မြန်မာ့ပညာရေး အိုင်တီနည်းပညာ အကူအညီပေးရေးကို မိုက်ခရိုဆော့ဖ်က ဇူလိုင်လတွင် စတင်လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် Knowledge Centricity မှ သိရသည်။ ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့်ပညာ နှစ်ပိုင်းခွဲ လုပ်ဆောင်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချို့နှင့် တွေ့ဆုံပြီးဖြစ်သည်ဟု Knowledge Centricity ၏ စီအီးအို ဒေါက်တာထွန်းသူရသက်က ပြောသည်။
အခြေခံပညာရေးအဆင့်တွင် အိုင်တီနည်းပညာ တွင်ကျယ်စွာ အသုံးချလာစေရန်အတွက် ဆရာ၊ ဆရာမများကို ဦးစားပေး သင်ကြားမှု စတင်မည်ဖြစ်ပြီး ယင်းအတွက် ဝန်ကြီးဌာနနှင့်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။ ဆရာ၊ ဆရာမများကို သင်ကြားရာတွင် ကျောင်းပိတ်ရက် ရက်တိုသင်တန်းပုံစံအဖြစ် သင်ကြားခြင်းမျိုး မဟုတ်ဘဲ ရေရှည်သင်ကြားမှု ပုံစံဖြင့်သွားရန် မိုက်ခရိုဆော့ဖ်က ရည်ရွယ်ထားကြောင်း သိရသည်။
လက်ရှိတွင် မိုက်ခရိုဆော့ဖ်က အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို လေ့လာနေပြီး ဆော့ဖ်ဝဲပိုင်းအတွက်ကိုမူ မိုက်ခရိုဆော့ဖ်မှ တာဝန်ယူမည်ဖြစ်ကာ စက်ပစ္စည်းနှင့် သင်ကြားရေး လိုအပ်ချက်များအတွက် မိုက်ခရိုဆော့ဖ်နှင့် ၄င်း၏မိတ်ဖက်ကုမ္ပဏီများ ပူးတွဲလုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်ပညာရေး အဆင့်တွင် ကျောင်းသားများ စာသင်နှစ် ပြီးဆုံးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက် ဝင်ရောက်ရန်အတွက် အထောက်အကူပြု သင်တန်းအချို့ ထည့်သွင်းသင်ကြားမည်ဖြစ်ပြီး မိုက်ခရိုဆော့ဖ်မှ ၄င်း၏ အသုံးဝင် ဆော့ဖ်ဝဲအချို့အား ယင်းသင်တန်းတွင် သင်ကြားရန် အခမဲ့ ထည့်သွင်းပေးသွားမည်ဟု မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ Myanmar Information Technology (MIT) မှ သိရသည်။
မိုက်ခရိုဆော့ဖ်မှာ အမေရိကန်အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ပြည်တွင်းပညာရေး ကဏ္ဍပိုင်းအတွက် ၄င်း၏ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.mmdailystar.com