ကိုထူး။ ။ သာသနာမှာ ဘုန်းကြီးတယ် ဆိုတာ ဘယ်လိုပါလဲဘုရား။
အရှင်။ ။ လာဘ်လာဘပေါများတာ၊ တပည့်၊ တကာ-မတွေ ပေါများတာကို ခေါ်တာပေါ့။
ကိုထူး။ ။ ဘာတွေလုပ်လို့ ဘုန်းကြီးကြတာလဲဘုရား။
အရှင်။ ။ တချို့ဆရာတော်တွေက ဂုဏ်တော်ပွါးလို့- ဝိပဿနာအားထုတ်လို့၊ တချို့ဆရာတော်တွေက တရားဟော-တရားပြလို့၊ တချို့ဆရာတော်တွေက စာသင်-စာချ-စာရေး လို့၊ တချို့ဆရာတော်တွေကတော့ ဘာမှ ထွေထွေထူးထူး မလုပ်သော်လည်း အတိတ်ကံကြောင့် (သို့မဟုတ်) သူတို့စောင့်ထိန်းတဲ့ သီလစွမ်းအားကြောင့် ဘုန်းကြီးကြတာပေါ့။
ကိုထူး။ ။ နည်းနည်းရှင်းပြပါဦးဘုရား။
အရှင်။ ။ ဂုဏ်တော်ပွါးလို့ ဘုန်းကြီးတဲ့ ဆရာတော်တွေကျတော့ ဂုဏ်တော်ပွါးမှ ဘုန်းကြီးတယ်၊ ဂုဏ်တော် မပွါးရင် ဘုန်းမကြီးတော့ဘူးပေါ့။ သူတို့ဘုန်းကြီးတာကို ဘုရားနဲ့ စပ်တဲ့ဘုန်းလို့မှတ်နိုင်တာပေါ့။ တရားအားထုတ်လို့ ဘုန်းကြီးတဲ့ ဆရာတော်တွေကျတော့ တရားအားထုတ်မှ ဘုန်းကြီးတယ်၊ တရားအားမထုတ်ရင် ဘုန်းမကြီးတော့ဘူးပေါ့။ သူတို့ဘုန်းကြီးတာကိုတော့ တရားနဲ့ စပ်တဲ့ဘုန်းလို့မှတ်နိုင်တာပေါ့။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ တရားဟော-တရားပြလို့ ဘုန်းကြီးတဲ့ ဆရာတော်တွေကျတော့ တရားဟော-တရားပြမှ ဘုန်းကြီးတယ်၊ တရားမဟော- တရားမပြရင် ဘုန်းမကြီးတော့ဘူးပေါ့။ သူတို့ဘုန်းကြီးတာကိုကျတော့ တရားနဲ့ စပ်တဲ့ဘုန်းလို့မှတ်နိုင်တာပေါ့။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ စာသင်- စာချလို့ ဘုန်းကြီးတဲ့ ဆရာတော်တွေကျတော့ စာသင်-စာချ- စာရေးမှ ဘုန်းကြီးတယ်၊ စာမသင်- စာမချ- စာမရေးရင် ဘုန်းမကြီးတော့ဘူးပေါ့။ သူတို့ဘုန်းကြီးတာကို တရားနဲ့ စပ်တဲ့ဘုန်း (တနည်း) သံဃာနဲ့စပ်တဲ့ဘုန်း လို့မှတ်နိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ စာသင်-စာချ-စာရေးတယ်ဆိုတာက ဒီနေရာမှာ ဓမ္မကို သင်ယူပို့ချကြတာမို့ တရားနဲ့ စပ်တဲ့ဘုန်းလို့ ပြောလို့ရသလို၊ သံဃာတွေကို စာချပေးလို့ ဘုန်းကြီးတာမို့ သံဃာနဲ့ စပ်တဲ့ဘုန်းလို့လည်း ပြောနိုင်တယ်။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ အထက်က ဘုန်းကြီးတဲ့ပုံစံတွေကို လေ့လာကြည့်ရင် အလုပ်လုပ်လို့ ကြီးတဲ့ဘုန်းတွေချည်းပဲ ဆိုတာ သိနိုင်တယ်။ ဂန္ထဓုရ နဲ့ ဝိပဿနာဓုရတွေကို လုပ်လို့ ကြီးတဲ့ဘုန်းတွေ မို့လို့ပဲ။ လုပ်အားရဲ့ အကျိုးကို ခံစားကြရတာတွေပေါ့။ ဆိုတော့ အလုပ်မလုပ်ရင် ဘုန်းမကြီးနိုင်ဘူးလို့လည်း မှတ်လို့ရတယ်။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ ဘာမှ မလုပ်ပေမယ့် အလိုလို ဘုန်းကြီးနေတဲ့ ဆရာတော်တွေကျတော့ အတိတ်ကံအကျိုးပေးကြောင့် ဘုန်းကြီးတာလို့ မှတ်နိုင်တယ်။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ အချို့ဆရာတော်တွေကျတော့ ဂုဏ်တော်ပွါးတာ၊ ဝိပဿနာအားထုတ်တာ၊ စာသင်-စာချတာတွေကိုလည်း ထွေထွေထူးထူးမလုပ်ပါဘူး၊ အတိတ်ကံအဟုန် ဘယ်လောက် ရှိခဲ့တယ်-မရှိခဲ့ဘူးဆိုတာကိုလည်း မသိနိုင်ပါဘူး။ သို့သော်ရဟန်းသီလကို စောင့်ထိန်းမှုအားက ကောင်းတယ်ဆိုရင်၊ သီလစွမ်းအားသက်သက်ကြောင့်လည်း ဘုန်းကြီးနိုင်ပါတယ်။ သီလဘုန်းလို့ မှတ်နိုင်တာပေါ့။
ကိုထူး။ ။ တင်ပါ့။ ကျေးဇူးတင်ပါတယ်ဘုရား။
မေတ္တာဖြင့်
12/01/2014
www.mmdailystar.com