Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂၀၁၅အတွက် NLD ပြင်ဆင်ထားသင့်သော အချက်သုံးချက်

$
0
0


ဒေါ်စု သမ္မတရာထူး ယှဉ်ပြိုင်ခွင့်ရဖို့ မရဖို့ အဖြေက စောင့်ရဦးမယ့်သဘော ဖြစ်ပါတယ်။ သမ္မတဖြစ်ဖို့ ပြိုင်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေNLD အနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်အလက်အချို့ ရှိနေပါတယ်။

NLD အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိနေပြီ ဖြစ်တာကြောင့် ဒေါ်စုသမ္မတဖြစ်ရင် ဘာလုပ်မယ်ဆိုတာ တစ်ခုထဲ စဉ်းစားထားလို့ မရပါဘူး။ ဒေါ်စု သမ္မတရာထူး ယှဉ်ပြိုင်ခွင့် မရခဲ့ရင်တောင်မှ ပါတီအနေနဲ့ အများစုအနိုင်ရဖို့ အလားအလာက ရှိနေတာကြောင့် ၂၀၁၅ အလွန်မှာ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့ Option တွေ ရှိနေသင့်ပါတယ်။
အဓိက ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်သုံးချက် ရှိပါတယ်။
၁။
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အစိုးရဖွဲ့နိုင်ဖို့ အခုကတည်းက သင့်တော်တဲ့သူတွေ လုံလုံလောက်လောက် ရွေးချယ်ထားသင့်ပါတယ်။ ဒီအချက်ကတော့ သိပ်ကို ထင်သာမြင်သာရှိပြီး အနိုင်ရနိုင်ခြေရှိတဲ့ ပါတီကြီးတစ်ခု အနေနဲ့ စဉ်းစားသင့်သလောက် စဉ်းစားပြီးဖြစ်မှာပါ။ ဒါပေမဲ့ ဒီနေရာမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်တာက အစိုးရအဖွဲ့ကို ပါတီဝင်တွေချည်းပဲနဲ့ ဖွဲ့စည်းမလား၊ ပါတီဝင်မဟုတ်တဲ့ အပြင်က သင့်တော်သူတချို့ကို ထည့်စဉ်း စားမလား၊ ဒါမှမဟုတ် ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ် တည်ငြိမ် ခိုင်မာရေးအတွက် ပြည်ခိုင်ဖြိုးပါတီဝင် တချို့ သို့မဟုတ် အငြိမ်းစား ယူထားပြီးသား စီနီယာတပ်မတော်ခေါင်းဆောင် တချို့ကို ထည့်သွင်းစဉ်းစားမလား ဆိုတာပါပဲ။ ဘယ်နည်းလမ်းကိုပဲ ရွေးသည်ဖြစ်စေ အခုကတည်းက အခိုင်အမာ စဉ်းစားဆုံးဖြတ် ထားသင့်ပါတယ်။ ဒီမိုကရေစီ ပီပြင်ရေးနဲ့ ခိုင်မာရေးကို အထောက်အပံ့ဖြစ်စေမယ့် ဆုံးဖြတ်ချက်များ ဖြစ်သင့်ပါတယ်။
၂။
ဒေါ်စုသာ သမ္မတရာထူး ထမ်းဆောင်ခွင့်ရရင် ပါတီအနေနဲ့ ဘာတွေလုပ်မလဲ ဆိုတာလည်း ထည့်သွင်းစဉ်းစားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ပါတီ ဆက်လက်တိုးတက် ကောင်းမွန်စွာ ရပ်တည်ရေးအတွက် ဒေါ်စု သမ္မတတာဝန် ထမ်းဆောင်စဉ်ကာလနဲ့ ဒေါ်စု နိုင်ငံရေးလောကမှ အနားယူပြီး ကာလမှာ ပါတီကို ကောင်းစွာထိန်းကျောင်း မောင်းနှင်နိုင်မယ့် ပါတီဥက္ကဋ္ဌလောင်း တစ်ယောက်လည်း ရွေးချယ်ထားသင့်ပါတယ်။


