Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် တောင်ငူတည်းခိုခန်း ဗုံးဖောက်ခွဲဟုဆို

$
0
0


တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသော စောထွန်းထွန်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ဖော် ဝန်ခံခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက The Voice သို့ ပြောကြားသည်။

“စောထွန်းထွန်းက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက တပ်သားဟောင်းက ခိုင်းစေတယ်လို့ ထုတ်ဖော် ဝန်ခံပေမယ့် ဗုံးဖောက်ခွဲရန် စေခိုင်းတဲ့အချိန်မှာ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းမှာ မရှိတော့ပါဘူးလို့ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းက ငြင်းဆို ထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုတွင် အဓိက သံသယရှိသူ စောထွန်းထွန်းကို ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၃) ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် ကျောက်ကြီးမြို့နယ် အရှေ့ဘက် ရိုးမတစ်နေရာတွင် ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ မြို့မရဲစခန်းတွင် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ယင်းကဲ့သို့ ကာယကံရှင် ဖြစ်သူက ထုတ်ဖော် ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူမြို့မ ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်ချက်များအရ စုံစမ်းသိရှိရသည်။

ကျောက်ကြီးမြို့နယ် မေတ္တာ ရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် စောထွန်းထွန်းသည် လွန်ခဲ့သော တစ်နှစ်ခန့်က ခင်မင်ရင်းနှီးခဲ့သူ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင် လက်ကောက်ဝတ်သာသာ အရှည်ငါးလက်မခန့် အဖြူရောင် ဇစ်ဆွဲအိတ် အလယ်တွင် သားရေကွင်းပတ် အိတ်တစ်အိတ်ကို ဖွင့်မကြည့်ရန် မှာကြားပြီး ငွေကျပ် ၂၀,၀၀၀ ပေးအပ်ကာ တောင်ငူမြို့ပေါ်တွင် သွားရောက် ချထားရန် စေခိုင်းခဲ့ကြောင်း၊ ယင်းအတွက် နေအိမ်အနီး ချုံပုတ်တစ်ခုတွင် သိမ်းဆည်းကာ အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခန့်တွင် ပဲနွယ်ကုန်းမြို့သို့ ဆိုင်ကယ်ကယ်ရီ ငှားစီးကာ ထွက်ခွာလာကြောင်း၊ အဆိုပါ မြို့မှတစ်ဆင့် ခရီးသည် တင်ကားစီးပြီး တောင်ငူမြို့ကို ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိကာ တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ နံနက်တွင် တည်းခိုရာ အခန်း၏ ပြတင်းပေါက် ဘောင်ပေါ်တွင် လိုက်ကာချထားကာ ဖုံးကွယ် ချထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့တွင် တည်းခိုရာနေရာမှ ထွက်ခွာခဲ့ပြီး တောင်ငူ မြို့မဈေးကြီး၌ ဈေးဝယ်ကာ နေအိမ် ကျောက်ကြီးမြို့ သို့ စစ်တောင်း အရှေ့ခရီးသည်တင် ကားကိုစီးကာ နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း စောထွန်းထွန်း၏ ထုတ်ဖော် ဝန်ခံချက်များအရ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ချိန်ကိုက် ထောင်ထားသည့် ဗုံးကြောင့် အဆိုပါ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်း ၆/ဘ ၌ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၅၀ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ယင်း ပေါက်ကွဲစဉ် အဆိုပါ တည်းခိုခန်းသို့ လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုနေမျိုးကျော်ဆိုသူနှင့် အောက်တိုဘာ ၈ ရက်နေ့ ကတည်းက ညောင်လေးပင်မြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက်၂၄ နှစ်အရွယ် မယုခိုင်၊ အသက်၂၇ နှစ်အရွယ် မငြိမ်းသူဆိုသူ နှစ်ဦးတို့အနက် ကိုနေမျိုးကျော်နှင့် မယုခိုင်တို့ နှစ်ဦး သေဆုံးကာ မငြိမ်းသူနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့နှင့် ရန်ကုန်မြို့တွင် အောက်တိုဘာလ ဒုတိယပတ်၌ ဗုံးပေါက်ကွဲမှု နှစ်ခုနှင့် ပတ်သက်ပြီး KNU စီးပွားရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုး၏ ခိုင်းစေချက်အရ စောမြင့်လွင် (ခ) မောထဆိုသူက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ စောထွန်းထွန်းသည်လည်း ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက် ဆက်နွှယ်နေနိုင်သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲနှင့် နိုင်ငံတော်သမ္မတ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>