နိုင်ဂျီးယား နိုင်ငံတွင် အစ္စလာမ်မစ် နိုင်ငံတည်ထောင်ရေး အတွက် ပါဝင် တိုက်ပွဲဆင်နွှဲရန် အာဖဂန်၊ ပါကစ္စတန် နိုင်ငံရှိ အစ္စလာမ်မစ်များကို ပြီးခဲ့သည့် ရက်သတ္တပတ်က တောင်းဆိုခဲ့သူ ဘိုကိုဟာရမ် အဖွဲ့ခေါင်းဆောင် အဘူဘာ ကာရှီကူအား ဖမ်းဆီးရန် ခြေရာခံနိုင်သူအား အမြင့်ဆုံးဆုငွေ အမေရိကန် ဒေါ်လာ ခုနစ်သန်း ချီးမြှင့်မည်ဟု ကမ်းလှမ်းထားသည်။
တရားရေးရာ အစီအစဉ် အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဆုငွေ ချီးမြှင့်မှုသည် အနောက် အာဖရိကရှိ အယ်လ်ကိုင်ဒါအဖွဲ့ (AQIM) ပစ်မှတ်ထား လုပ်ဆောင်နေပြီး အနောက် အာဖရိကတွင် အလိုရှိနေသော စစ်သွေးကြွများ အတွက် ဆုငွေကို ပထမဆုံး ဦးစားပေး ကမ်းလှမ်းလျက် ရှိကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလက အယ်လ်ဂျီရီးယား သဘာဝ ဓာတ်ငွေ့ စက်ရုံ တိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သော အယ်လ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင် မွတ်တာ ဘယ်လ်မွတ်တာကို ခြေရာခံနိုင်သူ အတွက် အမေရိကန် ဒေါ်လာငါးသန်း ချီးမြှင့်မည်ဟု ကြေညာထားကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် အမေရိကန် နိုင်ငံသားသုံးဦး အပါအဝင် နိုင်ငံခြားသား ၃၇ ဦး သေဆုံးခဲ့သည်။ ထို့အပြင် နိုင်ဂျာနိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ်က ဖြစ်ပွားခဲ့သော ပြင်သစ်ဓားစာခံ တစ်ဦးကို သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ AQIM အဖွဲ့ထိပ်တန်း ခေါင်းဆောင် ယာယာ အဘူအယ်လ်ဟမ် မန်အတွက်ဆုငွေ အမေရိကန် ဒေါ်လာ ငါးသန်း ထုတ်ပြန်ထားသည်။
ဆုငွေချီးမြှင့်မည့် အစီအစဉ်တွင် AQIM ထိပ်တန်း တိုက်ခိုက်ရေး သမား မာလစ်ခ် ဘတူအက်ဒီလ်ကာရမ်၊ အနောက် အာဖရိကရှိ Jihad နှင့် Oneness မာလီ လှုပ်ရှားမှုအဖွဲ့ (MUJAO) မှ ပြောရေးဆိုခွင့်ရှိသူ အူမာအိုလစ်ဒ်ဟာ မာဟာတို့လည်း ပါဝင်ပြီး ၎င်းတို့ တစ်ဦးချင်းစီ၏ သတင်းများကို ပေးနိုင်သူ အတွက် အမေရိကန် ဒေါ်လာသုံးသန်းစီ ချီးမြှင့်သွားမည် ဖြစ်သည်။
AQIM အဖွဲ့သည် မြောက်နှင့်အနောက် အာဖရိကတွင် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်လျက် ရှိပြီး ယခုအခါ ကမ္ဘာပေါ်တွင် ပြန်ပေး ဆွဲမှုများကို လုပ်ဆောင်နေသော အဖွဲ့များအနက် တစ်ဖွဲ့ အပါအဝင် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော် လိုသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
www.mmdailystar.com