NLD မှာ Capacity အားနည်းတယ်လို့ အမြဲ ပြောကြဆိုကြပါတယ်။ အမှန်က ပါတီတော်တော် များများမှာ အားနည်းတာ ဖြစ်ပါတယ်။ NLD ကိုမှ ဘာကြောင့် ပြောရသလဲ ဆိုတော့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရမယ့် ပါတီဖြစ်ပြီး အဲဒီလို ဦးဆောင် တဲ့အချိန်မှာ တိုင်းပြည်တိုးတက်အောင် ကောင်းကောင်းထိန်းကျောင်း မောင်းနှင်နိုင်တဲ့ ပါတီ ဖြစ်စေလိုတဲ့ စေတနာနဲ့ ပြောကြဆိုကြတာ ဖြစ်ပါတယ်။
per_2015atnldps_PT 
ဒါ့အပြင် ဒေါ်စုလည်း မလုပ်တော့ရော ပါတီလည်းပျက်ရော ဆိုတာမျိုးကို တကယ် တိုင်းပြည်ကောင်းစေချင်တဲ့သူ ဘယ်သူကမှ မဖြစ်စေချင်ပါဘူး။ ပါတီရဲ့ အကောင်းအဆိုးက တိုင်းပြည်နဲ့လူထုအပေါ် ရိုက်ခတ်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုထောက်ပြ ပြောဆိုတာတွေဟာ ပါတီကို တိုက်ခိုက်တာပဲလို့ မယူဆစေချင်ပါဘူး။ အရေးမပါတဲ့ ပါတီဆိုရင် ဘယ်သူကမှ အရေးတယူ ပြောဆိုနေကြမှာ မဟုတ်ပါဘူး။
အရေးပါမှန်းသိလို့ အလေးထားလို့သာ စေတနာအလျောက် ထောက်ပြ ဝေဖန်နေကြခြင်း ဖြစ်တယ်ဆိုတာ လက်ခံဖို့လိုပါတယ်။ ပါတီ ခေါင်းဆောင်များ မွေးထုတ်ဖို့ အခြေအနေ အချိန်အခါအရ အရင်ကထက် အရေးတကြီး လိုအပ်နေပါပြီ။
၃။
ဒေါ်စုအတွက် အဟန့်အတားဖြစ်နေတဲ့ အခြေခံဥပဒေထဲက အချက်အလက်များကို အချိန်မီ ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကာလကို ရောက်သွားမယ်ဆိုရင်၊ ပြီးတော့ အဲဒီရွေးကောက်ပွဲမှာ NLD ပါတီမှ သမ္မတလောင်းတစ်ယောက် အနိုင်ရလောက်အောင် မဲအပြတ် အသတ်နိုင်ခဲ့ရင် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆက်လုပ်လို့ရအောင်လည်း အခုကတည်းက စဉ်းစား ဆုံးဖြတ်ထားသင့်ပါတယ်။
တစ်နည်းအားဖြင့် ဒေါ်စုအပြင် နောက်ထပ် သမ္မတလောင်း တစ်ယောက်ကိုလည်း ကြိုတင် စဉ်းစားရွေးချယ်ထားဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာလည်း အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ် တည်ငြိမ်ခိုင်မာရေး တို့ကို အာမခံချက် ပေးနိုင်မယ့် ရွေးချယ်မှုမျိုး ဖြစ်ဖို့ဆိုရင် အခုကတည်းက ကြိုတင်ပြင်ဆင် ထားမှ စိတ်ချလို့ရနိုင်မယ် ဖြစ်ပါတယ်။
ဒေါ်စုအတွက် အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ဆိုတာကလည်း ဖြစ်နိုင်ခြေတစ်ခု ဖြစ်လာပါပြီ။ အတိုက်အခံနဲ့ အစိုးရတို့အကြား အတိုင်းအတာတစ်ခု အထိ တိုးတက်ကောင်းမွန်လာတဲ့ အခြေအနေက ဒီဖြစ်နိုင်ခြေကို ကောင်းစွာ အထောက်အပံ့ ပြုပါတယ်။ ဒေါ်စုကိုယ်တိုင် ကလည်း နိုင်ငံရေးအရ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို လုံးလုံးရောက်ရှိနေပြီ ဖြစ်ပါတယ်။ အတိုက်အခံနဲ့ အစိုးရတို့ရဲ့ အနေအထားကလည်း အရင် ၂ နှစ်ခွဲကာလ လောက်ကနဲ့ နှိုင်းယှဉ်လိုက်ရင် ပြောင်းပြန်ဖြစ်နေပြီ လို့တောင် ပြောနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ အစိုးရအကြား တိုးတက်ဖြစ်ထွန်းလာမှု တွေကလည်း ဒေါ်စု သမ္မတရာထူး ရယူဖို့အတွက် အထောက်အပံ့ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်လမ်းသွား စဉ်းစားထားမယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက မျှော်လင့်ထားသလို ဖြစ်မလာ တဲ့အခါမှာ လုပ်ရကိုင်ရ ခက်သွားမယ့်အပြင် တည်ဆောက်ထားပြီးသား အခြေအနေကောင်း များကို ထိခိုက်စေနိုင်တာမို့ ရွေးချယ်စရာ နည်းလမ်းများဟာ မဖြစ်မနေ လိုအပ်ပါတယ်။
