ယခု လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးရာ အခြေအနေတစ်ခုဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ၊အသစ်ပြန်လည်ရေးဆွဲရေး အတွက် လူထု ဆန္ဒခံယူပွဲတွေ ကို NLD က ဦးစီးဦးဆောင် လုပ်နေကြတာအားလုံးအသိပဲ ဖြစ်ပါတယ်။ဒီဆန္ဒခံယူပွဲတွေမှာ တက်ရောက်လာသူတွေ က နည်းတယ် ၊ မနည်းဘူး ၊ မျှတတယ် ၊ မမျှတဘူး ဆိုတဲ့စသဖြင့် အသံတွေကို စုံနေအောင် မျိုးစုံကြားရဖတ်နေရပါတယ်။ဒီအတွက် ကျွန်တော်အနေနဲ့ တစ်ခုပဲ မေးချင်ပါသည်။
ဘာဆက်လုပ်မှာလဲ NLD ။အဖြေကတော့ ရှင်းနေပါသည်။ လုပ်ထုံးလုပ်နည်းအရ ဆက်လုပ်စရာတစ်ခုပဲရှိပါသည်။လွှတ်တော်ကို အဆိုဆက်တင် လွှတ်တော်မှာ ဆက်ပြီး ဆွေးနွေး အဖြေက ဒါပဲဖြစ်ပါသည်။ ယခင်ကတည်းကပင် လက်ရှိအစိုးရ နဲ့ အခြားအဖွဲ့အစည်းများကလည်း အခြေခံဥပဒေကို လွှတ်တော်ထဲက ပဲပြင်ဆင်ဖို့ အားလုံးသဘောတူပြီးသားဖြစ်ပါသည်။ပြင်လိုရင်လည်း လွှတ်တော်ထဲမှာပဲပြင်ရမည်သာဖြစ်ပါသည်။ဒါကိုမသိကျိုးနွံပြုပြီး NLD က ပြည်သူဆန္ဒ ခံယူပွဲဆိုပြီး အသံကုန်အော်ခဲ့ပါသည်။ထို့နောက်မှသာ လွှတ်တော်ထဲ အဆိုတင်သွင်း ရသည့် ကိန်းကိုသာ ဆိုက်မည်ကို သိပါသည်။သို့သော် ဘာကြောင့် ပြည်သူ့ဆန္ဒ ဆိုတဲ့စကားနဲ့ တာသွားပြီး နောက်ဆုံးတော့လည်း လွှတ်တော်ပေါ်ပြန်ရောက်လာတာဟာ မြစ်ကိုအလျားလိုက် ကူးနေသလိုပဲ ထင်ရပေမယ့် ကြားကာလမှာမိမိဆန္ဒကို ပြည်သူ့ဆန္ဒ ပြည်သူအသံဆိုပြီး ရောချဖို့ NLD လုပ်ဆောင်နေတာပဲဖြစ်တယ်
ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပါတယ်။
NLD အနေနဲ့ ပြင်ဆင်ချင်တယ်ဆိုတဲ့ ပုဒ်မ အများစုဟာလွှတ်တော်မှာ လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်းထောက်ခံမှု ရရှိမှာသာ ဆက်လက်ပြီး လူထုဆန္ဒခံယူပွဲလုပ်ပြီး ပြင်လို့ရမယ့် ပုဒ်မ များဖြစ်ပါတယ်။သေချာကတော့ လွှတ်တော်ထဲက တပ်အင်အား ၂၅ ရာခိုင်နှုန် ကို ဖယ်ထုတ်ဖို့ဆိုတဲ့ NLD ရဲ့ အဆိုကို တပ်အင်အား ၂၅ ရာခိုင်နှုန်းကတော့ ထောက်ခံမှာ မဟုတ်တာ သေချာပါတယ်။ဒါဆို ၂၅ % ကို ဖယ်လိုက်ပါ။ကျန်တာက ပြည်ခိုင်ဖြိုးပါတီ နဲ့ အခြားပါတီငယ်အချို့ ကျန်မယ် ဒါဆို သူတွေအားလုံးကကော NLD ရဲ့ ပြင်ချင်တဲ့ အချက် အားလုံးကို ထောက်ခံမလား။ ဒါကတော့ ထည့်စဉ်းစားစရာ တောင်မလိုပါဘူး ။ NLD လုပ်သမျှကို ထောက်ခံမှု မရှိတဲ့ ပါတီငယ်တွေကိုရော ၇၅ % ပြည့်ဖို့အတွက် NLD ဘယ်လို ညှိနှိုင်းမှာလဲ ။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်တွင်း အမတ် ၇၅ % ကတော့ NLD တင်သွင်းတဲ့ အဆိုကို ထောက်ခံဖို့ ဆိုတာ သီအိုရီအရ ပြောရရင်တော့ ဖြစ်လာနိုင်စရာ အကြောင်းကို မရှိဘူး။ အမတ်တစ်ယောက်မထောက်ခံရုံနဲ့ဒီကိစ္စပျက်သွားပါလိမ့်မယ်။ဒါကို မြန်မာနိုင်ငံရဲ့အကောင်းဆုံးပါတီလို
့ပြောတဲ့ NLD က နိုင်ငံရေး ဂုရုကြီးများ မသိဘူးဆိုတာတော့ လုံးဝ (လုံးဝ)မဖြစ်နိုင်ပါ။
ကောင်းပြီ ဒါဆို ဒီ ပွဲရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ ။
ဘာရည်ရွယ်ချက်ပဲဖြစ်ဖြစ် အခုထိ လုပ်ပြီးသမျှ ထဲမှာတော့ တပ်မတော် နဲ့ ရင်ကြားစေ့ရေး တစ်ခုမှ ပါမလာသေးပါဘူး။ ရင်ကြားပိုဟရေး တွေပဲ တွေ့နေရတယ်။
နိုင်ငံရေးဆိုတာ လက်တွေ့ဆန်ဖို့လိုပါတယ်။မဖြစ်နိုင်တဲ့ တစ်ဖက်ပိတ်နည်းလိမ်းတွေကို ရွေးချယ်ခဲ့မိလို့ အတိတ်မှာ လည်း တိုင်းပြည် ဆယ်စုနှစ် ၂ ခုကျော် အမှောင်ဖုံးခဲ့ပြီးပြီ။ ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော်ကို ထိပ်တိုက်သွားပြီးရင်ဆိုင်လို့ အနိုင်ရခဲ့တဲ့ ဖြစ်ရပ်များ တစ်ခုတစ်လေ ရှိခဲ့ဖူးပါသလား။မရှိခဲ့ဖူးပါဘူး ။ ဒီ ဇာတ်လမ်းရဲ့ နောက်ဆုံး အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲ လို့ တွေးကြည့်ရင်တော့..လွှတ်တော်ကပြင်မရရင် လူထု တိုက်ပွဲ ဆိုတဲ့ဗကပ နည်းလုံးတွေ တစ်ကြိမ်ထုတ်သုံးဖို့ စဉ်းစားနေမယ်ဆိုရင်တော့ တပ်မတော်အနေနဲ့ လည်း ဗကပ နဲ့ရန်ကုန် အစိုးရလို့ အလှောင်ပြောင်ခံ ကျန်နေတဲ့ ကွက်ကွက်ကလေးကနေ တစ်နိုင်ငံလုံးကို ပြန်လည် တိုက်ထုတ်ထားသူမို့ ဗကပခြေရာ လက်ရာ ဗျူဟာတွေ ကို အရိပ်မြင်တာနဲ့ ရင်းနှီးပြီးသားဖြစ်နေပါပီ။ ဒါကြောင့် လူထုတိုက်ပွဲနည်းလမ်း ကို ထပ်မရွေးဖို့တော့ အနူးညွတ် မေတ္တာရပ်ခံချင်ပါသည်။
ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် အကြောင်းကို တပ်မတော်သား ဖြစ်ဖူးသူက အသိဆုံးမို့ဖြစ်ပါသည်။မနက် ၇ နာရီတိုင်း ဖိနပ် ခါးပတ် ပြောင်နေအောင်တိုက်ပြီး တန်းစီရသော ၊ဘားတိုက်ကကိုယ်ပိုင်သံသေတ္တာကိုတောင်ကြိုးတန်းပြီးညှိ စီရရီ ထားရသော ၊ တပ်ထဲက သစ်ပင်မှန်သမျှ အောက်ခြေ ၂ ပေ ထုံးသုတ် တူညီဝတ်စုံ ၀တ်ပေးထားသော ဆံပင်ပုံစံ တပုံစံတည်း သတ်မှတ်ထားသော ၊ ထမင်းနဲ့ ဟင်းကို စစ်သား တွေရဲ့ မျက်စိထဲမှာလမ်းပေါ်က လူထုတိုက်ပွဲ ဆိုတဲ့ အပေါ်မှာ ဘယ်လို ရှုမြင်မလဲဆိုတာကို အနည်းငယ် စဉ်းစားကြည့်လိုက်တာနဲ့ သဘောပေါက်နိုင်ပါသည်။ကိုယ့်လူထု ကိုယ့်အကြောင်းလည်း အခုချိန်မှာ သိသင့်နေပါပြီ။ ကျွန်တော်တို့ ပြည်သူတွေဟာ ကောက်ရိုးမီးလို စိတ်ဓာတ်များပါတယ် ၊ ရိုးသားတယ် ၊ အယုံလွယ်တယ် ၊သူစိတ်ထဲမှာ ခေါင်းဆောင်လို့ထင်ထားတဲ့သူက မြောက်ပေးလျှင် အကုန်လုပ်တယ်၊ မစားရ၀ခမန်းပြက်လုံးများ ကို အလွန်ကြိုက်သည်။ကျွန်တော်ကိုယ်တိုင်လည်းပါပါတယ်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ဒေါက်တာမောင်မောင်ရဲ့ “ကျွန်တော်တို့ တတွေ ဒီမိုကရေစီ ကို အတူတူပျော်ပျော်ပါးပါး အုတ်မြစ်ချရအောင်”ဆိုတဲ့ စကားကို ပျက်ရယ်ပြုပြီး ကမ်းလာတဲ့ လက်ကို ခပ်ကြမ်းကြမ်းပုတ်ထုတ်ပြစ်ခဲ့ပါသည်။အောင်ပွဲကလက်တစ်ကမ်းမှာ ရောက်နေပြီ…အခွင့်အရေးဟာတိုက်ယူ
မှ ရမည် ဆိုတဲ့ လက်ဝဲယိမ်း မုသာဝါဒတွေကို ယုံကြည်ပြီး “ငါသည် ဒီမိုကရေစီ မရမခြင်း ဤနေရာမှ မထတော့ပြီ”လို့ကြွေးကြော်၍ မန်းတလေး လမ်း ၈၀ ဆက်သွယ်ရေးရုံးကြီး ရှေ့မှာ ခိုင်မာသော သံဓိဌာန်ဖြင့် ရဲရဲတောက် အစာအငတ်ခံ ဆန္ဒပြခဲ့ဖူးပါသည်။နောက်ဆုံးတော့ နာရီစင်ဘက်က မိုးပေါ်ထောင်ဖောက်လိုက်တဲ့ သေနတ်သံ သုံးလေးချက် အကြား ဖရိုဖရဲအလဲလဲအကွဲကွဲ နဲ့ အိမ်ပြန်ရောက်တဲ့အထိ တလကြမ်း မာရသွန်ပြိုင်ပွဲဝင်ခဲ့ရတာပဲ အဖတ်တင်ပါသည်။လမ်း၈၀ မှာ ကျွန်တော် ဖိနပ်တစ်ဖက်ကျကျန်ခဲ့ပါသည်။အမှန်တော့ ဖိနပ်တစ်ဖက်သက်သက်တင် မဟုတ်ပါ အတိုက်အခံခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအမြင်နည်းပါးမှုနဲ့ ကိုယ်ကျိုးအတ္တနဲ့ ပြည်သူအပေါ်
လစ်လျူရှုခဲ့မှုတွေကြောင့် ကျွန်တော်ဖိနပ်လေးတစ်ဖက်နဲ့ အတူ တိုင်းပြည်ရဲ့ အနာဂါတ်လည်း အမှောင်ဖုံး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။
ကျေးဇူးပြုပြီးကျွန်တော်ဖိနပ်လေးတစ်ဖက်ထပ်မပျောက်ပါရစေနဲ့ NLD ။
www.mmdailystar.com