြပွဲတွေဖြစ်လာအောင် လာရောက် ကူညီအားပေးတယ်ဆိုတဲ့ နာမည်နဲ့ လူတချို့က နိုင်ငံတကာ အဖွဲ့အစည်းတချို့ ရဲ့ ထောက်ပံ့ကြေးကို ယူပြီး လာရောက် လှုံ့ဆော်ခဲ့ကြတယ် ဆိုတာကို ကြားခဲ့ရတာက အဓိကပါ။
အလုပ်သမားခေါင်းဆောင်က ပြောတယ်။ ၈၈ ကတည်းက ကျွန်တော် နိုင်ငံရေးလုပ်ခဲ့တာ အခုနောက်ပိုင်းတော့ ... အလုပ်သမားရေးရာကိုပဲ ကျွန်တော် ဦးဆောင်လုပ်ခဲ့တယ်။ ဒါပေမယ့် အလုပ်ရှင်တွေနဲ့ အလုပ်သမားကြားမှာရှိတဲ့ . ပြသနာတွေ ဖြေရှင်းနိုင်ဖို့ကို ဦးဆောင်လုပ်ပါတယ်။
အလုပ်သမားတွေ အလုပ်ပြုတ်တဲ့အထိ ဖြစ်သွားအောင် ကျွန်တော် ဘယ်တော့မှ မလုပ်ဘူးတဲ့။
သူကဆက်ပြောတယ်။ မိန်းကလေးတွေဗျာ။ အရွယ်ကောင်းလေးတွေ။ ဒီလောက် အလုပ်ရှားနေတဲ့အချိန်မှာ အချိန်မီ အလုပ်ပြန်မရရင် သူတို့ ဘာလုပ်စားကြမလဲတဲ့။ အဲဒီအဖြေကို ကျွန်တော် မစဉ်းစားချင်ဘူး။ မသိန်းရှင်ဆီ ပို့စရာ ထန်းလျက်တောင်းလည်း ... သူတို့မှာ မရှိဘူးဆိုတာ ကျွန်တော် သိနေတယ်လေ။
www.mmdailystar.com