နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ

နေပြည်တော် ဒီဇင်ဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
ယခု အားကစားပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် မြန်မာအားကစား မောင်မယ်များသည် လှေခွက်ချည်း ကျန် အလံမလှဲသော စိတ်ဓာတ်ကို ရင်ဝယ်ပိုက်လျက် ကြိုးစားယှဉ်ပြိုင်ခဲ့သည့်အတွက် ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ခု ရရှိပြီး နိုင်ငံအလိုက် ဒုတိယအဆင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။
ထို့အတူ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်းတွင် မြန်မာတိုင်းရင်းသားများ၏ ယဉ်ကျေးသိမ်မွေ့မှု၊ ဖော်ရွေမှု၊ ကူညီစောင့်ရှောက်မှု၊ ကိုယ်ကျင့်တရား မြင့်မားမှုများကို လည်းကောင်း၊ မြန်မာအားကစားသမားများ၏ စိတ်ဓာတ်၊ စွမ်းရည်၊ သန့်ရှင်းစွာ ယှဉ်ပြိုင်မှု၊ ရဲစွမ်းသတ္တိရှိမှု တို့ကိုလည်းကောင်း ပြသနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်မှု အားလုံး သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပုံရိပ်ကို ကမ္ဘာ့အလယ်တွင် မြှင့်တင်နိုင်ခဲ့ခြင်း လည်းဖြစ်ပါသည်။
ယခုကဲ့သို့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာ တိုင်းရင်းသား အားလုံး၏ အောင်ပွဲဖြစ်ပြီး ထိုအောင်ပွဲကို ပြည်သူ အားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များနှင့် ရယူပေး ခဲ့ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ အမျိုးသားရေးတာဝန် တစ်ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း အတွက်(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယကနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ၊ ဆပ်ကော်မတီများ၊ မြန်မာ့ဂုဏ်ဆောင် အားကစားမောင်မယ်များ၊ အားကစား အဖွဲ့ ချုပ်များ၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဖျော်ဖြေ ခဲ့ကြသော မောင်မယ်များ၊ ဆက်သွယ်ဆက်ဆံရေး အရာရှိများ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေးလူငယ်များ၊ အထောက် အကူပြု အဖွဲ့များ၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ ဂီတ အနုပညာရှင်များ အားလည်းကောင်း၊ ယဉ်ကျေးတက်ကြွ မျှတစွာ အားပေးခဲ့ကြသော ပြည်သူများ အားလည်းကောင်း၊ အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အရှေ့တောင်အာရှ နိုင်ငံများမှ အားကစားအဖွဲ့ဝင် များအား လည်းကောင်း လှိုက်လှဲစွာ ချီးကျူး ဂုဏ်ပြုအပ်ပါသည်။
www.mmdailystar.com