ဒီအတောအတွင်း NLD ပါတီအနေနဲ့ တပ်မတော်နဲ့ ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်း ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့် ပါတယ်။ အကြောင်းကတော့ နိုင်ငံရေးအရ တပ်မတော်ရဲ့ သဘောထားနဲ့ အဆုံးအဖြတ်များဟာ အရေးပါတဲ့နေရာမှာ ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ဆိုတာ တပ်နဲ့ဆက်ဆံရေး ကောင်းမွန်ဖို့လောက် အရေးမကြီးလှပါဘူး။ တပ်နဲ့ ပြည်ခိုင်ဖြိုး ဆက်နွှယ်မှုဟာ တစ်စတစ်စ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးဟာ နိုင်ငံရေးပါတီတစ်ခု သာဖြစ်ပြီး တပ်မတော်ဆိုတာက ပါတီတစ်ခုနဲ့ အနှစ်သာရချင်း မတူပါဘူး။ ဦးတည်ချက်ချင်းလည်း မတူပါဘူး။ (မဆလ တစ်ဖြစ်လဲ တစည ပါတီနဲ့ တပ်ရဲ့ လက်ရှိအနေအထားကိုကြည့်ပါ။ ရေရှည်မှာ တပ်က ပါတီအားလုံးနဲ့ သီးခြားရပ်တည်မှာ ဖြစ်ပါတယ်။)
လောလောဆယ်မှာ NLD နဲ့ တပ် နားလည်မှု၊ ယုံကြည်မှုကို ပိုမို တိုးတက်အောင် မြန်မြန် တည်ဆောက်နိုင်လေ အားလုံး အကျိုးဖြစ်ထွန်းလေ ဖြစ်မှာဖြစ်ပါတယ်။
သမ္မတရာထူးအတွက် လွှတ်တော်များမှ အဆုံးအဖြတ်ပေးရာမှာ တပ်ရဲ့ သဘောထားကလည်း အရေးပါတဲ့အပြင် ၂၀၁၅ အလွန် လွှတ်တော်များမှာ အများစုအနိုင်ရခဲ့ရင် NLD အမတ်များအနေနဲ့ တပ်မတော်သား အမတ်များနဲ့ တစ်နည်းအားဖြင့် တပ်မတော်နဲ့ မဖြစ်မနေ တွဲလုပ်ရမှာ ဖြစ်လေတော့ အတိုက်အခံနဲ့ တပ်မတော်တို့ ပိုမိုနီးကပ်လေ တိုင်းပြည်အနာဂတ် အတွက် စိတ်ချရလေ ဖြစ်မှာမို့ NLD ပါတီအနေနဲ့ ဒီကိစ္စကို (ယုံကြည်မှု အပြည့်အဝ တည်ဆောက်နိုင်ရေးကို) အစွမ်းကုန်အရှိန်မြှင့် ဆောင်ရွက်သင့်ပြီလို့ ယူဆပါတယ်။
တိုင်းရင်းသားပါတီများနဲ့ NLD ကြားမှာရှိတဲ့ နားလည်မှုကိုလည်း ပိုမိုခိုင်မာတိုးတက်အောင် ဂရုတစိုက် ဆောင်ရွက်သင့်ပါတယ်။ တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များ ဟာလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ၂၀၁၅ မှာ အများကြီးပိုမို အနိုင်ရမယ့် အနေအထားမှာရှိပါတယ်။ သမ္မတ ရာထူးအတွက် ထောက်ခံပေးဖို့ဆိုရင် တိုင်းရင်းသားအခွင့်အရေးများ အတွက် အာမခံချက်ကောင်းကောင်း ပေးနိုင်မယ့် သမ္မတလောင်းကို သူတို့က သေချာပေါက် ထောက်ခံကြမယ် ဆိုတဲ့ အချက်ကိုလည်း နိုင်ငံရေး ပါတီတိုင်း သိရှိထားသင့်ပါတယ်။
NLD ဟာ ၂၀၁၅ မှာ အစိုးရဖွဲ့နိုင်ဖို့ အလားအလာများ ရှိနေပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ အမြဲတမ်း တပ်ဦးမှာရှိနေတဲ့ ပါတီလည်း ဖြစ်ပါတယ်။ အခုလက်ရှိ ဒီမိုကရေစီ တည်ဆောက်ခွင့်ရပြီဖြစ်တဲ့ ကာလမှာလည်း လူထုထောက်ခံမှု အများဆုံးရတဲ့ပါတီ အဖြစ် ဆက်လက်ရပ်တည်နေဆဲလည်း ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ခဲရာခဲဆစ် ဘာမှမလုပ်ရဘဲ အနိုင်ရဖို့ များနေပါတယ်။
ဒီတော့ NLD ရဲ့ မူဝါဒများ၊ ဆုံးဖြတ်ချက်များဟာ တိုင်းပြည်ကံကြမ္မာနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ပါတီရဲ့ ကောင်းကျိုးဟာ တိုင်းပြည်နဲ့ လူထုကောင်းကျိုး ဖြစ်စေဖို့ ကြိုတင်ပြင်ဆင်သင့်တဲ့ အရေးပါသော အကြောင်းအချက်များကို ရေးသား တင်ပြရခြင်း ဖြစ်ပါကြောင်း။ ။

ပိုက်တင်
From: the voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...