လောက၌ အကောင်းအဆိုးတို့သည် ဒွန်တွဲလျက်ရှိကြကုန် ၏။ ထိုကောင်းဆိုးနှစ်တန်မှသည်
ကောင်းသည်ကိုယူ၍ မကောင်း သည်ကို ပယ်ကြရမည်၊ ကောင်းသောအတုကိုယူ၍ မကောင်းသော အမူအကျင့်တို့ကို စွန့်ပယ်ကြရမည် မဟုတ်ပေလော။ လူမိုက်ကို ရှောင်ကြဉ်၍ လူလိမ္မာပညာရှိတို့နှင့် ပေါင်းသင်းရမည်၊ မှားယွင်း သောလမ်းစဉ်ကို စွန့်လွှတ်၍ မှန်ကန်သောလမ်းကို လျှောက်ကြ ရမည် မဟုတ်ပေလော။ လူတိုင်းလူတိုင်းကောင်းတာလုပ်လျှင်
ကောင်းကျိုးပေးမည်။ ဆိုးတာလုပ်လျှင် ဆိုးကျိုးဖြစ်မည်။ ဤကား လောကဓမ္မတာ နိယာမပင် ဖြစ်ပေတည်း။
ကောင်းသောမိတ်ဆွေ၊ ကောင်းသောသူငယ်ချင်းတို့နှင့် ပေါင်းလျှင် ကောင်းသောသူဖြစ်မည်။ ကောင်းသော
ဝန်းကျင်နှင့် နေလျှင် ကောင်းသောသူဖြစ်မည်။
ရိုးသားသူနှင့်ပေါင်းလျှင် ရိုး သားဖြောင့်မတ်ခြင်းကို တန်ဖိုးထားတတ်သူဖြစ်လာမည်။ သစ္စာရှိသူ
နှင့်ပေါင်းလျှင် သစ္စာတရားကိုတန်ဖိုးထားတတ်လာမည်။မကောင်း သောသူနှင့်ပေါင်းလျှင် မကောင်းသောသူတို့၏ အမူအကျင့် စရိုက်ဆိုးများ ကူးစက်ခြင်းခံရနိုင်သည်။ မူးယစ်ဆေးဝါးသုံးစွဲ တတ်သူများနှင့်ပေါင်းလျှင် မူးယစ်ဆေးဝါးသုံးစွဲတတ်လာမည်။ အရက်သေစာ စွဲမြဲစွာသောက်
သူများနှင့်ပေါင်းလျှင် အရက်သောက် တတ်လာမည်။ လောင်းကစားသမားနှင့်ပေါင်းလျှင် လောင်းကစား သမား ဖြစ်လာမည်။ အပေါင်းအသင်းသည်ကား အရေးကြီးသည်။ မကောင်းသော အပေါင်းအသင်း သူငယ်ချင်းတို့နှင့် ပေါင်းဖက်မိလျှင် ပျက်စီးခြင်းသို့ ရောက်တတ်သည်။ ကျေးသားပုံပြင်ကဲ့သို့ပင်။ ရသေ့၊ ရဟန်းတို့ လက်သို့ကျရောက်သော ကျေးသားသည် လိမ္မာ ရေးခြားရှိသော်လည်း လူဆိုးလူမိုက်တို့လက်သို့ ကျရောက်သော ကျေးသားသည် ဆိုးသွမ်း၏။
လောက၌ အတုယူစရာ၊ သင်ခန်းစာယူစရာများသည်ကား မြားမြောင်လှပေစွ။ ကောင်းသောအတုယူခြင်း
သည်ကား ဘဝ အတွက် အကျိုးရှိမည်ဖြစ်သော်လည်း မကောင်းသောအတုယူ မိပါက ဘဝနစ်မွန်းရတတ်သည်။
လျှပ်ပေါ်လော်လည်ဆန်ဆန် ဝတ်စားဆင်ယင်တတ်သော အမျိုးသမီးများကို တုပလျက် ဝတ်စား ဆင်ယင်ကြလျှင် ဟီရိသြတ္တပ္ပ အရှက်အကြောက်ကင်းသူအဖြစ် ရှုတ်ချခြင်းကို ခံရတတ်သည်။ တန်ဖိုးရှိသူအဖြစ်မှ တန်ဖိုးမဲ့သူ အဖြစ် အပုပ်ချခြင်းခံရတတ်သည်။
အတုယူသည်၊ အတုခိုးသည် ဆိုရာ၌ ကောင်းသောအတုခိုးခြင်းသည်သာ ကောင်းပေသည်။ရုပ်ရှင်၊ ဂီတ၊
သဘင်စသော အနုပညာရပ်ဝန်းသည် လူငယ် ထု၏ အမူအကျင့်များကို များစွာပြောင်းလဲပစ်နိုင်သည်။ အပြုအမူ၊ အပြောအဆို၊ ဝတ်ပုံစားပုံအားလုံးတို့သည် အနုပညာရပ်ဝန်း၌ ရှိ၏။ အမှန်စင်စစ် ဤနယ်ပယ်ရပ်ဝန်းသည် လူမှုဘဝပုံရိပ်ကို ထင်ဟပ်စေ၏။ ဝတ်စားဆင်ယင်မှုကအစ အပြောအဆို အနေအထိုင် အမူအကျင့် ဓလေ့စရိုက်များ ဤရေစီးကြောင်းအတိုင်း မျောပါ သွားတတ်သည့်သဘော ရှိပါသည်။
ဇာတ်ကွက် ဇာတ်လမ်းတစ်ခုတွင် လူဆိုး၊ လူကောင်း၊ ရိုးသားသူ၊ မရိုးသားသူ၊ ကြမ်းတမ်းရိုင်းစိုင်းသူ၊ လိမ္မာယဉ်ကျေးသူ၊ အရှက်အကြောက်ရှိသူ၊ အရှက်အကြောက်ကင်းမဲ့သူ စသည်ဖြင့် စရိုက်မျိုးစုံပါဝင်ပေသည်။ ရိုးသားဖြောင့်မတ်သူ၊ လိမ္မာယဉ်ကျေး သူတို့၏ ဓလေ့စရိုက်တို့ကို အတုယူတတ်လျှင် ကောင်း၏။ သို့သော် ကြမ်းတမ်းရိုင်းစိုင်းသူ၊ လူဆိုးလူမိုက်၊ အရှက်အကြောက်ကင်းမဲ့သူ တို့၏ စရိုက်လက္ခဏာတို့ကို အတုခိုးမိသော် မကောင်းနိုင်ပါ။ ကောင်းတာယူမှသာ ကောင်းတာဖြစ်မည်။ ဆိုးတာယူလျှင် ဆိုးတာ ဖြစ်မည်။ အလွဲယူမိပါက အယူလွဲမည်။ အယူလွဲ၍ နတ်စိမ်း ဖြစ်သည်ဟူသောစကား ရှိသည်။ မကောင်းသော အမူအကျင့်များ အတုခိုးမိပါက လမ်းမှားရောက်တတ်သည်။ ထို့ကြောင့် အတုခိုး မမှားဖို့ လိုပါသည်။ အပေါင်းအသင်းမမှားဖို့ အရေးကြီးပါသည်။ အလွဲယူမိလျှင် အယူလွဲနိုင်သည်ကို သတိပြုအပ်ပါကြောင်း။ ။
www.mmdailystar.com