သေဒဏ်မှ လွတ်ငြိမ်းခွင့်ရသည့် အဆိုပါ ၇ ဦးမှာ သံဃာတပါးအား သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။ ၎င်းတို့အား လူသတ်မှု၊ သတ်ဖြတ်ရန် သွေးထိုးလှုံ့ဆော်မှုနှင့် အများပိုင် အဆောက်အဦများအား မီးရှို့မှုနှင့် ဖျက်ဆီးမှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း တရားသူကြီး ဦးရဲအောင်မြင့် အား ကိုးကား၍ AFP သတင်းတရပ်တွင် ရေးသားထားသည်။
စီရင်ချက်ကို ကြားနာပြီးနောက် မိသားစုဝင်များမှာ မျက်ရည်များဖြင့် စိတ်မတင်းနိုင် ဖြစ်ကြရသည်ဟု ၎င်းတို့၏ရှေ့နေ ဦးသိန်းသိန်းဦး က ပြောဆိုသည်။
အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မိထ္ထီလာမြို့ ရွှေဆိုင်တခုမှ စတင်လိုက်သော ဘာသာနှစ်ခုအကြား အကြမ်းဖက်မှုများကြောင့် လူ ၄၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။
ရွှေဆိုင်ပိုင်ရှင် အပါအဝင် သုံးဦးကိုမူ ဈေးဝယ်သူအား ရိုက်နှက်မှုဖြင့် ဧပြီလ အတွင်းကပင် ထောင် ၁၄ နှစ်စီ ချမှတ်လိုက်ပြီး ဖြစ်သည်။
ဦးရဲအောင်မြင့် အဆိုအရ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ မိထ္ထီလာ ဒေသမှ လူ ၈၇ ဦး ဖမ်းဆီးထားကြောင်း AFP သတင်းတွင် ပါရှိသည်။
ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်ဘာသာဝင်များအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ စ ၍ မိထ္ထီလာမြို့အား ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာတွင် မေလ ၂၀ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့် မည်ဖြစ်၍ အခြေခံဥပဒေ ပုဒ်မ ၂၁၂ (ခ)အရ ထပ်မံ သက်တမ်းတိုး ရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ က အတည်ပြုချက် ရယူထားသည်။
www.mmdailystar.com